မြွေမင်းသမီး မရွှေလဲ့
ရန်ကုန်မြို့ တိုက်ကြိုတိုက်ကြားက နေအိမ်တွေထဲ မြွေတွေ့ရင် လိုက်ဖမ်းပေးနေတဲ့ မေတ္တာလူမှုကူညီရေး အသင်းတစ်ဖွဲ့ရှိပါတယ်။ အဲဒီအဖွဲ့ကို အမျိုးသမီးတစ်ဦးက ဦးဆောင်တာဖြစ်ပါတယ်။
-
စောဖိုးခွား (ဝါရှင်တန် ဒီစီ)
2023-05-07 -
-
-
ရန်ကုန်မြို့ တိုက်ကြိုတိုက်ကြားက နေအိမ်တွေထဲ မြွေတွေ့ရင် လိုက်ဖမ်းပေးနေတဲ့ မေတ္တာလူမှုကူညီရေး အသင်းတစ်ဖွဲ့ရှိပါတယ်။ အဲဒီအဖွဲ့ကို အမျိုးသမီးတစ်ဦးက ဦးဆောင်တာဖြစ်ပါတယ်။
မနက်အရုဏ်တက် လေးနာရီလောက်ကတည်းက ဒီလူမှုကူညီရေး အသင်းသားတွေဟာ မြွေတွေနဲ့ လုံးပန်းနေကြပါပြီ။
ရန်ကုန်မြို့ ဘုန်းကြီးကျောင်းတစ်ကျောင်းက မြွေအကောင်သုံးဆယ်လောက်ကိုဖမ်းပြီး ဆန်အိတ်ကြီးကြီးတွေထဲမှာထည့် တောအုပ်တွေထဲ ပြန်လွှတ်ဖို့ ပြင်ဆင်နေတာပါ။
"ကြွက်တွေနောက် လိုက်ရင်းနဲ့ အိမ်တွေထဲ ဝင်ရောက်တော့ မြွေတွေ့တာ များလာတယ်"
သူတို့အဖွဲ့ကို ရွှေမေတ္တာ လူမှုကူညီရေးအသင်းလို့ အမည်ပေးထားပြီးတော့ အဲဒီအဖွဲ့ရဲ့ ဥက္ကဋ္ဌ အသက် ၃၄ နှစ်အရွယ် မရွှေလဲ့ကိုတော့ မြွေဖမ်းကျွမ်းကျင်လို့ မြွေမင်းသမီး လို့တောင် ခေါ်ကြပါတယ်။
"မြွေတွေ့တာနဲ့ လူတွေက အန္တရာယ်ရှိတယ်၊ အဆိပ်ရှိတယ် ကိုက်မယ်လို့ထင်ပြီး သတ်ပစ်ကြတာ စိတ်မလုံမခြုံတွေဖြစ်တာ နားလည်မှုလွဲတာပေါ့။ အဲဒါတွေကြောင့် ကျမတို့ ဖမ်းပေးဖို့လိုအပ်တယ်"
သူတို့အဖွဲ့ဟာ ရန်ကုန်မြို့ပေါ်က တိုက်ခန်းတွေ၊ လူနေအိမ်တန်းတွေကနေ မြွေတွေ လိုက်ဖမ်းပေးနေတာ ဖြစ်ပါတယ်။ ဖမ်းလို့ရတဲ့ မြွေတွေကို သတ်ပစ်လိုက်တာတော့ မဟုတ်ပါဘူး။
အဲဒီမြွေတွေကို ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ လှောင်အိမ်နဲ့ ခဏထားပြီး အကောင်သုံးဆယ်လောက် ပြည့်ပြီဆိုရင်တော့ အိတ်တွေနဲ့ထည့် ကားနဲ့သယ်ပြီး ပဲခူးရိုးမထဲကို ပြန်လွှတ်ပေးတာပါ။ တစ်လတစ်ခါလောက် ဒီလိုလုပ်ရပါတယ်။
"သဘာဝထဲမှာရှိသင့်တဲ့ အကောင်တွေက သဘာဝထဲပြန်ရောက်သွားတယ်။ အများပြည်သူလည်း စိတ်လုံခြုံမှုရှိတယ်။ သူတို့လည်း သဘာဝအတိုင်း ပြန်ရှင်သန်တဲ့အတွက် မြွေရော၊ လူရော အကျိုးရှိတယ်။ ဂေဟစနစ်အတွက်လည်း ကောင်းတယ်"
လူ ၁၂ ယောက်လောက်ပါတဲ့ သူတို့အဖွဲ့ဟာ အလှူငွေနဲ့ပဲ ရပ်တည်ကြတာပါ။ ကိုယ့်အိမ်မှာ မြွေတွေ့လို့ ဖမ်းချင်တဲ့သူတွေက သူတို့အဖွဲ့ကို ဆက်သွယ်လာရင် သွားဖမ်းပေးတယ်လို့ ဆိုပါတယ်။ နှစ်ရက်သုံးရက် အချိန်ယူပြီး ဖမ်းရတာတွေလည်းရှိပါတယ်။ စပါးကြီး၊ စပါးအုန်းတွေသာမက လူသေစေနိုင်လောက်တဲ့အထိ အဆိပ်ပြင်းတဲ့ မြွေဟောက်တွေ ပါမကျန် ဒီအဖွဲ့က ဖမ်းပေးနေပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ်တည်းမှာတင် ရန်ကုန်မြို့တိုက်ခန်းတွေကနေ မြွေအကောင်ပေါင်း ၂ဝဝ လောက် ဖမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လူနေထူထပ်တဲ့ ရန်ကုန်မှာ မြွေတွေ့နှုန်းက တိုးတိုးလာနေဆဲပါပဲ။
"တစ်နှစ် ၂ နှစ်အတွင်းမှာ မြွေထွက်တဲ့နှုန်းတွေက သိသိသာသာ များလာတယ်။ မြို့ပြအိမ်ယာဆောက်တာတွေ များလာတယ်။ လူတွေကနေ အဆောက်အအုံ ကြီးကြီးမားမား ဆောက်လာတော့ စားကျက်တွေရှားလာပြီး၊ ကြွက်တွေနောက် လိုက်ရင်းနဲ့ အိမ်တွေထဲ ဝင်ရောက်တော့ မြွေတွေ့တာ များလာတယ်"
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြုစုထားတဲ့ ကိန်းဂဏန်းတွေအရ ၂ဝ၁၄ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ မြွေကိုက်ခံရတဲ့ လူပေါင်း ၁၅ဝဝဝ ကျော်ရှိပါတယ်။ အဲဒီထဲမှာ လူပေါင်း ၁၃ဝဝ သေဆုံးခဲ့ရပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတာ၊ မြွေအဆိပ်ဖြေဆေး မရနိုင်တာကြောင့် မြွေကိုက်ခံရလို့ သေဆုံးတဲ့သူဟာ တခြားနိုင်ငံတွေထက်များတယ်လို့ ဆိုပါတယ်။
အခုလက်ရှိမှာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေ တောတောင်တွေထဲ ထွက်ပြေးရရင်း မြွေကိုက်ခံရလို့ သေဆုံးတာတွေရှိနေပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တစ်ခုတည်းမှာ ပြီးခဲ့တဲ့ တစ်နှစ်ကျော်အတွင်း မြွေကိုက်ခံရသူ ၆၁ ဦးအထိရှိပြီး အဲဒီအထဲမှာ ခြောက်ဦး သေဆုံးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီလမြွေတွေနဲ့ ဖက်လှဲတကင်းနေပြီး ကျွမ်းကျွမ်းကျင်ကျင် ဖမ်းဆီးနိုင်တာကြောင့် မရွှေလဲ့ဟာ တစ်ခါမှ မြွေကိုက်ခံရတာ မရှိသေးပါဘူး။
"ခဏလောက် လမ်းမှားပြီး၊ ကြွက်နောက်လိုက်ရင်း ဘုရားနားရောက် အိမ်တွေနား ရောက်ရာကနေ ဘာကြောင့် တစ်သက်တစ်ကျွန်းကျသလို လှောင်အိမ်တွေထဲမှာပဲ နေရမှာလဲ ... လူတွေဆိုရင်ရော ကြိုက်လား။ ကျမတို့ ကိုယ်ချင်းစာဖို့လိုတယ်။ သဘာဝအတိုင်းပဲ ကျမတို့ နေ့စဉ်လှုပ်ရှားနေသလို၊ သူတို့လည်း လှုပ်ရှားသွားလာ ချင်တာပေါ့။ သူတို့ သဘာဝအတိုင်းသာထားရင် ၃၁ ဘုံ အကုန်အေးချမ်းတာပေါ့"