ထောက်ပို့လုပ်နေတဲ့ သင်္ဘောသားတစ်ယောက်
သင်္ဘောသားဘဝမှာ နှစ်ချီလုပ်ကိုင်ခဲ့တဲ့ ကိုရဲ ဆိုတဲ့လူငယ်တစ်ယောက်ဟာ စစ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းမှာ ထိုင်းမှာ ရရာအလုပ်လုပ်ရင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ထောက်ပို့အနေနဲ့ ရှိနေပါတယ်။
-
RFA Burmese
2024-08-13 -
-
-
သင်္ဘောသားဘဝမှာ နှစ်ချီလုပ်ကိုင်ခဲ့တဲ့ ကိုရဲ ဆိုတဲ့လူငယ်တစ်ယောက်ဟာ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းမှာ ဘဝအလှည့်အပြောင်းတွေဖြစ်ခဲ့ပြီး လက်ရှိ ထိုင်းနိုင်ငံမှာ ရရာအလုပ်လုပ်ရင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ထောက်ပို့အနေနဲ့ ရှိနေပါတယ်။
“တော်လှန်ရေးကြီးသာ ပြီးသွားပြီဆိုရင် ကျွန်တော့်အိမ်ကို ကျွန်တော် ပြန်ချင်တယ်။ ကျွန်တော် နှစ်သက်တဲ့ သင်္ဘောသားဘဝထဲကို ပြန်သွားချင်တယ်။ တစ်နေ့မှာတော့ အိမ်ကို ပြန်ကိုပြန်နိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက် ခိုင်ခိုင်မာမာ နှလုံးသားထဲမှာ ရှိနေပါတယ်”
စစ်တပ်အာဏာမသိမ်းခင်က နိုင်ငံခြားသင်္ဘောသားအလုပ်ကို ခုနစ်နှစ်လုပ်ခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် ကိုရဲဆိုတဲ့ လူငယ်တစ်ယောက်ပါ။ သူက သင်္ဘောပြန်တက်ဖို့ ရန်ကုန်မှာစောင့်နေတဲ့အချိန်မှာ အာဏာသိမ်းတာနဲ့ ကြုံရပြီး ဆန္ဒပြတဲ့သူတွေ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါတဲ့သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ထောက်ပံ့ဖို့ အဖွဲ့အစည်းလေးတစ်ခု လျှို့ဝှက် ဖွဲ့လိုက်ပါတော့တယ်။
“တော်လှန်ရေးကြီးသာ ပြီးသွားပြီဆိုရင် ကျွန်တော့်အိမ်ကို ကျွန်တော် ပြန်ချင်တယ်။ ကျွန်တော် နှစ်သက်တဲ့ သင်္ဘောသားဘဝထဲကို ပြန်သွားချင်တယ်"
စစ်ကောင်စီကလည်း ငွေကြေးထောက်ပံ့တဲ့သူတွေရဲ့ ဘဏ်စာရင်းတွေကို စစ်ဆေးတာ၊ ပိတ်တာတွေ လုပ်လာပါတယ်။ ဒါကြောင့် ကိုရဲတစ်ယောက် သင်္ဘောပေါ်ပြန်တက်ခဲ့ပေမဲ့ တစ်နှစ်လောက်အကြာမှာ နိုင်ငံထဲကို ပြန်ရမဲ့အချိန် ကျလာပါတယ်။
သင်္ဘောပေါ်မှာအလုပ်လုပ်နေတုန်းကလည်း ငွေကြေးထောက်ပံ့တာတွေ ဆက်လုပ်ခဲ့လို့၊ သူဟာ မြန်မာပြည်ကို ပြန်မဝင်ရဲတာကြောင့် ထိုင်းနိုင်ငံမှာ ခဏနေဖို့ စီစဉ်လိုက်ပါတယ်။
“ထိုင်းရောက်သွားရင် အဆင်ပြေသွားမယ်လို့ ထင်ခဲ့တယ်ပေါ့။ ဒါပေမဲ့ အမှန်အတိုင်းပြောရရင်တော့ လမ်းတွေပျောက်လာတယ်ပေါ့။ ဗီဇာသက်တမ်းတိုးဖို့ လက်ထဲငွေမရှိတဲ့အခါကျရင် over stay ဖြစ်သွားရင် အဖမ်းခံရပြီးတော့ ပြန်ပို့မှာလားတွေ စဉ်းစားခဲ့မိတယ်။ ညတွေလည်း ကျွန်တော် အိပ်မပျော်ဘူးပေါ့နော် အတွေးတွေ အရမ်းများနေတဲ့အတွက်”
ထိုင်းကို ရောက်ကာစကတော့ ဘန်ကောက်မြို့မှာ နေခဲ့ပေမဲ့ နေထိုင်စားစရိတ်ကြီးလွန်းလို့ ချင်းမိုင်မြို့ကို ပြောင်းလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့စားဝတ်နေရေးအတွက်ရော၊ ထောက်ပံ့နိုင်ရေးအတွက်ပါ အဝတ်အဟောင်းတွေရောင်းတဲ့ ဘေထုပ်ဆိုင်တစ်ဆိုင်မှာ တစ်လကို ဘတ်တစ်သောင်းခွဲလောက်ရတဲ့ နေ့စားအလုပ်ရပြီး ဝင်လုပ်နေပါတယ်။
ကိုရဲဟာ တစ်ပတ်ရစ် အဝတ်တွေကို လျှော်ပြီး ခြောက်ရင် မီးပူတိုက်တာ၊ အတိုင်းယူရတာတွေ လုပ်ရတဲ့အပြင် ဆိုင်မှာလိုအပ်ရင် လိုအပ်သလို လက်သမားအလုပ်လည်း လုပ်ရပါတယ်။
ဒါကြောင့် သူ နှစ်နဲ့ချီပြီး အသားကျခဲ့တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်နဲ့ အခုအလုပ်က တခြားစီ ဖြစ်နေပါတယ်။
ထိုင်းနိုင်ငံကနေ သင်္ဘောပေါ်ပြန်တက်နိုင်ဖို့ ကြိုးစားပေမဲ့ သူ့ရဲ့ သင်္ဘောသားကတ် သက်တမ်းကုန်ခါနီးလို့ ကုမ္ပဏီတွေက မခေါ်တော့သလို သက်တမ်းပြန်တိုးဖို့အတွက် မြန်မာပြည်ထဲ ပြန်ဝင်ဖို့ ဆိုတာလည်း မလုံခြုံဘူးလို့ သူက ခံစားရပါတယ်။
“သင်္ဘောသားဘဝကို စွန့်လွှတ်လိုက်တဲ့ ပုံစံမျိုးပေါ့။ သင်္ဘောလိုက်လို့မရလည်း မလိုက်တော့ဘူး။ ဒီမှာ ရှိတဲ့အလုပ် ကြုံတဲ့အလုပ်ကို လုပ်ပြီး ဆက်ပြီးတော့ ထောက်ပို့ဘဝနဲ့ နေသွားတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ နေခဲ့တာပါ”
ဒါကြောင့် သူဟာ လစဉ်ဝင်ငွေရမဲ့ အဝတ်ဟောင်းဆိုင်မှာလုပ်ရင်း တစ်ဖက်မှာလည်း အွန်လိုင်းကနေ ထိုင်းထီတွေ ရောင်းပါတယ်။ ဒီလိုငွေရဖို့ အလုပ်လုပ်နေတာက စားသောက်ရေးဖြေရှင်းဖို့အတွက်တင် မဟုတ်ဘဲ တော်လှန်ရေးအတွက် အထောက်အကူ ဖြစ်စေချင်လို့လို့ သူက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
အာဏာသိမ်းပြီးနောက် အနာဂတ်ပျောက်ဆုံးနေတဲ့ လူငယ်များ
နိုင်ငံ့အရေး ကျရာနေရာကပါဝင်ပေးနေတဲ့ ပြည်ပရောက် မြန်မာလူငယ်များ
စစ်မှုထမ်းဥပဒေကြောင့် ဘဝအခက်ကြုံရတဲ့ လူငယ်များ
ရန်ပုံငွေအတွက် ထုတ်လုပ်ရောင်းချတဲ့ပစ္စည်းတွေလည်း သူ့ဆီမှာ စုံစုံလင်လင် ရှိနေပါတယ်။ တော်လှန်ရေး အဖွဲ့တွေကို လတိုင်း ငွေထောက်ပံ့နိုင်ဖို့ အလှူခံရတာကလည်း သူ့အတွက် စိန်ခေါ်မှုတစ်ခုပါ။
စစ်တပ်သာ အာဏာမသိမ်းခဲ့ရင် သူဟာ သင်္ဘောသားအလုပ်ကရတဲ့ ဝင်ငွေနဲ့ မိဘကိုထောက်ပံ့နိုင်သလို၊ ရာထူးတက်ဖို့အတွက် သင်တန်းတက်တာ၊ ဒါမှမဟုတ် မြေတို့၊ တိုက်ခန်းတို့ ပိုင်ဆိုင်တာမျိုး ဘဝကို ရနိုင်တဲ့ အိပ်မက်တွေနဲ့ အပြည့်ပါလို့ ပြောပြပါတယ်။ အခုအချိန်မှာတော့ သားတစ်ယောက်ရဲ့ တာဝန်ကို မကျေပွန် နိုင်တော့ဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ အဲဒီအိပ်မက်တွေကို အကုန်စွန့်လွှတ်ပြီး လူ့အဖွဲ့အစည်းကို အထောက်အကူဖြစ်မဲ့ လူတစ်ယောက်အနေနဲ့ ရှင်သန်ချင်တယ်လို့ သူက ပြောပါတယ်။
ဒါကြောင့် သူထောက်ပံ့တာကို လက်ခံထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက အားပေးစကားက သူ့အတွက် အားဆေးဖြစ်တယ်လို့ ပြောပါတယ်။
“သူတို့ရဲ့ ခက်ခဲမှုကိုတောင် မမှုဘဲနဲ့ ဝင်ငွေရှိနေသေးတဲ့ ကျွန်တော့်ကို အားပေးတာပေါ့။ ရဲဘော်တွေက ပြောပြတဲ့ အားပေးစကားတွေကြောင့် ထောက်ပို့တာဝန်ကို ဆက်ပြီး ထမ်းဆောင်သလို တော်လှန်ရေး အောင်သွားတဲ့ အထိလည်း ထောက်ပို့အဖြစ်နဲ့ ဆက်ပြီး ရှိနေမယ်လို့ ဆုံးဖြတ်ထားပါတယ်”