ဖမ်းဆီးထားတဲ့ လက္ကာရွာသားတွေကို တပ်မတော်က ရဲတပ်ဖွဲ့ထံ လွှဲပြောင်းမည်
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာက တပ်မတော်က ဖမ်းဆီးထားသူတွေကို မကြာခင် ရက်ပိုင်းမှာ ရဲတပ်ဖွဲ့ထံ လွှဲအပ်ဖို့ စီစဉ်နေကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ဒီနေ့မနက်က ပြောဆိုလိုက်ပါတယ်။
-
2019-04-26 -
-
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာကနေ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေနဲ့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌတို့ ၂ဝ၁၉ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က တွေ့ဆုံခဲ့စဉ်
Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာက တပ်မတော်က ဖမ်းဆီးထားသူတွေကို မကြာခင် ရက်ပိုင်းမှာ ရဲတပ်ဖွဲ့ထံ လွှဲအပ်ဖို့ စီစဉ်နေကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေကို ဒီနေ့မနက်က ပြောဆိုလိုက်ပါတယ်။
RFA ဝိုင်းတော်သူ မခက်မာ တင်ပြထားပါတယ်။
■ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှာ AA နဲ့ ပတ်သက်တယ်ဆိုပြီး တပ်မတော်က ဖမ်းဆီးထားသူတွေရဲ့ မိသားစုဝင်တွေဟာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းတို့နဲ့ ဒီနေ့မနက်က ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ သီးသန့်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
ဒီတွေ့ဆုံပွဲမှာ မိသားစုဝင်တွေက ဖမ်းဆီးခံထားရသူတွေနဲ့ တွေ့ဆုံခွင့်တောင်းဆိုခဲ့ကြပါတယ်။
ဒီအပေါ်မှာ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက မကြာခင်ရက်ပိုင်း ရဲတပ်ဖွဲ့ထံလွှဲအပ်ပြီး နောက်မှာမှ မိသားစုနဲ့တွေ့ခွင့်ပေးမယ်လို့ ပြောဆိုခဲ့ကြောင်း ဒီနေ့ တွေ့ဆုံရာမှာပါဝင်တဲ့ ဖမ်းဆီးခံထားရသူ ကိုနိုင်ဝင်းရဲ့ဖခင် ဦးကျန်မောင်က ပြောပါတယ်။
"သူက အခုစစ်တုန်းလို့ပြောတယ်။ စစ်ပြီးရင် ဒီတစ်ရက်နှစ်ရက်မှာ ရဲအဖွဲ့ဆီအပ်မယ်၊ အဲဒီအခါ မိသားစုတွေ လာတွေ့လို့ရတယ်။ မိသားစုတော်စပ်ရင် ဘယ်သူမဆို လာတွေ့လို့ရတယ်လို့ ကျွန်တော်တို့ကို ပြန်ပြောသွားတယ်"
လက္ကာကျေးရွာက လူ ၂၇ ဦးကို AA နဲ့ ပတ်သက်တယ်ဆိုပြီး ဧပြီလ ၁၀ ရက်နေ့က တပ်မတော်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီအထဲက လူ ၃ ဦးဟာ ဖမ်းဆီးထားစဉ်မှာပဲ သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ ကိုဇော်မျိုးထွန်းဟာ သူ့ဟာသူ နှလုံးအမောဖောက်ပြီး သေဆုံးတာဖြစ်ကြောင်း၊ ဦးသိန်းထွန်းစိန်က ကြိုးဆွဲချ သေဆုံးတာဖြစ်ကြောင်း၊ ဦးမောင်သန်းနုကတော့ မူးယစ်ဆေးဝါးမသုံးရလို့ သူ့ဟာသူသေသွားတာဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA ကိုပြောပါတယ်။
မိသားစုဝင်တွေနဲ့ ဒေသခံတွေအကြားမှာတော့ တပ်မတော်က ဖမ်းဆီးထားစဉ် သေဆုံးတဲ့ကိစ္စဟာ စစ်ကြောရေး လက်လွန်ပြီး သေဆုံးတာလို့ ယုံကြည်နေကြပါတယ်။
တပ်မတော်ဘက်က အကြောင်းပြချက်ဟာ အဖြစ်အပျက်တွေကို ဖုံးဖိလိုတဲ့သဘောနဲ့ ပြောတာလို့လည်း ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ အနောက်ပိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA ကမေးမြန်းရာမှာ အခုလို တုန့်ပြန်ပါတယ်။
"စစ်ဆေးရေးဝင်လို့ လက်လွန်ပြီးတော့ သေတယ်ဆိုတဲ့ဥစ္စာက ဘာနဲ့သက်သေ အထောက်အထားရှိလို့လဲ။ ကျွန်တော်တို့က သူတို့သေဆုံးတဲ့ဟာနဲ့ ပတ်သက်ပြီးတော့ စစ်တွေဆေးရုံကြီးမှာ ရင်ခွဲစစ်ဆေးချက်ယူတယ်လေ။ အဲဒီဆေးစစ်ချက်အပေါ်မှာ မူတည်မှာပေါ့။ အဲဒီမှာ ကျွန်တော်တို့က စစ်တွေဆေးရုံကြီးမှာ တရားဝင်တင်တယ်။ တင်ပြီးတော့မှ ရင်ခွဲစစ်ဆေးချက်ယူတယ်။ ယူပြီးတော့မှ သူတို့ကို သေမှုသေခင်းနဲ့ ဖွင့်မှာပေါ့။ အဲဒီအပေါ်မှာ ရင်ခွဲစစ်ဆေးလို့ရှိရင် ရှင်းတာပေါ့ဗျာ ဘာဘာဘာဆိုတာ။ ကျွန်တော်တို့က ဒီလိုပဲ သံသယဖြစ်မှာကြောက်လို့ ဒီလိုတရားဝင်လုပ်ကြတာ။ ဆေးစစ်ချက်မှာ ပေါ်မှာပေါ့ဗျာ"
သေဆုံးသူ ၃ ဦးရဲ့ ရုပ်အလောင်းတွေကို စစ်တွေဆေးရုံကြီးကို ပို့ဆောင်ခဲ့တဲ့အတွက် ဘယ်လိုကြောင့် သေဆုံးတယ်ဆိုတဲ့ တရားဝင်ပြောဆိုချက်ကို သိရှိနိုင်ဖို့ ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာမှူး ဒေါက်တာ ကြည်လွင်ကို RFA ကမေးမြန်းရာမှာ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။
ဘာကြောင့် ထုတ်ဖော်မပြောနိုင်တာလဲလို့ RFA က ဆက်လက်မေးမြန်းရာမှာတော့ ဒေါက်တာ ကြည်လွင်က -
"ကျွန်တော်တို့ ဒါကိုထုတ်ပြန်လို့ မရပါဘူးခင်ဗျ။ ကျွန်တော်တို့ ကျန်းမာရေးဌာနအနေနဲ့ ဒါကို သတင်းဌာနတွေကို ကျွန်တော်တို့ ထုတ်ပြန်ခွင့်မရှိဘူး။ ထုတ်ပြန်လို့လည်း မရဘူး။ ကျွန်တော်က ဒီပြည်နယ်မှာ ပြည်နယ်မှူး အကြီးဆုံးပါ။ ကျွန်တော်က ထုတ်ပြန်လို့မရဘူးဆိုရင် ဘယ်သူ့ကိုမှလည်း မေးလို့ရမှာ မဟုတ်ပါဘူး"
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ဒီဖြစ်ရပ်တွေအပေါ် သူ့အနေနဲ့သံသယရှိနေပြီး အဖြစ်မှန်အတိုင်း တိတိကျကျဖော်ထုတ်ဖို့အတွက် ပြည်ထောင်စုအစိုးရမှာ တာဝန်ရှိတယ်လို့ RFA နဲ့ မနေ့ကတွေ့ဆုံရာမှာ ပြောပါတယ်။
"တပ်မတော်ရဲ့သဘောကတော့ သူ့မှာလည်း စစ်စည်းကမ်း၊ စည်းမျဉ်းတွေရှိတာပေါ့။ ဒါပေမဲ့ စစ်ပွဲဆိုတာကတော့ ချိုးဖောက်မှုတွေကတော့ ရှိမှာပဲ။ ဘယ်လိုမှ ချိုးဖောက်မှု မရှိနိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး။ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတာက စစ်ပွဲတစ်ပွဲဖြစ်ရင်ရှိမှာပဲ။ အဲဒါကို ဖုံးဖို့ဖိဖို့ကြိုးစားတာမျိုးထက် တကယ့်သတင်းမှန် ရရှိရေးအတွက် သတင်းသမားတွေကိုလည်း အန္တရာယ်မပေးဘဲနဲ့ လွတ်လပ်စွာဖော်ထုတ်ခွင့်လုပ်၊ ဒီမြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီလူ့အဖွဲ့အစည်းမှာ ပြန်ကြားရေးဌာန မလိုအပ်ဘူးလို့ ပြောတယ်။ ဒါပေမဲ့ ရှိတယ်။ ရှိတယ် ဆိုလို့ရှိရင် ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ တကယ့်ကိုသမာသမတ်ကျအောင်လုပ်ပြီးတော့ တရားမှန်၊ အမှုမှန်၊ သတင်းမှန်တွေကို ဖော်ထုတ်ဖို့ တာဝန်ရှိတယ်။ ဒါဟာ ပြည်ထောင်စုအစိုးရရဲ့ တာဝန်ပဲ"
သေဆုံးတဲ့ ရုပ်အလောင်းတွေကို မိသားစုတွေ သဂြိုဟ်ခွင့်မရခဲ့ကြသလို မိသားစုဝင်တွေကို တစ်စုံတစ်ရာ အသိမပေးခဲ့ဘူးလို့လည်း သေဆုံးသူတွေရဲ့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။
သေဆုံးသူတွေရဲ့မိသားစုကို အသိပေးအကြောင်းကြားတာရှိ၊ မရှိသိရှိနိုင်ဖို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA ကမေးမြန်းရာမှာ ဒီကိစ္စနဲ့ပတ်သက်လို့ သူ့အနေနဲ့ မသိရှိဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းကိစ္စနဲ့ပတ်သက်လို့ လက်ရှိအချိန်အထိ သိမ်းဆည်းထားတာ ရှိသလားလို့ မိသားစုဝင်တွေက ပြည်နယ်အစိုးရအဖွဲ့နဲ့ ဒီနေ့မနက်က တွေ့ဆုံရာမှာ မေးမြန်းခဲ့ကြတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်နယ်အစိုးရအဖွဲ့က တုန့်ပြန်ချက်ကို ဒီနေ့မနက်က တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က သတင်းထောက်တွေကို အခုလို ပြောပါတယ်။
"ဒီရုပ်အလောင်းနဲ့ ပတ်သက်ပြီးတော့ သူတို့က ဗုဒ္ဓဘာသာတွေလို့ယူဆပြီးတော့ပေါ့နော်၊ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ သေဆုံးသွားတဲ့ သုံးယောက်စလုံးကို သရဏဂုံတင်ပြီးတော့ သြင်္ဂီုဟ်လိုက်ပြီဆိုတဲ့ကိစ္စကို ပြောပါတယ်"
ဖမ်းဆီးထားသူတွေထဲက ကျန်ရှိနေသူတွေကို မကြာခင်ရက်ပိုင်း တပ်မတော်က ရဲတပ်ဖွဲ့ထံလွှဲပြောင်းပြီးနောက် အဲဒီအထဲက ၂ ဦးကို ပြန်လွှတ်ပေးဖို့ရှိတဲ့အကြောင်း ပြည်နယ်အစိုးရက မိသားစုဝင်တွေကို ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ဖမ်းဆီးခံထားရတဲ့အထဲမှာ ပါဝင်တဲ့ အသက် ၁၄ နှစ်အရွယ် မောင်စိုးမင်းဦးရဲ့ဖခင် ဦးလှဖြူသန်က သူ့သားကို အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်လို့ ပြောပါတယ်။
"ကျွန်တော့်သားလေးဟာ အရွယ်မရောက်သေးတဲ့ ကလေးဖြစ်နေတယ်။ အေအေနဲ့လည်း ဆက်စပ်မှုမရှိဘူး။ နောက်ပြီး အေအေလည်း မဟုတ်ဘူး။ အဲဒါတွေကို တင်ပြချင်တယ်။ အသက်မပြည့်သေးတဲ့အတွက် ကျွန်တော့်သားလေးကို အပြစ်မရှိရင် အမြန်ဆုံးနည်းနဲ့ ပြန်လွှတ်ပေးစေချင်ပါတယ်"
ဒီနေ့မနက်က မိသားစုဝင်တွေနဲ့တွေ့ဆုံတာကို သတင်းသမားတွေက သတင်းယူဖို့ကြိုးစားခဲ့ကြပေမယ့် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု သတင်းယူခွင့် မပြုခဲ့ပါဘူး။
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA)တို့ရဲ့ တိုက်ပွဲကာလအတွင်း အစိုးရတပ်မတော်က ဖမ်းဆီးပြီးနောက် သေဆုံးသွားသူဟာ အခုဆိုရင် ၄ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။