ဂေါ်ရင်ဂျီကျွန်းက ရေလုပ်သားတွေ ရပ်တည်ရေးခက်ခဲနေ

ရေလုပ်သားတွေဟာ လက်ရှိမှာတော့ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို အများဆုံး ခံနေရပါတယ်။

ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်ရှိ ဂေါ်ရင်ဂျီကျွန်းပေါ်တွင် ရေလုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံများအား တွေ့ရစဉ်။ RFA

ဂေါ်ရင်ဂျီကျွန်းမှာ နေထိုင်ကြတဲ့ ဒေသခံအများစုကတော့ ရေလုပ်ငန်းနဲ့ အသက်မွေးကြသူတွေ များပါတယ်။ ဂေါ်ရင်ဂျီကျွန်းဟာ သုံးမိုင်ဝန်းကျင်ကျယ်ဝန်းပြီး ငရုတ်ကောင်းမြို့၊ နံ့သာပုရွာမှာ ရှိပါတယ်။

ကျွန်းအနီးဝန်းကျင်မှာ နေအိမ်သုံးရာလောက်ရှိပြီး ရေလုပ်ငန်းလုပ်ကိုင်သူ နှစ်ရာဝန်းကျင်လောက်အထိများတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကျွန်းဟာ ငါး၊ ပုစွန် အရအမိများပြီး ရေလုပ်သားတွေအတွက် လေဒဏ်နဲ့လှိုင်းဒဏ်ကိုပါ အကာအကွယ် ပေးထားပါတယ်။

အဲဒါကြောင့် ရာသီဥတုမရွေး ငါး၊ ပုစွန်ဖမ်းဆီးနိုင်လို့ ရေလုပ်သားတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့နေရာလို့လည်း ရေလုပ်သားတွေက ပြောပါတယ်။

ရေလုပ်သားတွေဟာ လက်ရှိမှာတော့ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို အများဆုံး ခံနေရပါတယ်။ ငါးပုစွန်လည်း အရနည်းလာသလို စျေးကောင်းလည်းမရလို့ အခက်အခဲဖြစ်နေကြတယ်လို့ ရေလုပ်ငန်းပိုင်ရှင် ဒေါ်အေးအေး က ပြောပါတယ်။

"ရေထွက်ကုန်ပစ္စည်းက နည်းတယ်။ အခုက ဆီစျေးကကြီးတယ်။ ဆန်စျေးတွေက ကြီးတယ်။ လုပ်သားတွေမှာလည်း အဆင်မပြေဘူးပေါ့။ အရင်တုန်းက တစ်သိန်းယူလို့ရှိရင် အခု နှစ်သိန်း ပိုင်ရှင်ဆီက ထပ်ယူတယ်။ ကြွေးတွေ တင်တယ်။ ကိုယ်တွေလဲ အဲလိုပဲ သူဌေးဆီက ထပ်ယူရတယ်။ ငါးစစ်စလီဆိုရင် ပေါ်ခါစတုန်းက ၁၂၀၀၀ လောက် ကုန်သည်က ဝယ်တယ်။ အခုဆိုရင် လေးငါးခြောက်ထောင်ပဲ ရှိတော့တယ်"

ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်ရှိ ဂေါ်ရင်ဂျီကျွန်းပေါ်တွင် ရေလုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံများအား တွေ့ရစဉ်။ (Photo : RFA)

အသက် ၃၁ နှစ်အရွယ် ကိုဇင်မင်းဦးကတော့ ဒေါ်အေးအေးရဲ့ ငါးဖမ်းသင်္ဘောမှာ တစ်နေ့ကို ကျပ်တစ်သောင်းနဲ့ လူအငှားအဖြစ် လုပ်ပါတယ်။

"အခက်အခဲက ရှိတာပေါ့။ ဆီစျေးဆိုရင်လည်း အခုဆို နည်းတာမဟုတ်ဘူးလေ။ လုပ်ရကိုင်ရတာလည်း သိပ်အဆင်မပြေတော့ဘူးပေါ့။ ဆီစျေးကလဲ မြင့်လာတာကိုး။ ရှာရဖွေရတာကလည်း ကလေးတွေဆိုရင်လဲ ကျောင်းတောင် မတက်ရဘူး"

အသက် ၅၈ နှစ်အရွယ် ဦးစိုးမြင့်မောင်ကတော့ ဂေါ်ရင်ဂျီကျွန်းမှာ နေပါတယ်။ သူက ကျောက်ဆောင်တွေကြားမှာ ငါးတွေကို ပိုက်မျှောပြီး ဖမ်းယူသူပါ။

"ငါးဖားကျတော့ တအားကြီး ပိုပြီးတက်လားဆိုတော့ မတက်ဘူး။ နဂိုက သုံးထောင်ဖြစ်တဲ့ဟာ လေးထောင်လောက်ပဲ ရှိတယ်။ ဒီဇယ်တို့ ဓာတ်ဆီတို့က နဂိုတုန်းက လေးထောင်၊ လေးထောင့်ငါးရာ ဝယ်ရတဲ့ဟာက အခုက တစ်သောင်းနှစ်ထောင်၊ တစ်သောင်းခွဲ၊ တစ်သောင်းရှစ်ထောင်၊ နှစ်သောင်းအထိ ဝယ်မောင်းခဲ့ရတယ်။ နောက် ကုန်စျေးနှုန်းတွေက မြင့်လာတယ်လေ။ နဂိုတုန်းက ဆန်တစ်ပြည်ကို နှစ်ထောင့်ငါးရာ၊ နှစ်ထောင်လောက်နဲ့ရတဲ့ဟာက အခု ငါးထောင့်ငါးရာ၊ ခြောက်ထောင် ဖြစ်နေတယ်"

ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်ရှိ ဂေါ်ရင်ဂျီကျွန်းပေါ်တွင် ရေလုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံများအား တွေ့ရစဉ်။ (Photo : RFA)

အသက် ၃၉ နှစ်အရွယ် ဦးဝဏ္ဏစိုးကတော့ ဒေါ်အေးအေးတို့ ငါးဖမ်းလုပ်ငန်းမှာ ပင်လယ်ဦးစီးအဖြစ် လုပ်ကိုင်နေတာပါ။

"ကျွန်တော်ကျတော့ ဒီနေ့ငါးဖိုး ငါးသိန်းရရင် ငါးသောင်းရတယ်။ ကျွန်တော့်အလုပ်သမားတွေကြတော့ ထောင်ဂဏန်းလောက်ပဲ ရတယ်။ ဆန်တစ်ပြည်ကိုတောင် ငွေလေးငါးထောင်ဖြစ်နေတဲ့ အခါကြတော့ သူတို့မှာ တစ်နေ့စာငါးထောင်ရှိလို့ ဆန်တစ်ပြည်ဖိုးပဲ ရှိတဲ့အခါကြတော့ ဘယ်အဆင်ပြေမလဲ။ သူတို့အိမ်ရဲ့ စားဝတ်နေရေး၊ သူတို့ရဲ့ ပိုလျှံငွေမရှိတဲ့အတွက် သူတို့က ဒီအလုပ်ကို ဆက်မလုပ်နိုင်ဘူးလေ။ မလုပ်နိုင်တော့ သူတို့ ထွက်ရတယ်"

ဂေါ်ရင်ဂျီကျွန်းကိုအမှီပြုပြီး ရေလုပ်ငန်းလုပ်ကိုင်ကြသူတွေကတော့ သူတို့ဘဝရပ်တည်ရေးအတွက် ကြီးမြင့်နေဆဲဖြစ်တဲ့ ကုန်စျေးနှုန်းတွေ အမြန်ကျစေချင်တယ်လို့ ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org