သပိတ်မှောက် အမျိုးသမီးတစ်ယောက်ရဲ့ အင်းစိန်ထောင်က အိပ်မက်ဆိုး
စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို ဖမ်းဆီးထိန်းသိမ်းတဲ့ အင်းစိန်အကျဉ်းထောင်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတာကြောင့် အကျဉ်းသူ အကျဉ်းသားတွေအတွက် စိုးရိမ်ရပြီး၊ ကိုဗစ်တတိယလှိုင်းကာလအတွင်း လူသေဆုံးခဲ့ရတဲ့ဖြစ်ရပ်ကြောင့်လည်း ထောင်တွင်းဆန္ဒပြတောင်းဆိုမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
- 2021-11-17
-
-
-
ရန်ကုန်မြို့က အင်းစိန်ထောင်ဟာ နိုင်ငံရေးအကျဉ်းသားတွေအတွက် ခေတ်အဆက်ဆက် ငရဲခန်းအနေနဲ့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တာ ဒီနေ့ထိလို့ ပြောစမှတ်ပြုကြပါတယ်။
"ရေသန့်ရှင်းမှုမရှိတာ၊ ခါးစောင်းလောက်ရှိတဲ့ အုတ်ကန်က နှစ်ကန်တစ်ဆက်တည်းဟာ ရှိတယ်၊ သူတို့ရေ ကတော့ အမြဲတမ်းမောင်းပေးတယ်။ ရေမောင်းတဲ့ စက်နှစ်လုံးရှိတယ် ရေစက်က ခဏခဏပျက်တယ်။ ခဏခဏ အလှူငွေခံပါတယ်။ အဲဒီရေက အနည်တွေနဲ့ အယောက် ၂၀၀ လောက်က လုချိုးရတာ။ အောက် က အနည်တွေထိုင်နေတာ။ မနက်တစ်ကြိမ် ရေချိုးထုတ်တယ်၊ ညနေတစ်ကြိမ်ရေချိုး ထုတ်တယ်။ မနက် ဆို ရေချိုးတဲ့သူ တအားများတယ်၊ အဲတော့အနည်တွေနဲ့ဆိုတော့ ကျမဆို အရေပြားနဲ့ ပတ်သက်တဲ့ ရောဂါတွေရတော့တာပဲ"
ဒါကတော့ ပြီးခဲ့တဲ့လက အင်းစိန်ထောင်ကနေ ပြန်လွတ်လာတဲ့ မဂရေ့စ်လို့ အမည်လွှဲပေးထားတဲ့ အမျိုးသမီးငယ်တစ်ယောက်၊ သူ့ခန္ဓာ ကိုယ်ပေါ်မှာရလာတဲ့ သေရာပါ ဒဏ်ရာတွေကိုပြပြီး ပြောနေတာပါ။
သူထောင်ထဲ နေခဲ့ရတဲ့ကာလမှာ ရေဆိုးရေညစ်တွေနဲ့ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကြောင့် အရေပြားပေါ် အနာတွေ ဖြစ်ရတဲ့အပြင်၊ ထောင်က ကောင်းကောင်းမွန်မွန် ဆေးကုမပေးလို့ ရလာတဲ့ ဒဏ်ရာ အမာရွတ်တွေလို့ ပြောပြပါတယ်။ မဂရေ့စ်လိုပဲ အခြားအကျဉ်းသူ အချို့လည်း အရေပြားရောဂါဒဏ်ကို အလူးအလဲ ကြုံခဲ့ရတယ်လို့ပြောပါတယ်။
အသက် ၃၀ ကျော်အရွယ် မဂရေ့စ်ဟာ မတ်လ ၃ ရက်နေ့ ရန်ကုန်မြို့ ကျောက်မြောင်း ရပ်ကွက်မှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်ချီတက်ရင်း ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ အဲဒီနောက် သူ့ကို စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (က) နဲ့တရားစွဲထားလို့ အင်းစိန်အကျဉ်းထောင်ထဲ မှာ ရှစ်လကျော်ကြာ တရားရင်ဆိုင်နေရတဲ့အချိန်၊ အောက်တိုဘာလ ၁၉ ရက် နေ့က လွတ်ငြိမ်းသက်သာမိန့်နဲ့ ပြန်လွတ်ခဲ့သူဖြစ်ပါတယ်။
ထောင်ထဲက မမေ့နိုင်တဲ့ ဖြစ်ရပ်ဆိုး တစ်ခုကတော့ ဆန္ဒပြလို့ ဖြိုခွဲခံရတာလို့ သူကပြောပြပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လ ၂၃ ရက်နေ့က အင်းစိန်ထောင်ထဲကနေ ထောင်တွင်းဆန္ဒပြပွဲ ကြွေးကြော်သံတွေဟာ အပြင်လောကထိ ထွက်ပေါ် လာခဲ့တာပါ။
အဲဒီတုန်းက ထောင်မှာ အကျဉ်းသားတွေ ကိုဗစ်ကူးစက်ခံခဲ့ရပေမယ့် လူသားချင်းစာနာပြီး ကောင်းကောင်း မွန်မွန် ကုသမပေးလို့ အမျိုးသမီးအချုပ်ဆောင် အမှတ်(၂) က အသက် ၆၀ ကျော်အရွယ် အချုပ်သူ တစ်ယောက် ကိုဗစ်ရောဂါနဲ့ သေဆုံးခဲ့ပါတယ်။
ဒီသေဆုံးမှုအတွက် ထောင်အာဏာပိုင်တွေဘက်က ဖြေရှင်းချက်ပေးဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက်ပေးဖို့ တောင်းဆိုခဲ့ကြတဲ့အကြောင်း မဂရေ့စ်က ပြန်ပြောင်းပြောပြပါတယ်။
"ဆန္ဒပြမှုက ရည်ရွယ်ချက်ရှိရှိ လုပ်တာမဟုတ်ဘူး။ အန်တီကြီး ဆုံးသွားတဲ့အချိန်မှာ ကျမတို့ကို တာဝန်ယူမှု တာဝန်ခံမှု မရှိလို့ ရုံးခန်းကိုသွားပြောတာ။ သွားပြောတဲ့အခါမှာ ကျမတို့က ထောင်ပိုင်ကြီး ခေါ်ပေး ထောင်ပိုင်ကြီးနဲ့ စကားပြောမယ်ဆိုတော့ အဆောင်မှူးက ရုံးခန်းကိုသွားပြောတယ်။ သွား ပြောတဲ့အခါမှာ အဆောင်မှူးက ဘယ်လိုပြောလဲဆိုတော့ နင်တို့ခေါ်ပေးဆိုတိုင်း ခေါ်ပေးရအောင် အဲလောက်ထိ အားမနေဘူးတဲ့ ထောင်ပိုင်ကြီးက။ အဲလို တုံ့ပြန်မှုအပေါ်မှာ ပိုပြီးတော့ ဆိုးဝါးသွားတယ်။ ရတယ် ကိစ္စမရှိဘူး၊ သူမလာလို့ရှိရင် လာအောင်လုပ်မယ်ဆိုပြီးတော့ သူတို့ပေးတဲ့ အမိန့်မှန်သမျှကို ဆန့်ကျင်မယ်ဆိုပြီးတော့ ကျမတို့ တန်းမစီဘူး။ ဘုရားမရှိခိုးဘူး။ အိပ်ဆောင်ချရင် မအိပ်ဘူးဆိုပြီးတော့ စစီစဉ်ဖြစ်တာပဲ"
"ရေက အနည်တွေနဲ့ အယောက် ၂၀၀ လောက်က လုချိုးရတာ။ အနည်တွေနဲ့ ဆိုတော့ ကျမဆို အရေပြားနဲ့ ပတ်သက်တဲ့ရောဂါတွေရတော့တာပဲ"
မဂရေ့စ်တို့ နေတဲ့ အမျိုးသမီးအချုပ်ဆောင် (၂) မှာ အချုပ်သူ ၃၀၀ နီးပါးရှိပြီး အားလုံးကိုဗစ်ကူး စက်ခံရလို့ အချင်းချင်းပဲ စောင့်ရှောက်ကုသခဲ့ရတယ်လို့ သူက ပြောပြပါတယ်။
"ကျမဆိုရင်လည်း ငါးရက်လောက် အနံ့ပျောက်သွားတယ်။ အောက်ဆီဂျင်လည်း ကျသွားတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ အောက်ဆီဂျင်တွေက သူတို့တွေက အိုးထားပေးထားတယ်တဲ့ အိုးက ထားပေးရုံပဲရှိတာ အဲဒီအောက်ဆီဂျင်အိုးကို ကျမတို့ပြန်ထွက်လာတဲ့ အချိန်ထိ တစ်ယောက်မှ အသုံးမပြုဖူးဘူး။ အသက်ရှူ ကြပ်လာပြီဆိုရင် ဘာလုပ်လဲဆိုတော့ ကြွပ်ကြွပ်အိတ်တွေကို အောက်ဆီဂျင်အရေးပေါ်ရအောင် လုပ် ခဲ့ရတယ်၊ မဟုတ်ရင် ကိုယ်အပူချိန်များပြီ နေမကောင်းပြီဆိုတာနဲ့ ဆေးရုံကို သူတို့ တန်းပို့လိုက်ရော၊ ပိုပြီးတော့ ဆိုးတာပေါ့ ဆေးရုံမှာ တစ်ယောက်တည်း ထီးထီးကြီး အဲဒီဒဏ်ကို ဘယ်သူမှ မခံနိုင်ဘူး"
ဒါကြောင့် မဂရေ့စ်တို့က ဇူလိုင်လ ၂၀ ရက်နေ့မှာစပြီး ထောင်အာဏာပိုင်တွေရဲ့ အမိန့်တွေကို ဆန့်ကျင်ခဲ့ကြပါတယ်။
"ပိုပိုက အထဲမှာ အိမ်ပြန်ချင်တယ်ဆိုတဲ့ သီချင်းရေးထားတယ်။ အဲသီချင်းကို ပိုပိုနဲ့ တစ်ခန်းတည်း တူတူနေခဲ့တဲ့ ကျမတို့အခန်းက ကောင်မလေးက စဆိုလိုက်တာ၊ စဆိုရင်းကနေပြီးတော့ အဲဒီနောက်ပိုင်း နောက်ပိုင်းမှာ နိုင်ငံရေးသီးချင်းတွေ ပါလာတယ် ကြွေးကြော်သံတွေရော ပါလာတဲ့အခါမှာ ထောင်ကဆူပူ ဆန္ဒပြတဲ့ ပုံစံပေါက်သွားတယ်၊ အဲဒီအချိန်မှာ ထောင်ပိုင်လေးရယ်၊ တစ်ပွင့်တွေ နှစ်ပွင့်တွေ၊ သုံးပွင့်တွေ အကုန်လုံး ဝုန်းဆိုရောက်လာတယ်၊ ယောက်ျား ဝန်ထမ်းတွေရော၊ အမျိုးသမီးဝန်ထမ်းတွေရော ရောက် လာပြီးတော့၊ သူတို့စီမှာ နံပါတ် တုတ်တွေကို ဝါတာဘလူးနဲ့ ပတ်ပြီးတော့ သူတို့ဂျာကင်အတွင်းထဲမှာ ထည့်ထားပြီးသား၊ အဲဒါကို ကျမတို့က မြင်လိုက်တယ်၊ သူတို့တွေက ကျမတို့ကို သံတိုင်အပြင်မှာ သော့ ခတ်ပြီး စကားပြောတယ်၊ စကားပြောတယ်ဆိုပေမယ့် ကျမတို့ကို ဗီဒီယိုရိုက်တယ်၊ မှတ်တမ်းယူတယ် ပေါ့နော်၊ အဲဒီအချိန်မှာ ကျမတို့အထဲက လူငယ်တစ်ယောက်က ရိုက်ချင်ရင်အပြင်က မရိုက်နဲ့ အထဲထဲ ဝင်လာရိုက်လို့အော်လိုက်တေ့ာ၊ သူတို့တွေက သူတို့ကို စိန်ခေါ်တယ်ဆိုပြီးတော့ ဝုန်းဆို တံခါး ဖွင့်ပြီးတော့ သော့ဖွင့်ပြီးတော့ ချက်ချင်းပဲ ဝင်ချလာတယ်၊ ကျမတို့က လူငယ်အချင်းချင်း ပြန်ထိန်းထားပေါ့၊ ထိုင်ပေး လိုက်၊ ထိုင်ပေးလိုက် ဝရုန်းသုန်းကား မဖြစ်စေနဲ့ သူတို့အမှားကနေ ကိုယ့်အမှား မဖြစ်စေနဲ့ ပြောတဲ့ အချိန်မှာ အကုန်လုံးက ထိုင်ပေးလိုက်တယ်။ ထိုင်ပေးလိုက်တဲ့ အချိန်မှာ ဝင်ရိုက်တဲ့ အဆင့်တော့ မဖြစ်သွားဘူး သို့သော်ငြားလည်း ဝင်လာပြီးတော့ ဗီဒီယို မှတ်တမ်းကတော့ တောက်လျှောက်ယူ နေတယ်"
အဲဒီလို တောင်းဆိုမှုတွေ၊ နိုင်ငံရေးသီချင်း သီဆိုတာတွေ ဖြစ်လာတဲ့အခါမှာတော့ ထောင်အာဏာပိုင်တွေက လက်နက်တွေ ဖွက်ယူလာပြီး နှိမ်နင်းဖို့ ရောက်လာတယ်လို့ မဂရေ့စ်က ပြောပါတယ်။
အချိန်တစ်ပတ်အကြာမှာတော့ တောင်းဆိုထားတဲ့ အချက်တွေ အထက်ကို တင်ပြထားတယ်ဆိုတဲ့ ထောင်အာဏာပိုင်တွေ ပြောစကားနဲ့ပဲ အဆုံးသတ်ခဲ့ကြရပါတယ်။
ထောင်တာဝန်ရှိသူတွေကတော့ ကိုဗစ်ကူးစက်ခံနေရတဲ့ အကျဉ်းသားတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ အပြည့်အဝ ပေးထားတယ်လို့ အဲဒီအချိန်က သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။
အခုတော့ မဂရေ့စ်ဟာ အကျဉ်းထောင်ထဲက ခါးသီးတဲ့ အတွေ့အကြုံတွေကြောင့် အပြင်လောက ပြန်ရောက် လာပေမယ့် Trauma လို့ခေါ်တဲ့ စိတ်ဒဏ်ရာရပြီး၊ စိုးရိမ်စိတ်တွေ အိပ်မက်ဆိုးတွေက မပျောက်နိုင်သေးဘူးလို့ ပြောပြပါတယ်။ သူတို့အတွက် ပြန်လည်ကုစားပေးနိုင်ဖို့ လမ်းစကလည်း အလှမ်းဝေးနေဆဲပါ။
ဒါပေမဲ့လည်း မဂရေ့စ်ဟာ သူလွတ်မြောက်လာပေမယ့် မလွတ်မြောက်သေးဘဲ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ဆက်လက်တောင်းဆိုနေဆဲ ဖြစ်ပါတယ်။