အာဏာသိမ်းမှုကြောင့် အငြိမ့်နဲ့ ဇာတ်သဘင်ပညာရှင်တွေ အခက်တွေ့
တော်ဝင်မောင်နှမ ဇာတ်သဘင်ပစ္စည်းတွေ စုပုံပြီးထားထားတဲ့ ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ် မြို့ဦးဘုရားဝင်းထဲကို ဇာတ်ဆရာ ဦးချမ်းအေး တစ်ယောက် ဇာတ်ပစ္စည်းအခြေအနေတွေကို ကြည့်နေပါတယ်။
- 2021-11-10
-
-
-
တော်ဝင်မောင်နှမ ဇာတ်သဘင်ပစ္စည်းတွေ စုပုံပြီးထားထားတဲ့ ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ် မြို့ဦးဘုရား ဝင်းထဲကို ဇာတ်ဆရာ ဦးချမ်းအေး တစ်ယောက် ဇာတ်ပစ္စည်းအခြေအနေတွေကို ကြည့်နေပါတယ်။
မိုးကာအုပ်ထားတဲ့အောက်မှာ စုပုံသိမ်းထားတဲ့ ဇာတ်ပစ္စည်းထည့်ထားတဲ့ သေတ္တာတွေဟာ ခြစား၊ ဆွေးမြေ့ပြီး တချို့အသုံးဆောင်ပစ္စည်းတွေဆိုရင် ပြန်သုံးလို့မရအောင် ပျက်စီးနေတဲ့ အခြေအနေတွေကို တွေ့ရတဲ့အခါ ဇာတ်ဆရာ ဦးချမ်းအေးတစ်ယောက် အခုလို ရင်ဖွင့်ပါတယ်။
“ခံစားရတာပေါ့။ အမှန်တိုင်းပြောရရင် ကိုယ်နှစ်သက်တဲ့ မြန်မာ့သဘင်နဲ့ ပတ်သက်တဲ့ ဆိုင်းဆိုတာက တော့ ဆိုင်းသံဗုံသံကြားရင် ဘယ်လိုမှ အိပ်မပျော်နိုင်တဲ့သူမျိုးကိုး။ မြန်မာ့ဆိုင်းကို ပြန်အစားထိုးဝယ်ရ မယ်ဆိုရင် သိန်းရာချီပြီး ပေးရမှာလေ။ တန်ဖိုးအရကြည့်ရင်လည်း ဝမ်းနည်းစရာကောင်းတယ်။ နောက် ကိုယ်တန်ဖိုးထားတဲ့ ပစ္စည်းထိခိုက်သွားသလိုပဲပေါ့နော် တော်တော်လေးကို ယူကျုံးမရ ဖြစ်မိတာပေါ့။ သူတိုကလည်း ဒီလ ကရတော့မလို၊ နောက်လ ကရတော့မလို စောင့်ရင်းစောင့်ရင်းနဲ့ အခုလိုဖြစ်သွားတော့ ပစ္စည်းတွေက အကုန်ပျက်စီးကုန်တာပေါ့“
ကိုဗစ်ကပ်ရောဂါကြောင့် လူစုလူဝေးမလုပ်ဖို့ ၂၀၁၉ ခုနှစ် နှစ်နှောင်းပိုင်းလောက်ကစပြီး ပွဲမိန့်တွေရပ်နားလိုက် ရတာကြောင့် အရင်က တစ်နှစ်ကို ပွဲချီပေါင်း ၅၀ ကျော် ရုံသွင်းဖျော်ဖြေခဲ့ရတဲ့ တော်ဝင်မောင်နှမ ဇာတ်သဘင် ဟာ အခုဆို လုံးဝမကရတော့တာဟာ ဇာတ်ပစ္စည်းတွေ ဆွေးမြေ့သွားတဲ့အထိ ဖြစ်သွားပါပြီ။
"ပိုပြီးစိတ်ပင်ပန်းတယ်၊ ကိုယ်ဝါသနာပါတဲ့အလုပ်က မဖြစ်လာတော့လည်းနော်“
ရန်ကုန်မြို့မှာ တော်ဝင်မောင်နှမ ဇာတ်သဘင် အပါဝင် မိုးဝင်း၊ စွမ်း၊ ရွှေမန်းသဘင်၊ ဖိုးချစ် စတဲ့ ဇာတ်သဘင် ပေါင်း ဆယ်ဖွဲ့လောက်ရှိပြီး အားလုံးကလည်း ရပ်နားထားရပါတယ်။
ဇာတ်အဖွဲ့တစ်ဖွဲ့မှာဆိုရင် မင်းသား၊ မင်းသမီး၊ ဆိုင်းဝိုင်း အပါဝင် ဇာတ်သဘင်အဖွဲ့ဝင်အင်အား အယောက် ၈၀ ကျော်ရှိကြပါတယ်။ အခုတော့ အားလုံးက အလုပ်လက်မဲ့တွေဖြစ်ပြီး တခြားလုပ်ငန်းတွေကို ကူးပြောင်း လုပ်ကိုင်နေကြရပါတယ်။
မြန်မာ့ယဉ်ကျေးမှုတွေ ထွန်းကားတဲ့မန္တလေးမြို့က အငြိမ့်သဘင်မှာလည်း ဒီလိုအခက်ခဲမျိုးတွေ ရင်ဆိုင်နေကြ ရပါတယ်။ မြတရာ၊ သစ်လွင်နဲ့ တို့ညီအစ်ကိုချိုတူးဆိုတဲ့ အငြိမ့်သဘင် သုံးခုသာ မန္တလေးမြို့မှာ ကျန်ပါတော့ တယ်။
တစ်ချိန်က တို့ညီအစ်ကိုချိုတူး အငြိမ့်မှာ ခေါင်းဆောင်မင်းသမီး နေရာကနေ နှစ်တိုင်း ပွဲပေါင်း ၁၄၀ လောက် ကပြခဲ့ရတဲ့ ဒေါ်လဲ့လဲ့အောင်ကလည်း အခုဆို လေဘေးထည်လို့ အများခေါ်ကြတဲ့ အထည်ဟောင်းတွေကို လျှော်ဖွပ်၊ နေပူလှန်း၊ မီးပူတိုက်ပေးရတဲ့အလုပ်ကို ပြောင်းလုပ်နေရပါတယ်။
အငြိမ့်သဘင်မှာ လုပ်သက် နှစ်ပေါင်း ၃၀ ကျော်ခဲ့တဲ့ ဒေါ်လဲ့လဲ့အောင်ဟာ ၂၀၁၉ ခုနှစ် ကိုဗစ်ကြောင့် ပွဲတွေ မနားခင်က တစ်နှစ်ကို သိန်း ၃၀ လောက်အထိ ဝင်ငွေရှိခဲ့ပါတယ်။ အခုတော့ တစ်ရက်ကို ငါးထောင်နဲ့ စား ဝတ်နေရေးအတွက် ရုန်းကန်ရင်း သူဝါသနာပါတဲ့အငြိမ့် ပြန်ကနိုင်ဖို့အတွက် မျှော်လင့်နေတယ်လို့ ပြောပါ တယ်။
“အငြိမ့်ကတာ ပင်ပန်းတာကြတော့လူတွေက အဖွဲ့အစည်းတွေနဲ့အတူသွားကြတော့ ပျော်ကြပါးကြ တယ်ပေါ့။ ဆိုနေ ကနေရရင်ကို ပျော်နေကြတာပေါ့။ ဒါကျတော့ ပင်ပန်းတာပေါ့။ ပိုပြီးစိတ်ပင်ပန်းတယ်။ ကိုယ်ဝါသနာပါတဲ့အလုပ်က မဖြစ်လာတော့လည်းနော်“
ကိုဗစ်ကာလနဲ့ အခု နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အငြိမ့်သဘင်လောကဟာ အကျပ်တည်းဆုံး အခြေ အနေမှာ ရောက်နေတယ်လို့ ပြောကြပါတယ်။ တစ်နှစ်မှာ ခြောက်လလောက် ပွဲကကြပြီး ရလာတဲ့ အနု ပညာကြေးကို ခြောက်လလောက် နားထားရတဲ့အချိန်မှာ သုံးရတာကြောင့် စုဆောင်းမိတဲ့သူတွေ နည်းကြ ပါတယ်။ အငြိမ့်သဘင်အဖွဲ့တွေဟာ အိမ်ပိုင်ရာပိုင်ရှိသူတွေနည်းကြပြီး အများစုကတော့ အိမ်ငှားနေကြ ရတာပါ။
ကိုယ့်ရဲ့လောဘ၊ သောက၊ ပူပင်မှုတွေကို ကာလကာနောက်ကွယ်မှာထားခဲ့ပြီး မီးရောင်အောက်၊ ပရိသတ် တွေရဲ့အရှေ့မှာ ရယ်မောအောင်လုပ်ပေးခဲ့တဲ့ လူရွှင်တော်တစ်ယောက်အဖြစ် နှစ်ပေါင်း ၅၀ ကျော်သည်အထိ လူရွှင်တော်ဘဝကို ဦးချစ်စရာ မြတ်နိုးခဲ့တာပါ။
အသက် ၇၀ နီးပါးဖြစ်နေပြီဖြစ်တဲ့ လူရွှင်တော် ဦးချစ်စရာအတွက် စားရေး၊ ဝတ်ရေးထက် နေရေးက ပိုအခက်ခဲဖြစ်နေပါတယ်။
“စားရေးက မပူရဘူး။ ဝတ်ရေးက ကျနော်တို့ အသက်ရွယ်ကြီးပြီ။ ကြုံရာကို ရောင့်ရော့င်ရဲရဲ တင်းတင်း တိမ်တိမ် ဝတ်နိုင်ကြတယ်။ အဆိုးဆုံးခြိမ်းခြောက်နေတာ နေရေးပဲ။ ကျနော်တို့ အနုပညာသည် တော် တော်များများက ကိုယ်ပိုင်အိမ် မရှိကြဘူး။ ကျနော်ကအစ ငှားနေရတဲ့အခါမှာ ၁၂ လပိုင်းဆို အိမ်စပေါ် တင်ရတော့မယ်။ ပွဲမရှိ လမ်းမရှိနဲ့ ကျနော်တို့ ဘာမှတင်စရာမရှိဘူး။ အဓိကနေရေးက ခြိမ်းခြောက်နေ တာပဲ။ မတင်နိုင် ကျနော်တို့ ထွက်ရမှာပဲ။ ဒါပါပဲ“
အငြိမ့်သဘင်ထွန်းကားခဲ့ရာကနေ တဖြည်းဖြည့်လျော့လာတဲ့ မန္တလေးမြို့မှာ အငြိမ့်ယဉ်ကျေးမှု တဖြည်းဖြည်း ပျောက်ကွယ်သွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။
မြတရာ အငြိမ့်သဘင်တည်ထောင်သူ ဦးမြသန်းကတော့ မိဘရဲ့ပညာအမွေ၊ နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေကို အတတ်နိုင်ဆုံး ထိန်းသိမ်းသွားဖို့ ကြိုးစားနေပါတယ်။
“ဒါကတော့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုတစ်ခုပဲ အငြိမ့်ဆိုတာကတော့။ ရှေးအနုပညာရှင်ကြီးတွေ ချမှတ်သွားတဲ့လုပ်ငန်း။ မန္တလေးမှာလည်း တကယ်တမ်းပြောကြစတမ်းဆို သုံး ငြိမ့်ပဲရှိတော့တာ။ မြန်မာတစ်နိုင်ငံလုံးမှာ အငြိမ့်စစ်စစ်ကြည့်မယ်ဆိုရင် မန္တလေးပဲ။ လူ လေးဆယ်နဲ့ထောင်တာကိုး။ တခြားဒေသက လူဒီလောက် မများဘူး။ ဒီအုပ်စုတွေ မထိန်းရင် ဒီသုံးငြိမ့်တောင် ပျောက်စရာရှိတယ်။ စိုးရိမ်တာပေါ့လေ။ ကိုယ်မရှိရင် နောက်လူတွေ လုပ်နိုင်ပါ့မလား စိုးရိမ်တယ်“
ဇာတ်သဘင်၊ အငြိမ့်သဘင်သုံးပစ္စည်းတွေဟာ သုံးစွဲတဲ့ပစ္စည်းပေါ်မူတည်ပြီး ကျပ် သိန်းတစ်ထောင်ကနေ သုံးထောင်ဝန်းကျင်အထိ ရင်းနှီးမြှုပ်နှံထားကြရတာပါ။ အဲဒီ အရင်းအနှီးတွေအတွက် အငြိမ့်တည်ထောင် သူတွေ၊ ဇာတ်ဆရာတွေရဲ့ ဘဏ်ချေးငွေ၊ မိတ်ဆွေတွေဆီက ချေးထားတဲ့ငွေတွေကလည်း အတိုးပေါ် အတိုးဆင့်နဲ့ တဖြည်းဖြည်းများလာကြပါပြီ။
ပွဲတွေ မကရတာ နှစ်နှစ်နီးပါးရှိလို့ ပွဲပြန်ကခွင့်ရဖို့ မျှော်လင့်ပေမယ့် အငြိမ့်သဘင်၊ ဇာတ်သဘင် အနုပညာ သည်တွေ လက်သုံးစကားတစ်ခုဖြစ်တဲ့ လက်ခုပ်ပြည့်မှ လက်ကြားယိုဆိုတဲ့ စကားပုံအတိုင်း ပြည်သူတွေ စီးပွားရေးကောင်း၊ ကျန်းမာရေးကောင်းပြီး ပျော်ပွဲရွှင်ပွဲတွေ လုပ်လာကြမှသာ ပွဲကနိုင်ကြရမှာဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါဘေးနဲ့ စစ်အာဏာသိမ်းခံရပြီး နိုင်ငံရေးမတည်ငြိမ်တဲ့ လက်ရှိအခြေအနေအရကတော့ ပွဲကနိုင်ဖို့အခွင့်လမ်းက ဘယ်တော့မှပြန်ရမလဲဆိုတာ မမျှော်မှန်းနိုင်သေးပါဘူး။
ဇာတ်သဘင်၊ အငြိမ့်သဘင် အနုပညာသည်တွေရဲ့ စားဝတ်နေရေးအပြင် ရိုးရာယဉ်ကျေးမှု သဘင်ပညာတွေ လျော့ပါးသွားမှာကိုလည်း စိုးရိမ်နေကြရပါတော့တယ်။