ထိုင်းမှာ ဆယ်နှစ်ကျော် စားဖိုမှူးလုပ်ခဲ့သူ ဖွင့်တဲ့ ရန်ကုန်က အမဲကင်ဆိုင်

ထိုင်းနိုင်ငံက ဟိုတယ်တစ်ခုမှာ ဆယ်နှစ်ကျော် စားဖိုမှူးလုပ်ကိုင်ခဲ့တဲ့ ကိုမောင်မောင်လွင် ဟာ ရန်ကုန်မှာ “ဒီဒီ” အမည်နဲ့ အမဲကင်ဆိုင် ဖွင့်ထားပါတယ်။

တာမွေမြို့နယ်၊ ကျောက်မြောင်း ကျားကွက်သစ်၊ ဓမ္မဝိဟာရလမ်းထိပ်တွင် ဖွင့်ထားသည့် ဒီဒီ အမဲကင်ဆိုင်ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဉ်။

ထိုင်းနိုင်ငံက ဟိုတယ်တစ်ခုမှာ ဆယ်နှစ်ကျော် စားဖိုမှူးလုပ်ကိုင်ခဲ့တဲ့ ကိုမောင်မောင်လွင် ဟာ ရန်ကုန်မှာ “ဒီဒီ” အမည်နဲ့ အမဲကင်ဆိုင် ဖွင့်ထားပါတယ်။

ဒါကတော့ အမဲသားနဲ့ပတ်သက်တဲ့ စားဖွယ်စုံစုံလင်လင်ကို ထိုင်းနဲ့ မြန်မာအရသာ ပေါင်းစပ်ပြီး ဖွင့်ထားတဲ့ တာမွေမြို့နယ် ကျောက်မြောင်းထဲက ကျားကွက်သစ်လမ်းမကြီး၊ ဓမ္မဝိဟာရလမ်းထိပ်မှာရှိတဲ့ “ဒီဒီ” အမဲကင်ဆိုင်ပါ။

"ဟိုတယ်မှာရတဲ့ နိုင်ငံခြားသားတွေစားတဲ့စတိုင်မျိုး တိတိကျကျ စားစေချင်လို့ ကျောက်မြောင်း တာမွေမှာ ဒီဒီ ဆိုတဲ့ အမဲကင်ဆိုင်လေး လုပ်ဖြစ်တာပါ”

ဆိုင်ရှင် ကိုမောင်မောင်လွင် က ထိုင်းနိုင်ငံမှာ အစားအသောက်ချက်ပြုတ်တဲ့ပညာ သင်ယူပြီး ဘန်ကောက်က ဟိုတယ်တစ်ခုမှာ ဆယ်နှစ်ကျော် လုပ်ကိုင်ခဲ့သူပါ။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း လူငယ်၊ လူလတ်ပိုင်းနဲ့ လူကြီးတွေပါမကျန် ပြည်ပနိုင်ငံတွေကိုထွက်ဖို့ ရုန်းကန်နေတဲ့အချိန်မှာ ကိုမောင်မောင်လွင်က ထိုင်းကနေ မြန်မာပြည်ကို ပြန်လာပြီး တစ်ပိုင် တစ်နိုင် ဆိုင်လေးဖွင့်ထားတာ တစ်နှစ်ကျော်ပါပြီ။

တာမွေမြို့နယ်၊ ကျောက်မြောင်း ကျားကွက်သစ်၊ ဓမ္မဝိဟာရလမ်းထိပ်တွင် ဖွင့်ထားသည့် ဒီဒီ အမဲကင်ဆိုင်ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အမဲသားနဲ့ပတ်သက်တဲ့ စားသောက်စရာအမျိုးအမည် နှစ်ဆယ်နီးပါးကို ကိုမောင်မောင်လွင် ဆိုင်မှာ ရနိုင်ပါတယ်။

“ဟိုတယ်မှာ စားဖိုမှူးဘဝနဲ့ ဆယ့်သုံးနှစ်လောက် အမဲသားစပါယ်ရှယ်လစ် လုပ်ခဲ့ဖူးပါတယ်၊ အဲဒီက အရသာလေးကို ကိုယ့်မြန်မာနိုင်ငံကသူတွေ စားစေချင်တဲ့ ဆန္ဒလည်းရှိတယ်၊ ဟိုတယ်မှာရတဲ့ နိုင်ငံခြားသားတွေ စားတဲ့စတိုင်မျိုး တိတိကျကျ စားစေချင်လို့ ကျောက်မြောင်း တာမွေမှာ ဒီဒီ ဆိုတဲ့ အမဲကင်ဆိုင်လေး လုပ်ဖြစ်တာပါ”

ဘန်ကောက်မှာ ၂၆ နှစ်ကြာ နေထိုင်ခဲ့တဲ့ ကိုမောင်မောင်လွင်ဟာ ဟိုတယ်တစ်ခုမှာ စားဖိုမှူးအဖြစ် လုပ်ကိုင်ခဲ့သလို အမဲသားသီးသန့်ရောင်းချတဲ့ ဆိုင်မှာ လုပ်ခဲ့တဲ့အတွေ့အကြုံတွေနဲ့ ထိုင်းရိုးရာ အစားအသောက်ကို မြန်မာတွေ ခံတွင်းနဲ့ လိုက်ဖက်အောင် ပေါင်းစပ်ဖွင့်လှစ်ထားတာပါ။

“ဒီဒီ” ဆိုတဲ့နာမည်ဟာ မြန်မာနာမည်မဟုတ်ဘဲ ထိုင်းလို “ကောင်းတယ်” လို့ အဓိပ္ပာယ်ရပါတယ်။

တာမွေမြို့နယ်၊ ကျောက်မြောင်း ကျားကွက်သစ်၊ ဓမ္မဝိဟာရလမ်းထိပ်တွင် ဖွင့်ထားသည့် ဒီဒီ အမဲကင်ဆိုင်ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဆိုင်နာမည်အတိုင်းပဲ စားကောင်းလို့ တန်းစီစောင့်ဆိုင်းပြီး ဝယ်ရတဲ့နေ့တွေရှိသလို တစ်ခါတလေ ရောင်းကုန်သွားလို့ မစားလိုက်ရတဲ့ နေ့တွေလည်း ရှိတယ်လို့ ပုံမှန်စားသုံးသူ မဆွေကြီးက ပြောပါတယ်။

“ဒီဆိုင်အရသာက အရမ်းလည်းကောင်းတယ်၊ အပြင်မှာဆို အမဲသားစျေးတွေက တစ်သောင်းရှစ်ထောင်၊ နှစ်သောင်းလောက် ပေးဝယ်နေရတာ၊ ပြီးတော့ ဒီဆိုင်မှာစျေးက တအားချိုတယ်၊ သုံးထောင်ကနေ ခြောက် ထောင်အတွင်းမှာ ကိုယ် ကြိုက်တာစားလို့ရတယ်၊ အရသာလည်း အရမ်းကောင်းတယ်၊ စျေးနှုန်းလည်းသက် သာတယ်၊ အဲဒါကြောင့် စားဖြစ်နေတယ်၊ တစ်ခါတလေဆို မရတဲ့ရက်တွေရှိလို့ ဒီအတိုင်းလှည့်ပြန်သွားခဲ့ရတာ”

“ဒီဒီ” အမဲကင်ဆိုင်ဟာ တစ်ရက်ကို အမဲသား ၂၆ ပိဿာ ရောင်းကုန်ပါတယ်။

အမဲသားတစ်မျိုးတည်းကိုပဲ အရသာ ၁၉ မျိုးလောက်ရအောင် ရောင်းချနေတာဖြစ်တယ်လို့ ကိုမောင်မောင်လွင်ရဲ့ ဇနီး မနန်းမေ က ပြောပါတယ်။

“အမျိုးသားက ထိုင်းနိုင်ငံကနေ ပြန်လာပြီးတော့ ထိုင်းရိုးရာအစားအသောက်ကို အဓိကထားရောင်းတယ်ဆိုပေမဲ့ မြန်မာတွေရဲ့ ပါးစပ်နဲ့ ခံတွင်းတွေ့စေမဲ့ ချဉ်ငန်စပ်အရသာမျိုးတွေလည်း ရပါတယ်။ ရခိုင်သုပ် အမဲသား ကင်သုပ်တွေလည်း ရပါတယ်။ စားသုံးသူစားချင်တဲ့ အချိုအချဉ်အစပ်တွေရအောင် လုပ်ပေးထားပါတယ်။ အမဲသားနဲ့ ပတ်သက်ပြီးတော့ ၁၉ မျိုးလောက်အထိ ရောင်းချပေးပါတယ်ရှင့်”

ထိုင်းနိုင်ငံက စားသုံးသူတွေ ရတဲ့ အရသာ၊ အစားအသောက်ပုံစံအတိုင်း ရောင်းချနေပေမဲ့ စျေးနှုန်းကတော့ ထိုင်းမှာထက် သက်သာတဲ့စျေးနဲ့ ရောင်းချနေတယ်လို့ ကိုမောင်မောင်လွင်က ပြောပါတယ်။

“ရိုးရိုးအသားဆို ထိုင်းမှာလက်ရှိ ဘတ် ၇၀ လောက် ရောင်းပါတယ်။ မြန်မာငွေနဲ့ဆိုရင် ကျပ်ငွေ ရှစ်ထောင် ကျော်၊ အဲဒါလေးတွေကို ကိုယ့်မြန်မာနိုင်ငံမှာ အကင်ဆို ၃၅၀၀ နဲ့ ရောင်းပေးပါတယ်၊ အသုပ်ဆို လေးထောင်ပါ၊ ထိုင်းနိုင်ငံနဲ့ စျေးနှုန်းကွာဟမှု ရှိသလို ကျွန်တော့်ဆီမှာ များများလည်း ပိုရပါတယ်၊ မိုးခိုသားကျတော့ အမဲသား ထဲမှာ နူးလည်း နူးညံ့တယ်၊ ကောင်းလည်း ကောင်းတယ်၊ အဲဒီဟာက ထိုင်းမှာဆို တစ်ပွဲ ဘတ် ၁၂၀ လောက်ရှိပါ တယ်။ ဒီမှာ များများနဲ့ စျေးချိုချိုနဲ့ ခြောက်ထောင်နဲ့ ရောင်းပါတယ်”

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org