မြောက်ဦးက ထွက်ပြေးနေရတဲ့ ဒေသခံတွေအခြေအနေ
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းမှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့အကြား တစ်ပတ်အတွင်း တိုက်ပွဲတွေကြောင့် ရွာ ၃ ရွာက ရွာလုံးကျွတ်နီးပါး နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးနေကြရပါတယ်။
-
2019-02-25 -
-
-
ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ မြောက်ဦးဒေသခံတွေကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းမှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့အကြား တစ်ပတ်အတွင်း တိုက်ပွဲတွေကြောင့် ရွာ ၃ ရွာက ရွာလုံးကျွတ်နီးပါး နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးနေကြရပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင် က တင်ပြထားပါတယ်။
မြောက်ဦးမြို့နယ် မြောက်ဘက်ပိုင်းမှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့လောက်ကစလို့ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။
နောက်တစ်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာတော့ အစိုးရတပ်မတော်ဘက်က ရဟတ်ယာဉ်နှစ်စီးနဲ့ တိုက်ခိုက်တာတွေရှိခဲ့သလို ပစ်ခတ်သံတွေကို ဒီနေ့အထိ ကြားနေကြရဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီတိုက်ပွဲတွေကြောင့် ဆင်အိုးကျေးရွာက လူပေါင်း ၁၇၀ ကျော်ဟာ စေတီတောင်ကျေးရွာကို ထွက်ပြေးရောက်ရှိနေကြသလို နေပူခံကျေးရွာက လူပေါင်း ၁၈၀ ဟာလည်း အောက်သကန်ကျေးရွာကို ထွက်ပြေးရောက်ရှိနေကြပါတယ်။
အလားတူပဲ ခူလှိုင်ကျေးရွာက လူပေါင်း ၅၀ ကျော်ဟာ တိန်ညိုကျေးရွာကို မနေ့ကညနေပိုင်းမှာ ထွက်ပြေးရောက်ရှိလာကြပါတယ်။
ဆင်အိုးကျေးရွာကနေ စေတီတောင်ကျေးရွာကို ထွက်ပြေးရောက်ရှိနေတဲ့ ဦးသန်းလှိုင်က အခုလို ပြောပါတယ်။
"ကျွန်တော်တို့ အဲဒီမှာဆက်နေတဲ့အချိန် တိုက်ပွဲတွေပိုဖြစ်မယ်၊ စားနပ်ရိက္ခာတွေပြတ်မယ် အဲဒါတွေကို စိုးရိမ်လို့ ဒီကိုလာရတာပါ။ နောက်ပိုင်း ကျွန်တော်တို့အတွက် ဆန်တွေတင်လို့မရဘူး၊ အစားအစာတွေ ဘာတစ်ခုမှ တင်လို့မရဘူးဆိုရင် ကျွန်တော်တို့လည်း အဲဒီမှာပဲ ဒုက္ခတွေအများကြီးရောက်မှာစိုးလို့ ဒီကိုထွက်ပြေးလာကြတာ"
ဆင်အိုးကျေးရွာနဲ့ တစ်မိုင်လောက်သာကွာဝေးတဲ့ နားလိတ်နဲ့ ဘာရီကျေးရွာအကြားမှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကျည်တွေဟာ ဆင်အိုးကျေးရွာအနီးကို ကျရောက်တာတွေကြောင့် နေအိမ်တွေမှာတူးထားတဲ့ ဗုံးခိုကျင်းတွေမှာ ဝင်ရောက်ပုန်းအောင်းနေခဲ့ရတယ်လို့ ရွာသားတွေက ပြောပါတယ်။
အစိုးရတပ်စစ်ကြောင်းက ဒေသခံတွေကို တားဆီးစစ်ဆေးတာတွေ ရှိနေတဲ့အတွက် စားနပ်ရိက္ခာ သယ်ယူတာတွေမှာ အခက်အခဲဖြစ်ရတယ်လို့လည်း ပြောကြပါတယ်။
တောင်ယာလုပ်ငန်း၊ သစ်ဝါးခုတ်လုပ်ငန်းနဲ့ အသက်မွေးနေကြရတ ဲ့ဒေသခံတွေအတွက် ဒေသတွင်း တိုက်ပွဲတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် အလုပ်အကိုင်တွေ အဆင်မပြေဖြစ်နေကြရတယ်လို့လည်း သိရပါတယ်။
"တိုက်ပွဲတွေမရှိတော့မှပဲ ကျွန်တော်တို့ ကိုယ့်နေရာကိုယ် ပြန်သွားပါမယ်။ အခုဒီနေရာမှာတော့ ရေရှည်မနေချင်ပါဘူး"
စေတီတောင်ကျေးရွာကို ထွက်ပြေးရောက်ရှိနေတဲ့ ဆင်အိုးကျေးရွာ တာဝန်ခံ ဦးသန်းဝင်းလှိုင်က ပြောသွားတာပါ။
ဆင်အိုးကျေးရွာကနေ ထွက်ပြေးလာတဲ့ လူပေါင်း ၁၇၀ ကျော်ဟာ စေတီတောင်ကျေးရွာ ဓမ္မာရုံမှာ ယာယီခိုလှုံနေကြပါတယ်။
ဒီစေတီတောင်ကျေးရွာနဲ့ကပ်လျက် ကျောက်ကျပ်ကျေးရွာအနီးမှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ညက တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်မြေပြင်အဖြစ် သတ်မှတ်ထားတယ်လို့ ကျေးရွာတာဝန်ခံက ပြောပါတယ်။
ဒါကြောင့် စေတီတောင်ကျေးရွာကို ထွက်ပြေးလာသူတွေအတွက် ကျန်းမာရေးဆေးခန်းဖွင့်လှစ်နိုင်မှာ မဟုတ်တဲ့အကြောင်း တိုက်နယ်ဆရာဝန်က ပြောထားတယ်လို့ ကျေးရွာတာဝန်ခံ အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သာ က ပြောပါတယ်။
"ဒီနေရာမှာ ကယ်ဆယ်ရေးစခန်းဖွင့်လို့ မရဘူးလို့ပြောတယ်။ ဒါပေမဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ သူတို့ ကျန်းမာရေးအကူအညီတွေပေးမယ်ဆိုရင် လုံခြုံရေးရမှ ကျန်းမာရေးအကူအညီပေးမယ်လို့ ဆရာဝန်က ပြောတယ်။ ကျွန်တော်တို့နေရာကို စစ်မြေပြင်ဆိုပြီး သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့နေရာနဲ့ နီးစပ်တဲ့နေရာတစ်ခုမှာ တိုက်ပွဲတွေဖြစ်သွားလို့ပါ"
လတ်တလော စားနပ်ရိက္ခာအတွက် အလှူရှင်တွေက ကူညီပံ့ပိုးပေးထားပြီး အစိုးရတာဝန်ရှိသူတွေ ဘက်ကတော့ အကူအညီပေးတာမရှိသေးဘူးလို့လည်း ဦးမောင်ကျော်သာ က ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ကို ဒီနေ့ညနေပိုင်းအထိ RFA ကဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
မြောက်ဦးမြို့နယ် စေတီတောင်၊ တိန်ညို၊ အောက်သကန် ကျေးရွာ ၃ ရွာမှာ ထွက်ပြေးရောက်ရှိနေတဲ့ လူပေါင်း ၄၀၀ ကျော်အပြင် နီးစပ်ရာဆွေမျိုးတွေဆီ ထွက်ပြေးတိမ်းရှောင်နေကြရသူ နောက်ထပ် ၁၂၀၀ လောက် ရှိနိုင်တယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံးက ခန့်မှန်းထားပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် မြို့နယ်တွေမှာ တိုက်ပွဲကြောင့် လူပေါင်း ၇၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့အပြင် အခုဆိုရင် မြောက်ဦးမြို့နယ်အတွင်းမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရသူတွေ ထပ်တိုးလာတာလည်း ဖြစ်ပါတယ်ခင်ဗျာ။