မုန်တိုင်းသင့်ရခိုင်လယ်သမားတွေ စိုက်ပျိုးချိန်အမီ အကူအညီလိုအပ်နေ
2023.07.06

ရသေ့တောင်မြို့နယ် ဆင်ပိုက်ရွာက အသက် ၆၃ နှစ်အရွယ် ဦးမောင်တင်အေးဟာ လယ်လုပ်ငန်းနဲ့ပဲ မိသားစု အသက်မွေးဝမ်းကျောင်းပြုနေတဲ့ လယ်သမားတစ်ဦးပါ။
အခုလို မိုးဦးရာသီမှာဆိုရင် နှစ်တိုင်း သူ့ရဲ့ နွားတွေနဲ့ လယ်ထွန်နေတဲ့အချိန်ပါ။ ဒါပေမဲ့ ဒီနှစ်မှာတော့ အခုအချိန်အထိ လယ်မထွန်နိုင်သေးပါဘူး။ မေလ ၁၄ ရက်နေ့က တိုက်သွားတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သူ့မှာရှိတဲ့ နွား ၁၅ ကောင်မှာ ၁၃ ကောင် သေဆုံးသွားခဲ့သလို လယ်မြေထဲကိုလည်း ဆားငန်ရေတွေဝင်သွားခဲ့ပါတယ်။ အိမ်လည်း ပျက်စီးသွားခဲ့သလို သူတို့ဘဝတစ်လျှောက်လုံး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ လယ်လုပ်ငန်းဟာလည်း ဒီအတိုင်းသာ မလုပ်နိုင်ရင် သူ့ရဲ့ မိသားစု အသက်ရှင်ရပ်တည်ရေး ခက်ခဲသွားတော့မယ်လို့ RFA ကိုပြောပါတယ်။
“နွားလည်းမရှိတော့ဘူး။ နွားချည်ကြိုးတွေပဲ ကျန်ခဲ့တော့တယ်လေ။ နွားထီးအငယ် နှစ်ကောင်ပဲ ကျန်တယ်။ နွားမဆို တစ်ကောင်မှမကျန်ဘူး။ ၁၅ ကောင်ရှိတာ ၁၃ ကောင် သေသွားတယ်။ လယ်ထွန် နွားတွေ အကုန်ပါသွားတယ်။ ကိုယ့်မှာ အဲဒီလယ်နည်းနည်းနဲ့ လုပ်စားနေတာ လယ်မလုပ်နိုင်ရင် ငတ်ပြီး သေဖို့ပဲရှိတော့တယ်။ လူများဆီမှာ အငှားခံပြီး လုပ်စားလို့လည်း မရတော့ဘူးလေ”
သူ့မှာ သားသမီးလေးယောက်နဲ့ မြေးနှစ်ယောက်ရှိပြီး ဒီလယ်ကရတဲ့ စပါးတွေကိုပဲ မိသားစု တစ်စုလုံး မှီခိုစားသောက်နေကြတာပါ။
ဦးမောင်တင်အေးတို့ ရသေ့တောင်မြို့နယ် ဆင်ပိုက်ရွာမှာ မုန်တိုင်းကြောင့် နွား အကောင် ၃၆၀ လောက်သေဆုံးသွားခဲ့သလို လယ်မြေအားလုံးလည်း ဆားငန်ရေတွေ ဝင်သွားခဲ့ပါတယ်။ မျိုးစပါးတွေလည်း ပျက်စီးသွားပါတယ်။ ဒါကြောင့် အကူအညီ လုံလုံလောက်လောက်မရရင် ဘယ်လိုမှ အရင်လို လယ်တွေပြန်လုပ်နိုင်ကြတော့မှာ မဟုတ်ဘူးလို့ ရွာသားတွေက RFA ကိုပြောပါတယ်။
"ကိုယ့်မှာ အဲဒီလယ်နည်းနည်းနဲ့ လုပ်စားနေတာ လယ်မလုပ်နိုင်ရင် ငတ်ပြီး သေဖို့ပဲရှိတော့တယ်။"
အဲဒီလိုပဲ ရသေ့တောင်မြို့နယ် ဒုံးပိုက်ရွာက ကိုသန်းမောင်ချေတို့ မိသားစုမှာလည်း မိုခါမုန်တိုင်းကြောင့် နွား ခုနစ်ဆယ်ကျော်ထဲက အကောင် ခြောက်ဆယ် သေဆုံးသွားပါတယ်။
ဒီနှစ်အတွက် ဝမ်းစာထားတဲ့ ဆန်စပါးတွေ၊ မျိုးစပါးတွေလည်း မုန်တိုင်းနဲ့ အတူပါသွားပြီး ဘာဆက်လုပ်ရမယ်မှန်း မသိအောင်အထိ စိတ်တွေ မွန်းကျပ်နေတယ်လို့ RFA ကိုပြောပါတယ်။
“ကျွန်တော့မှာ ပျက်စီးသွားတာက နွားပိုများပါတယ်။ နွားအကောင် ခြောက်ဆယ် သေသွားတယ်။ အိမ်လည်း ပျက်စီးသွားတယ်။ ပြီးရင် လယ်ထွန်မယ့် စက်ကိရိယာတွေလည်း ပါသွားတယ်။ ကိုယ့်မှာ တစ်သက်လုံး စုထားတာတွေ၊ မျှော်လင့်ချက်ထားတာတွေက အားလုံးပျက်စီးသွားပြီလေ။ ရှေ့ကို ဘယ်လို ဆက်လုပ်ရမလဲမသိတော့ဘူး။ ကျွန်တော်လည်း ဒီနေ့အထိ စိတ်တွေ မွန်းကျပ်ပြီး သိမ်ငယ်ပြီးတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်သွားတယ်”
လက်ရှိမှာတော့ ကိုသန်းမောင်ချေဟာ လယ်လုပ်ငန်းကိုပဲ အဓိကအမှီပြုနေရတာကြောင့် သူများဆီက စက်တွေငှားပြီး စပါးစိုက်ပျိုးနိုင်ဖို့ ကြိုးစားနေပါတယ်။
ဆားငန်ရေဝင်သွားတဲ့ လယ်မြေတွေမှာ စပါးဖြစ်လို ဖြစ်ငြား ကြိုးစားနေကြတဲ့ လယ်သမားတွေကိုလည်း တွေ့ရပါတယ်။
စပါးစိုက်လို့ ဖြစ်မယ် မဖြစ်ဘူးဆိုတာ သေချာမသိကြပေမယ့် လယ်လုပ်ငန်းကိုပဲ အဓိကအမှီပြု အသက်မွေးနေရတာကြောင့် ဖြစ်သလို လုပ်ကိုင်နေတာလို့ ရသေ့တောင်မြို့နယ် ဒိုးရီချောင်းရွာက ဦးသန်းဝင်းက RFA ကိုပြောပါတယ်။
“မနှစ်ကလည်း မုန်တိုင်းကြောင့် ဆားငန်ရေဝင်သွားလို့ မရိတ်သိမ်းလိုက်တာ များတယ်။ ဒီနှစ်လည်း မုန်တိုင်းနဲ့ ဆားငန်ရေဝင်သွားတော့ စပါးဖြစ်မယ် မဖြစ်ဘူးဆိုတာ မသိဘူး။ စမ်းပြီးလုပ်နေကြတာပဲ။ လယ်မထွန်ဘဲလည်း ထားလို့မရဘူးလေ။ လယ်လုပ်စားတဲ့ သူမှာက လယ်မထွန်လိုက်နိုင်ရင် နောက်နှစ် စားမယ့်ဟာ မရှိဘူးလေ။ ကျန်တဲ့အလုပ်တွေက မရှိဘူး။ ဒီနေရာမှာ ဒီအလုပ်ပဲရှိတာကို”
ရသေ့တောင်မြို့နယ် စေတီပြင်ရွာက လယ်သမားကြီး ဦးမောင်စောဝင်းကတော့ သူတို့မှာ မျိုးစပါး ခက်နေပြီး အရင်လို လယ်အလုပ်ကို အပြည့်အဝလုပ်နိုင်ကြတော့မှာ မဟုတ်ဘူးလို့ပြောပါတယ်။
“အခုအချိန်ထိ လယ်သမားတွေမှာက မျိုးစပါးတွေ အခက်အခဲဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ဒီ မိုခါမုန်တိုင်း တိုက်တုန်းက မိုးစပါးထားတဲ့ သိုလှောင်ရုံတွေ အကုန်ပျက်စီးပြီးတော့ မိုးရေစိုသွားတာပေါ့။ အဲဒီ စပါးတွေကို အခုပြန်ပြီး မျိုးချမယ်ဖို့က တော်တော်လေး အခက်အခဲဖြစ်နေတယ်။ ဒီလယ်ယာမြေတွေကို ၅၀ ရာခိုင်နှုန်းနဲ့ ၇၅ ရာခိုင်နှုန်းလောက်ပဲ လုပ်နိုင်လိမ့်မယ်။ အရင်နှစ်တွေကလို မလုပ်နိုင်တာတော့ သေချာသွားပါပြီ”
ဒါကြောင့် လယ်သမားတွေ စပါး အချိန်မီပြန်စိုက်ပျိုးနိုင်ဖို့အတွက် လယ်ထွန်စက်တွေ၊ မျိုးစပါးတွေ အချိန်မီရအောင် စစ်ကောင်စီအနေနဲ့ရော နိုင်ငံတကာအဖွဲ့တွေပါ ကူညီကြပါလို့ သူတို့က မေတ္တာရပ်ခံပါတယ်။
စစ်ကောင်စီကတော့ မုန်တိုင်းသင့်လယ်သမားတွေအတွက် မျိုးစပါး တင်းခုနစ်သောင်း ဖြန့်ဝေမယ်လို့ နိုင်ငံပိုင်သတင်းစာတွေကနေ ဇွန်လ ၂၄ ရက်နေ့က ကြေညာထားပါတယ်။ ဒါပေမယ့် အခုအချိန် အထိတော့ လယ်သမားတွေရဲ့လက်ထဲကို မရောက်ကြသေးပါဘူး။
မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ အိမ်တွေနဲ့ အရေးပေါ် စားနပ်ရိက္ခာတွေကိုလည်း ဖြစ်ဖြစ်မြောက်မြောက် ကူညီတာ မရှိသေးတာကြောင့် အခု စစ်ကောင်စီက မျိုးစပါး ထောက်ပံ့မယ်ဆိုတာကိုလည်း အယုံအကြည်မရှိကြဘူးလို့ လယ်သမားတွေက RFA ကိုပြောပါတယ်။