မန္တလေးက ပုံစံငယ် ဖန်တီးသူ
ကိုရန်နိုင်ဟာ အွန်လိုင်းကနေ လေ့လာပြီး နေအိမ်၊ ဂီတာ၊ ဆိုင်ကယ်၊ ဆင်းတုတော်၊ နန်းတော်၊ သင်္ဘော၊ မျှော်စင်နဲ့ စက်ရုပ် စတဲ့ ပုံစံငယ်လေးတွေ ဖန်တီးနေသူတစ်ဦး ဖြစ်ပါတယ်။
-
RFA Burmese
2024-05-21 -
-
-
ကိုရန်နိုင်ဟာ အွန်လိုင်းကနေ လေ့လာပြီး နေအိမ်၊ ဂီတာ၊ ဆိုင်ကယ်၊ ဆင်းတုတော်၊ နန်းတော်၊ သင်္ဘော၊ မျှော်စင်နဲ့ စက်ရုပ် စတဲ့ ပုံစံငယ်လေးတွေ ဖန်တီးနေသူတစ်ဦး ဖြစ်ပါတယ်။
"ရွာထဲမှာ ကလေးပျောက်ရင် ကျွန်တော့်နောက် လိုက်လာကြတာ။ ကျွန်တော့်ဆီ ရောက်လာတာပေါ့နော်။ ရွာထဲမှာ ဘယ်သူပျောက်ပျောက် သူ့အိမ်က ရန်နိုင်ဆီလာကြတာပေါ့။ ရွာရောက်သွားရင် ကလေးတွေက ကျွန်တော့်အနား ကပ်ကြတာ။ ကျွန်တော် ဒါလေးတွေ လုပ်တာတွေ ရွာကျတော့ ရွှံ့ရုပ်လေးတွေ လုပ်တော့ သူတို့က ကျွန်တော့်နောက်ပဲ ပတ်လိုက်နေကြတာ။ ရွာမှာဆို ကျွန်တော့်ကို ကလေးထိန်းလို့ပဲ ခေါ်ကြတယ်"
မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်က သူ့ရဲ့ ဇာတိရွာဖြစ်တဲ့ ရွှေတောင်ရွာကို ပြန်ရောက်တိုင်း ကလေးတွေအတွက် ဆော့စရာ အရုပ်ကလေးတွေ လုပ်ပေးဖြစ်တဲ့အကြောင်း ကိုရန်နိုင် ပြောပြတာပါ။
ကိုရန်နိုင်ဟာ သစ်သား၊ ဝါးခြမ်း၊ ဝါးနှီး၊ သွပ်နန်းကြိုးလေးတွေနဲ့ စွန့်ပစ်ဘူးခွံတွေကို အသုံးပြုပြီး ပုံစံငယ်မျိုးစုံကို ဖန်တီးနေသူပါ။
အသက် ၃၂ နှစ်အရွယ် ကိုရန်နိုင်က ငယ်စဥ်ကတည်းက ကိုယ်တိုင်ဆော့ကစားဖို့ ရွှံ့ရုပ်လေးတွေ သစ်သားလှည်းလေးတွေ စတဲ့ ကစားစရာလေးတွေ လုပ်တဲ့နေရာမှာ တခြားကလေးတွေထက် လက်ရာပိုကောင်းလို့ ချီးကျူးခံရလေ့ရှိတယ်လို့ ပြောပါတယ်။
အဲဒီလို အသိအမှတ်ပြု ချီးကျူးခံခဲ့ရချိန်ကစလို့ ကိုရန်နိုင်တစ်ယောက် ပုံစံငယ်လေးတွေ ဖန်တီးပြုလုပ်ရတာကို ဝါသနာပါလာခဲ့တာပါ။
အသက် ၁၂ နှစ်အရွယ်မှာတော့ သူတို့မိသားစုဟာ မန္တလေးမြို့အနီး ပုသိမ်ကြီးမြို့နယ်က အုန်းချောရွာကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။
စားဝတ်နေရေးအတွက် ကားမောင်းတဲ့အလုပ်ကိုလုပ်ကိုင်ရင်းနဲ့ အားလပ်တဲ့အချိန်လေးတွေမှာ ပုံစံငယ်လေးတွေ ဖန်တီးနေတာပါ။
သူဖန်တီးထားတဲ့ သင်္ဘောတစ်စီးဆိုရင် လနဲ့ချီကြာအောင် ဝါး၊ သစ်သား စတာတွေ သုံးပြီး နည်းအမျိုးမျိုးနဲ့ ဖန်တီးခဲ့တာပါ။
"ပုံမှန်ဆို လေးထောင့်လေး လုပ်ပြီးတော့ ဒါသေတ္တာဆိုပြီး ထည့်လိုက်လို့ရတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ကျတော့ အဲဒါကို မကျေနပ်ဘူး။ သေတ္တာဆို သေတ္တာလို ဖြစ်ရမယ်။ သေးပေမဲ့ တူအောင်လုပ်မယ်ဆိုပြီး ဒီလိုမျိုး အရှင်မျိုး နောက်မှာ ပတ္တာထည့်တယ်။ ရူးသွပ်မှုကတော့ အဲဒီလိုပဲ။ ကိုယ်ဖန်တီးတဲ့အရာကို ပြီးစလွယ် မလုပ်ချင်ဘူး"
ပုံစံငယ်လေးတွေ ဖန်တီးရတာ ဝါသနာပါတဲ့သူအဖို့ အွန်လိုင်းကနေ လေ့လာပြီး နေအိမ်၊ ဂီတာ၊ ဆိုင်ကယ်၊ ဆင်းတုတော်၊ နန်းတော်၊ သင်္ဘော၊ မျှော်စင်နဲ့ စက်ရုပ် စတဲ့ ပုံစံငယ်လေးတွေ ဖန်တီးပြုလုပ်ခဲ့တာပါ။
သူဝါသနာပါတဲ့ ပုံစံငယ်လေးတွေ ဖန်တီးရင်း အောင်မြင်သွားစေချင်တယ်လို့ ကိုရန်နိုင်ရဲ့ ဦးလေးဖြစ်သူ ဦးဇော်က ပြောပါတယ်။
"သူက ငယ်ငယ်လေးတည်းကမှ အဲဒီလိုမျိုးတွေ ဝါသနာပါတာ။ ကျွန်တော်ကတော့ သဘောကျတယ်။ လက်ရာလည်း မြောက်တယ်။ ဒီလိုမျိုးလေးတွေလုပ်ပြီးတော့ အောင်မြင်သွားတဲ့ ပုံစံမျိုးဖြစ်ရင်တော့ မြင်ချင်တာပေါ့လေ နော့်။ အဲလိုမျိုးလေးဆိုရင်တော့ ကောင်းတာပေါ့"
ကိုရန်နိုင်ရဲ့ ဝမ်းကွဲညီဖြစ်တဲ့ သန့်ထူးဇင်ကတော့ အရင်က ကလေးတွေဆော့ဖို့ ကစားစရာအရုပ်လေးတွေ လုပ်ပေးတာကိုသာ သိရပြီး အခုလို လက်ရာမြောက်လှတဲ့ ပုံစံငယ်လေးတွေ မြင်ရချိန်မှာ အံ့သြနေတာပါ။
"ဆော့စရာတွေဘာတွေ လုပ်ပေးတာ အဲဒီလိုမျိုး။ အစတုန်းက အဲဒီလို ဆော့စရာဘာညာ လုပ်တတ်တာလောက်ပဲထင်တာ။ ဒီလောက်ထိ လုပ်တတ်မယ်လို့ မသိဘူး။ ကျွန်တော်အကြိုက်ဆုံးက ဘာဖြစ်မလဲဆိုရင် သင်္ဘောပေါ့။ အဲဒါကို တော်တော် သဘောကျတယ်ဗျ။ အဲဒါက ဘယ်လိုတုန်း အနုစိတ်ဆိုတော့ တော်တော်လေးလည်း လက်ဝင်တယ်။ တော်တော်လေးလည်း ကြည့်လို့ကောင်းတယ်"
ကိုရန်နိုင်က ၂၀၁၇ ခုနှစ်လောက်ကစပြီး ပုံစံငယ်မျိုးစုံကို အာရုံစိုက်ပြီး ဖန်တီးဖြစ်လာခဲ့တာပါ။
"လိုချင်တဲ့ပုံစံ၊ ဘာပုံစံမဆို ကျွန်တော့်အနေနဲ့ လုပ်ပေးနိုင်ပါတယ်"
စီးပွားဖြစ်ရောင်းချတာမဟုတ်ပေမဲ့ ကလေးကစားစရာလို့ ထင်မှတ်ပြီး ဝယ်ယူဖို့ ဆက်သွယ်လာတာမျိုးတွေလည်း ရှိဖူးတယ်လို့ ကိုရန်နိုင်က ပြောပါတယ်။
ကားမောင်းတဲ့အလုပ်ကို လုပ်ကိုင်ရင်း အားလပ်ချိန်လေးတွေမှပဲ လက်ရာမြောက်တဲ့ ပုံစံငယ်လေးတွေ ဖန်တီးနေတဲ့ ကိုရန်နိုင်ဟာ ဝါသနာနဲ့ အလုပ်ထပ်တူကျဖို့ မျှော်လင့်နေပါတယ်။
"ဒီဥစ္စာလေးတွေကို တကယ် တန်ဖိုးထားတဲ့သူတွေအနေနဲ့ ဆက်သွယ်လာပြီးတော့ ဖန်တီးခိုင်းတာမျိုးလေးတွေရှိဖို့တော့ မျှော်လင့်တာပေါ့နော်။ အဲဒီလိုကျ ကိုယ့်ရဲ့ဝါသနာနဲ့ အလုပ်နဲ့ ထပ်တူကျတာပေါ့နော်။ ဒါလေးတွေဆိုလည်း ကျွန်တော့်အနေနဲ့ ဝါသနာပါလို့ ဖန်တီးရတာ။ နေရာအခက်အခဲကြောင့် ကျွန်တော်ဖန်တီးထားတဲ့ဟာလေးတွေက သူ့အလိုလို ပျက်စီးကုန်တာတွေရှိပါတယ်။ လူကတော့ လုပ်ချင်တယ်၊ နေရာကြောင့်ပေါ့နော်။ ခုနကပြောသလို သူတို့ရဲ့ လိုချင်တဲ့ပုံစံ ဘာပုံစံမဆို ကျွန်တော့်အနေနဲ့ လုပ်ပေးနိုင်ပါတယ်"