အရပ်ဘက်အဖွဲ့အစည်းတွေ ဆွေးနွေးပွဲများ ပိတ်ပင်ခံရမှုတွေရှိနေ

မန္တလေးမြို့မှာ အရပ်ဘက်အဖွဲ့အစည်းတွေက ကျင်းပတဲ့ တွေ့ဆုံပွဲတွေ၊ ဆွေးနွေးပွဲတွေနဲ့ သင်းတန်းတွေကို ပြီးခဲ့တဲ့ သြဂုတ်လလောက်ကစပြီး ခွင့်ပြုချက်မပေးတာတွေရှိနေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။

မန္တလေးမြို့မှာ အရပ်ဘက်အဖွဲ့အစည်းတွေက ကျင်းပတဲ့ တွေ့ဆုံပွဲတွေ၊ ဆွေးနွေးပွဲတွေနဲ့ သင်းတန်းတွေကို ပြီးခဲ့တဲ့ သြဂုတ်လလောက်ကစပြီး ခွင့်ပြုချက်မပေးတာတွေရှိနေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။

RFA သတင်းထောက် မခေမဏီဝင်း တင်ပြထားပါတယ်။

-------------------------------------------

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့က ကျင်းပဖို့ စီစဉ်ထားတဲ့ မန္တလေးမြို့ လုံခြုံရေး လူထုစကားဝိုင်း ကို မကျင်းပဖို့နဲ့ အောက်တိုဘာလလယ်မှာ ကျင်းပနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ကော်မတီ အစည်းအဝေးတွေကို ရပ်ဆိုင်းဖို့ တိုင်းဒေသကြီး အစိုးရတာဝန်ရှိသူတွေက ပိတ်ပင်တားဆီးတာတွေရှိခဲ့ပါတယ်။

မန္တလေးမြို့မှာ တွေ့ဆုံဆွေးနွေးပွဲ ကန့်သတ်ပိတ်ပင်ခံရတာတွေရှိလာတဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဒီလုပ်ရပ်ဟာ ပြည်သူတွေရဲ့ အခြေခံ ရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ စုဝေးခွင့်ကို ပိတ်ပင် တားဆီးရာရောက်ကြောင်း အစည်းအဝေးရပ်ဆိုင်းခံရတဲ့ အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကော်မတီက ဦးမြင့်ထွန်းက ပြောပါတယ်။

"အသင်းအဖွဲ့အတွက်လုပ်တာ မဟုတ်ဘူး။ အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်အတွက် ကော်မတီ အစည်းအဝေးလုပ်တာ။ ဒုတိယနေ့မှာ ဘယ်ကမှန်းမသိတဲ့သူ၊ တိတိကျကျမပြောဘဲ ထွေအုပ်ကလိုလို အစိုးရအဖွဲ့ကလိုလို အပိတ်ခံရတယ်။ ဘာဖြစ်နေလို့လဲ။ ဘယ်သူပိတ်တယ်ဆိုတာ တိတိကျကျမပြောဘူူး။ တော်တော်လေး စိတ်မကောင်းဘူး။ အစိုးရအဖွဲ့ကို ဖုန်းဆက်တော့လည်း မသိဘူး မေးကြည့်လိုက်ဦး မယ်ပြောတယ်။ မန်နေဂျာကလည်း သူ့ဖမ်းမယ်ဆိုလည်း အစည်းဝေးခန်းကို မီးတွေပါပိတ်သွားတယ်။ ကျနော်တို့ရဲ့ အခြေခံအခွင့်ရေးကို ထိပါးလိုက်သလိုဖြစ်သွားတယ်။ သူတို့ပြောထားတဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာစုဝေးခွင့်ဆိုတာကို သူတို့ကိုယ်တိုင် ကျော်လိုက်သလိုဖြစ်သွားတယ်"

ဒီလို ဆွေးနွေးပွဲတွေ၊ အစည်းအဝေးတွေကို ကျင်းပမယ်ဆိုရင် ပွဲမိန့်ရဖို့ နှစ်ပတ်ကြိုတင်ရမယ်လို့ သတ်မှတ်ထားပြီး စည်းကမ်းချက်အတိုင်း ဆောင်ရွက်သူတွေကိုပင် ခွင့်ပြုမိန့်မပေးတာ၊ ဆွေးနွေးမယ့်သူတွေရဲ့ ကိုယ်ရေးရာဇဝင် တင်မကဘဲ ဆွေးနွေးမယ့်သူတွေမှာ အိမ်ထောင်ရှိရင် အိမ်ထောက်ဘက်ရဲ့ ကိုယ်ရေးရာဇဝင်က အစတင်ပြရ တာတွေရှိနေတယ်လို့ အရပ်ဘက်ဘက်အဖွဲ့ဝင်တွေက ပြောပါတယ်။

အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အထက်မြန်မာပြည် တာဝန်ခံ ဦးစောလှအောင်က လက်ရှိအခြေအနေဟာ မန္တလေးတိုင်းအတွင်းမှာ ပွဲတစ်ခုကျင်းပမယ်ဆိုရင် ဆောင်ရွက်ရမယ့် နည်းလမ်းကို တိကျတဲ့ ပြဌာန်းထားမှုမရှိဘဲ တစ်မြို့နယ်ကို ဥပဒေတစ်ခုဖြစ်နေတယ်လို့ ပြောပါတယ်။

"အတိအကျသိရတာမျိုး မရှိဘူး။ အစိုးရအနေနဲ့ကလည်း ခေတ်ပျက်ကြီးမှာ ဗိုလ်လုပ်ရတာဆိုတော့ ရှင်းရမှာတွေ များတာနားလည်လို့ အရပ်ဘက်အဖွဲ့တွေက ဝိုင်းကူနေတာပေါ့။ ခွင့်ပြုချက်လိုအပ်လို့ အကြောင်းကြားဖို့လိုအပ်လို့ လုပ်မယ်ဆိုရင်လည်း ငြိမ်းစုစီဥပဒေလောက် ၄၈ နာရီကြိုတင်အကြောင်းကြားရုံလောက်လေး ဆိုရင်တော့ အတိုင်းအတာတစ်ခုထိ စဉ်စားလက်ခံပေးလို့ရမယ်လို့ မြင်ပါတယ်"

အဲဒီလို တိကျတဲ့ ပြဌာန်းမှုမရှိတာကြောင့် ပွဲကျင်းပခွင့်မရတာတွေ၊ ပွဲကျင်းပနေစဉ် ပိတ်ပင်ခံရတာတွေဟာ နှစ်လ၊ သုံးလခန့်ရှိပြီဖြစ်တာကြောင့် အရပ်ဘက်အဖွဲ့တွေ အခက်အခဲဖြစ်ရတယ်လို့ Generation Wave က ကိုဘိုဘိုမျိုးက ပြောပါတယ်။

"ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကိုးကားပြောချင်တယ်။  ကိုးကားပြောရရင် အမိုးအကာအောက်မှာ လုပ်နေတဲ့ပွဲတွေဆိုရင် ခွင့်ပြုမိန့်ဆိုတာ တောင်းနေစရာမလိုဘူးဆိုတာပါပြီးသား။ အခုလက်ရှိမှာလည်း ကြုံနေတဲ့အခါ ခွင့်ပြုမိန့်က သတင်းအချက်လက် လွဲနေတယ်ထင်တယ်။ မှတ်ပုံတင်ထားမှ ခွင့်ပြုမိန့်ပေးမယ် ဆိုတာမျိုးပေါ့၊ အဲဒီမှာ ၂၀၁၄ တုန်းက အသင်းအဖဲ့ွဥပဒေပြဌာန်းထားပါတယ်။ အတိအလင်းပါပါတယ်။ အသင်းအဖွဲ့တွေက မှတ်ပုံတင်ချင်လည်းရတယ်။ မှတ်ပုံမတင်ချင်လည်း ရတယ်ဆိုတာ။ မှတ်ပုံတင်ရင် နိုင်ငံတော်ကပေးမယ့် ဘယ်လိုအကျိုးခံစားခွင့်ရှိမယ်ဆိုတာ ပါပြီးသား။ မှတ်ပုံမတင်တဲ့သူတွေကို ဥပဒေနဲ့မညီလို့ ပွဲမိန့်မပေးဘူးဆိုတဲ့သူတွေကို ပြောချင်ပါတယ်။ အုပ်ချုပ်တဲ့နေရာမှာပဲဖြစ်ဖြစ် လက်ရှိရှိနေတဲ့ တည်ဆဲဥပဒေကို လိုက်နာဖို့လိုအပ်ပါတယ်"

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကို RFA က မေးမြန်းခွင့်ရခဲ့ပါတယ်။

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကတော့ ဆွေးနွေးသူတွေမှာ ဖိတ်ခေါ်ထားသူဟာ အတွေ့အကြုံ ရှိဖို့လိုပြီး အချက်အလက်နဲ့ တင်ပြဆွေးနွေးနိုင်သူတွေဖြစ်ဖို့လိုလို့ တရားဥပဒေကို ထိခိုက်စေနိုင်တဲ့ အသုံးအနှုန်းတွေ နဲ့ စွပ်စွဲပြောဆိုတာတွေ မလုပ်သင့်ကြောင်း ပြောပါတယ်။

"ပွဲမိန့် ဝန်ကြီးချုပ်ဆီ တိုက်ရိုက်မတင်ပါနဲ့၊ အောက်ခြေမှာပြီးသား၊ လုံခြုံရေး မကျိုးပေါက်ရင်၊ နိုင်ငံအတွက် အကျိုးပြုမယ်ဆိုရင်ပေးလိုက်၊ ကျနော်ဆီကလူတွေက အကာကွယ်လိုချင်တယ်။ ကျနော်က ခွင့်ပြုမှဆိုတာ။ အခုလည်း လျှောက်ထားတဲ့သူတွေ အများကြီးပဲ။ ဆွေးနွေးတယ်ဆိုတာ ဆွေးနွေးနိုင်တဲ့သူက အများပြည်သူ လေးစားရတဲ့သူဖြစ်ရမယ်။ အတွေ့အကြုံရှိရမယ်။ ဟိုလူကောက်တင်၊ ဒီလူကောက်တင် ပွဲလေးဖြစ်ပြီး လူလေး ၇၀ လောက်နဲ့ဆိုရင် စဉ်းစားပေါ့ဗျာ။ အရပ်ဘက်အဖွဲ့ဆိုတာ မရှိလို့မဖြစ်ဘူး။ အားလုံးက ဒီမိုကရေစီ ခိုင်ခန့်အောင်လုပ်ရမှာ။ နိုင်ငံရေးစကားလုံး၊ လူမှုရေးစကားလုံး ဘယ်လိုခွဲခြားမလဲ။ ဥပဒေက ရှိတယ်နော်။ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့သုံးငွေ ဘယ်ကရလဲ။ ရန်ပုံငွေ ဘယ်ကရလဲ၊ ဘယ်သူတွေ လှူနေလဲ၊ ပွဲတစ်ပွဲလုပ်ရင် ဘယ်လောက်သုံးနေလဲ၊ ဘယ်သူမှ မတင်ဘူး"

ဒါ့အပြင် ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးဖို့ ဖိတ်ကြားထားတဲ့သူတွေဟာ လူသိထင်ရှားသူတွေ မဟုတ်တာ၊ အတွေ့အကြုံအရ အားနည်းတာတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အသုံးစရိတ် ရှင်းတမ်းမတင်ပြ တာတွေကြောင့်လို့လည်း ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

ဆွေးနွေးပွဲမှာ ပါဝင်သူဟာ ထင်ပေါ်ကျော်ကြားဖို့လိုလားဆိုတဲ့ ပြောဆိုချက်အပေါ် မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက်က သူ့အမြင်ကို အခုလို ပြောပါတယ်။

"ပြောတဲ့အကြောင်းအရာအပေါ် ကျွမ်းကျင်ပိုင်နိုင်တယ်ဆိုရင် ပြောတဲ့သူက နာမည်ကြီးစရာမလိုပါဘူး ပြောဆိုပိုင်ခွင့်ရှိရပါမယ်"

မန္တလေးတိုင်းဒေသကြီးအခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော်ရှိပြီး အခုလို အခက်အခဲ ကြုံတွေ့နေရ တာတွေနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို ကောက်ယူပြီး မကြာခင်ရက်ပိုင်းအတွင်းမှာ တိုင်းဒေသကြီးအစိုးရကို တင်ပြသွားဖို့ စီစဉ်နေတယ်လို့လည်း အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်ရှင်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org