တိုက်ပွဲမှာ ကိုယ်လက်အင်္ဂါထိခိုက်ခဲ့တဲ့ ရဲဘော်တွေကို ကူညီဖို့ ရန်ပုံငွေ ပန်းချီပြပွဲ မဲဆောက်မှာကျင်းပ

စစ်အာဏာရှင် တော်လှန်ရေးမှာ ကိုယ်လက်အင်္ဂါထိခိုက်ဆုံးရှုံးခဲ့တဲ့ ဒဏ်ရာရ ရဲဘော်တွေကို ကူညီဖို့အတွက် ရန်ပုံငွေ ပန်းချီပြပွဲကို မဲဆောက်မြို့မှာ ကျင်းပနေပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ (Border line Art Gallery) တွင် ဇန်နဝါရီလ ၁ဝ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပနေသည့် ပန်းချီပြပွဲ မြင်ကွင်းတစ်ခု။ RFA

စစ်အာဏာရှင် တော်လှန်ရေးမှာ ကိုယ်လက်အင်္ဂါထိခိုက်ဆုံးရှုံးခဲ့တဲ့ ဒဏ်ရာရ ရဲဘော်တွေကို ကူညီဖို့အတွက် ရန်ပုံငွေ ပန်းချီပြပွဲကို ဇန်နဝါရီ ၁၀ ရက်နေ့ကနေ ၁၇ ရက်အထိ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က Border Line Art Gallery မှာ ကျင်းပနေပါတယ်။

ပန်းချီပြပွဲမှာ စစ်ပွဲတွေအတွင်း ဒဏ်ရာရခဲ့တဲ့ ရဲဘော်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ Sunshine Care Center (SCC) မှာ ခိုလှုံနေထိုင်တဲ့ ရဲဘော် နှစ်ဦးနဲ့ ပြန်လည်သန်စွမ်းရေးအတွက် ဒဏ်ရာရရဲဘော်တွေကို အကူအညီပေးနေသူ ရဲဘော် တစ်ဦးတို့ရဲ့ ဆီဆေး၊ ရေဆေး၊ ခဲပန်းချီနဲ့ ကြိုးပန်းချီ အနုပညာလက်ရာတွေ  ပြသနေတာပါ။

ကရင်ပြည်နယ်၊ မြဝတီမြို့၊ လေးကေကော်မြို့သစ်မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေရဲ့ တိုက်ပွဲမှာ ရဲဘော် စောစေးဝါး မျက်စိတစ်ဖက် အမြင်အာရုံချွတ်ယွင်းခဲ့တဲ့အပြင် ခြေထောက်နှစ်ချောင်းအရိုးတွေ ကြေမွဒဏ်ရာရခဲ့ပါတယ်။

အဲဒီနောက် တစ်နှစ်ကျော်အကြာ ဒဏ်ရာသက်သာလာပြီး နောက်ပိုင်း တိုက်ပွဲထဲ ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေကို တွေးမြင်ခံစားရေးဆွဲထားတဲ့ ပန်းချီကားတွေနဲ့ ရန်ပုံငွေရဖို့ ပြပွဲလုပ်တာလို့ ရဲဘော်စောစေးဝါးက RFA ကို ပြောပါတယ်။

"ရေးတဲ့ပုံကတော့ ကျွန်တော်တို့ တော်လှန်ရေးမှာ ဆန္ဒပြရင်းနဲ့ ထိခိုက်မိသွားတဲ့ ကျွန်တော့သူငယ်ချင်းပုံပါမယ်၊ ဒီရဲဘော်တွေရဲ့ ပြန်လည်ကြိုးစားနေတဲ့ ပုံတွေပါမယ်၊ အချင်းချင်း ရိုင်းပင်းကူညီနေတဲ့ပုံပါမယ်၊
ဒီပြပွဲလေးကို လာရောက်အားပေးပါ၊ နောက်တစ်ခုက ကျွန်တော်တို့ ဆွဲထားတဲ့ပုံတွေ၊ ကြိုးပန်းချီကအစပေါ့နော် အနုစိတ် ကျွန်တော်တို့ သေသေချာချာ ကြိုးစားရတာပေါ့နော်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အကောင်းဆုံးချပြပေးထားပါတယ်ပေါ့နော်၊ နောက်တက်နိုင်သလောက် ဉာဏ်စွမ်းရှိသလောက် ကျွန်တော်တို့ကြိုးစားပြီး ရေးပြထားတယ်၊ ဘယ်လိုအခြေနေမှာဘဲဖြစ်ဖြစ် ကျွန်တော်တို့ရဲဘော်တွေ စွမ်းစွမ်းတမံ တော်လှန်ရေးမှာ ပါဝင်နေတဲ့အကြောင်း ကျွန်တော်ဖော်ပြထားတယ်ပေါ့၊ အဲဒါကြောင့် အားပေးကြည့်ရှုပေးပါ။"

ပြပွဲမှာ SCC စင်တာက ရဲဘော် စောစေးဝါးအပြင် ရဲဘော် ကိုသက်နဲ့ ရဲဘော် ကျော်သူရ တို့ရဲ့ အနုပညာလက်ရာ ပန်းချီကားပေါင်း ၃၁ ကားကို ပြသထားပြီး ပန်းချီကားရောင်းရငွေကို SCC စင်တာမှာ လိုအပ်တဲ့ လူနာတင်ယာဉ် ဝယ်ဖို့နဲ့ ရှေ့တန်းရောက် ရဲဘော်တွေရဲ့ လိုအပ်ချက်တွေကို ပံပိုးဖို့သွားမယ်လို့  ရဲဘော်စောစေးဝါးက ပြောပါတယ်။

ဒါ့အပြင် မြန်မာပြည်က တိမ်းရှောင်လာပြီး လက်ရှိ SCC စင်တာအတွက် သဘာဝ သစ်ရွက်သစ်ခက်နဲ့ ဆေးဆိုးပန်းရိုက်ဖန်တီးထားတဲ့ (ECO' Printing) လူသုံးကုန် အဝတ်အထည်တွေ ‌ချုပ်လုပ်ရောင်းချပြီး ရရှိလာတဲ့ အမြတ်ငွေ ငါးဆယ်ရာခိုင်နှုန်းကို လူနာတင်ကားဝယ်ဖို့ သူ့မအနေနဲ့ ကူညီလုပ်ဆောင်ပေးနေတယ်လို့ ပန်းချီပြပွဲမှာ လာရောက်ကူညီသူ အမည်မဖော်လိုတဲ့  အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"အခုဟာဆိုလို့ရှိရင် အင်္ကျီတွေရောင်းနေတယ်၊ ရောင်းရငွေရဲ့ ငါးဆယ်ရာခိုင်နှုန်းကို လူနာတင်ယာဉ်ဝယ်ဖို့ပေါ့နော် အဲဒါကို ရည်ရွယ်ထားကြတယ်ပေါ့၊ မဲဆောက်မှာ ရပ်ကွက်တွေထဲမှာ လူနာတင်ယာဉ်တွေရှိပေမဲ့ ဒီလူနာတင်ယာဉ်သည် နယ်စပ်မှာ စစ်ကြောင့်မို့လို့ ဒဏ်ရာရတဲ့လူတွေကို အရေးပေါ်ကယ်ထုတ်ဖို့လို့လည်း ကျွန်တော်တို့က 4 Wheel (ဖိုးဝှီး) ကားဝယ်ဖို့လိုပါတယ်"

စစ်အာဏာရှင်ကို တော်လှန်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ ရဲဘော်တွေကို SCC စင်တာမှာ ဆေးကုသမှု၊ကျန်းမာရေးစောင့်ရှောက်မှု၊ ပြန်လည်သန်စွမ်းရေးနဲ့ အသက်မွေးဝမ်း‌ကြောင်း လက်မှုပညာတွေ သင်ကြာပေးပြီး ရဲဘော်တွေ ဖန်တီးထားတဲ့ ပန်းချီ အနုပညာပြပွဲကို စီစဉ်တာလို့ Sunshine Care Center (SCC) က တာဝန်ရှိသူ မနေခြည်လင်းက ပြောပါတယ်။

"ရှေ့တန်းစစ်မြေပြင်မှာ ပေးဆပ်ခဲ့တဲ့ ကလေးတွေပေါ့နော် သူတို့လည်း ပြန်လည်ပြီးတော့ အတိုင်းအတာတစ်ခုနဲ့ သူတို့ဒဏ်ရာတွေရခဲ့တယ်၊ သူတို့ကုသခဲ့တယ် အချိန်တွေယူခဲ့တယ်၊ အခုကတော့ ပြန်လည်ထူထောင်တဲ့အချိန်ပေါ့။ ငါတို့အရှုံးမပေးသရွေ့ ငါတို့နိုင်တယ်၊ အဲဒီတော့ အရာအားလုံးကို ကျော်ဖြတ်နိုင်တဲ့ တစ်ခုထဲသော ခွန်အားကတော့ ယုံကြည်ချက်နဲ့ မေတ္တာပါဘဲ၊ ကျွန်မတို့ ယုံကြည်ချက်ခိုင်ခိုင်မာမာထားကြမယ်၊ ကိုယ့်နိုင်ငံကို တစ်နေ့ငါတို့အတူတူ လက်တွဲပြီးပြန်မယ်ဆိုတဲ့ ယုံကြည်ချက်ပေါ့၊ မေတ္တာကတော့ ခုနကပြောသလို့ ကျွန်မတို့ရဲ့ ဒီအဝန်းအဝိုင်းလေးက အများကြီး မကြီးကျယ်နေပါဘူး၊ တစ်ယောက်နဲ့တစ်ယောက် ကျွန်မတို့ ဖေးမခြင်းနဲ့ဘဲ သွားတဲ့အတွက် ဒီနေ့အထိရပ်တည်နိုင်နေတာပါ။"

ရဲဘော်စောစေးဝါးကလည်း လက်ရှိအချိန်မှာတော့ သူနဲ့ ဘဝတူ ဒဏ်ရာရ ရဲဘော်တွေ အနေနဲ့ စိတ်ဓာတ်မကျဘဲ တော်လှန်ရေးပြီးတဲ့အထိ ရောက်ရာနေရာက ပါဝင်ဖို့ ဆန္ဒရှိနေကြတဲ့အပြင် တော်လှန်ရေးအတွက် လိုအပ်တဲ့ ရန်ပုံငွေရတဲ့ အလုပ်တွေ ဆက်လုပ်ပြီး ထောက်ပံသွားမယ်လို့ ပြောပါတယ်။

"ဒဏ်ရာရရဲဘော်အများစုကတော့ စိတ်ဓာတ်ကျမယ်လို့တော့ ကျွန်တော်မထင်ဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲဘော်တွေအကြောင်း ကျွန်တော်တို့ အသိဆုံးမို့လို့၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဘယ်လိုအခြေနေမျိုးမှာဖြစ်ဖြစ် ရအောင်ဆော်မယ်၊ ရအောင်တိုက်မယ်ဆိုတဲ့ ဆန္ဒတွေဘဲရှိတဲ့အတွက် အခုလက်ရှိ ဘာလုပ်ရမှန်းမသိသေးတဲ့ ရဲဘော်တွေအတွက်ဆိုရင်တော့ ကျွန်တော်ပြောချင်တာ တစ်ခုရှိတယ် ရတဲ့နေရာကနေ ကျွန်တော်တို့ တော်လှန်နေရင်းနဲ့ ခရီးဆက်ပြီးပို့မယ်လို့ ပြောချင်ပါတယ်။"

SCC စင်တာအနေနဲ့ အခု သုံးနှစ်နီးပါးကာလအတွင်း ဒဏ်ရာရရဲဘော် ငါးရာဝန်းကျင်ကို ကူညီစောင့်ရှောက်ပေးခဲ့ပြီး လက်ရှိမှာ ကရင်နီဒေသနဲ့ တောင်ပိုင်းတိုင်း စစ်ဒေသထဲက လူနာ တစ်ရာကျော်ရဲ့ ထိခိုက် ဒဏ်ရာ‌တွေ ကုသပေးတာနဲ့ ပြန်လည်သန်စွမ်းရေး အစီအစဉ်တွေ ကူညီဆောင်ရွက်ပေးနေတယ်လို့  မနေခြည်လင်းက ပြောပါတယ်။

"အနောတို့ အနေနဲ့ကတော့ ဒီစာရင်းအရဆိုရင်တော့ လေးရာကျော် ငါးရာလောက်ရှိပြီပေါ့၊ လက်ရှိမှာလည်းဘဲ ၁၀၀ ကျော်ပတ်ချာလည်လောက်ရှိပါတယ်၊ ပြောရမယ်ဆိုရင်တော့ တကယ်လိုအပ်နေပြီးတော့ အနောတို့ဆီရောက်လာတဲ့ မှန်ကန်သောပေါ့နော် တော်လှန်ရေးဘက်တော်သား ဘယ်သူ့ကိုမဆို အနောတို့က တက်နိုင်တဲ့တစ်စိတ်တစ်ပိုင်းအရ ကူညီပေးနေပါတယ်၊ Save house မှာဖြစ်စေ၊ ပြင်ပမှာရှိသော တစ်ချို့တစ်ချို့ကိုလည်း အနောတို့ ကူညီပေးနေပါတယ်၊ ခုနက အနောပြောသလိုပါဘဲ အနောတို့နဲ့ လမ်းခြင်းတူတဲ့သူ ဘယ်သူမဆိုပေါ့နော် အနောတို့အချင်းချင်း ဖေးမပေးပါတယ်။"

အရေးပေါ်ထိခိုက်ဒဏ်ရာရသူတွေအပြင် ကိုယ်လက်အင်္ဂါ ပြန်လည်ထူထောင်ရေးအတွက်လိုအပ်လို့ ရောက်လာသူတချို့ကိုလည်း SCC မှာ စောင့်ရှောက်ပေးထားတယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org