လက်နှစ်ဖက်မရှိပေမယ့် ပဲပြုတ်ရောင်းပြီး ဘဝတည်ဆောက်နေတဲ့ မလှမိုး
အသက် ၅၀ အရွယ် မလှမိုးဟာ မွေးရာပါ လက်နှစ်ဖက်စလုံးမပါတဲ့သူတစ်ယောက်ပါ။ သူ့ကို ဧရာဝတီတိုင်း ဓနုဖြူမြို့မှာမွေးဖွားခဲ့ပြီး ၁၃ နှစ်အရွယ်ကတည်းက ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်ကြီးပြင်းခဲ့ပါတယ်။
-
RFA Burmese
2022-12-30 -
-
-
ဆိုင်ကယ်ဘေးတွဲပေါ်က မင်္ဂလာပါ ပဲပြုတ် ဆိုတဲ့အသံနဲ့အတူ မလှမိုးတို့ ဇနီးမောင်နှံ နှစ်ယောက် ရန်ကုန်မြို့ကြီးရဲ့ တောင်ဥက္ကလာပနဲ့ သင်္ဃန်းကျွန်းမြို့နယ်မှာ လှည့်ပြီး ဈေးရောင်းနေပါတယ်။
အသက် ၅၀ အရွယ် မလှမိုးဟာ မွေးရာပါ လက်နှစ်ဖက်စလုံးမပါတဲ့သူတစ်ယောက်ပါ။ သူ့ကို ဧရာဝတီတိုင်း ဓနုဖြူမြို့မှာမွေးဖွားခဲ့ပြီး ၁၃ နှစ်အရွယ်ကတည်းက ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်ကြီးပြင်းခဲ့ပါတယ်။
သူ့ကိုမွေးတုန်းက အိမ်နီးချင်းတချို့က စွန့်ပစ်ဖို့တိုက်တွန်းခဲ့ပေမယ့် မိဘတွေက မစွန့်ပစ် ဘဲ ပြုစုပျိုးထောင်ခဲ့တာကြောင့် နောင်ဘဝလူဖြစ်မယ်ဆိုရင် ဒီမိဘနှစ်ပါးနဲ့ သူ့ကို အနစ်နာခံပြုစုခဲ့ကြတဲ့ ညီအစ်ကို မောင်နှမတွေနဲ့ပဲ လူပြန်ဖြစ်ချင်ပြီး တတ်နိုင်သလောက် လုပ်ကျွေးပြုစုချင်တယ်လို့ ပြောပါတယ်။
“သူ့ကို အိုးထဲထည့်ပြီး မျောလိုက်တဲ့၊ အဲတော့ မကြီးတို့ အဖေက ဘာပြောလဲဆိုတော့ ငါ့သမီးကို ငါ ဘယ်ဘဝရောက်ရောက် ငါမွေးမယ် အဖေက အဲလိုစကားလေး ပြောလိုက် တယ်။ ပြောလိုက်တော့ အဲလိုနဲ့ပဲ မကြီး ကြီးပြင်းလာရတာပေါ့ ဆိုတော့။ ငါ့အဖေဟာ ငါ့အပေါ် တော်တော်လေးကိုပေါ့နော် ဒီလိုမစွမ်း မသန်ဖြစ်နေတာတောင် မပစ်ရက်ဘူး၊ ဒါကြောင့်မို့ နောင်ဘဝမှာ ဒီအဖေ၊ ဒီအမေ၊ ညီအစ်ကို မောင်နှမတွေနဲ့ ပြန်ဆုံချင်တယ်၊ တတ်နိုင်သလောက်ကို လုပ်ကျွေးသမှုပြုချင်တယ်ပေါ့နော် ဒါမကြီးရဲ့ ခံယူချက်ပါ”
သူဟာ ၁၃ နှစ်သမီးလောက်ကတည်းက ဆေးဆိုးပန်းရိုက်လုပ်ငန်း၊ မြန်မာ့ထီးလုပ်ငန်း တွေမှာ အလုပ် လုပ်ခဲ့သလို၊ သင်္ကြန်တွင်းဆို ရေခဲရောင်းတာ၊ သီတင်းကျွတ်ဆို မီးပုံး ရောင်းတာတွေ လုပ်ခဲ့ပါတယ်။
"ပဲပြုတ်ရောင်းတာ တစ်သောင်းခွဲ နီးပါးမြတ်လိုက် တစ်သောင်း မြတ်လိုက်။ အခါတိုင်းဆို နှစ်သောင်းခွဲလောက် မြတ်တယ်။ အခု ပဲဈေးတွေကကြီးတော့ သိပ်မမြတ်တော့ဘူး"
နောက်ပိုင်းမှာတော့ ယောက္ခမတွေဆီကနေ ပဲပြုတ်လုပ်နည်းကို သင်ယူခဲ့ပါတယ်။ အခုတော့ စားတော်ပဲပြုတ်နဲ့ ပဲကတ္တီပါပြုတ်ကို ခင်ပွန်းသည်နဲ့အတူ သုံးဘီးဆိုင်ကယ်နဲ့ လှည့်ရောင်းပြီး ဘဝကို ရှင်သန်ရပ်တည်နေကြတာပါ။
ဒီလောက်အလုပ်လုပ်နေတဲ့ကြားထဲမှာပဲ အခက်အခဲမျိုးစုံကြုံရတဲ့အကြောင်း မလှမိုးရဲ့ ခင်ပွန်း ကိုမျိုးအောင်က ပြောပါတယ်။
“အရုပ်ရောင်းတာ သိပ်မကျန်ပါဘူး။ အခု အဲမှာကြည့်ပါလား အရုပ်တွေ အများကြီး ကျန်သွားတာ။ အဲမှာ နှစ်သိန်းနီးပါးပဲ ရှုံးသွားတာ။ ပဲပြုတ်ရောင်းတာ တစ်သောင်းခွဲ နီးပါးမြတ်လိုက် တစ်သောင်း မြတ်လိုက်။ အခါတိုင်းဆို နှစ်သောင်းခွဲလောက် မြတ် တယ်။ အခုပဲဈေးတွေကကြီးတော့ သိပ်မမြတ်တော့ဘူး၊ ဆီဖိုးနဲ့ အုံနာကြေးနဲ့ မကိုက် တော့ဘူး။ အဲဒါကြောင့် နင်ပဲ ခဏလေး နားလိုက်ဦး၊ ငါဆိုင်ကယ်ထွက်လိုက်မယ် ရတာနဲ့စားမယ် အိမ်လခရတာစုမယ် အဲလိုပဲ ရုန်းကန်နေရတယ်။ ရလိုက် စားလိုက်နဲ့ မစုမိဘူး။ အိမ်လခပေးခါနီးကျရင် မျက်လုံးပြူးနေရတော့ မနည်းရှာနေရတယ်”
အသက် ၄၀ အရွယ်မှာ ကိုမျိုးအောင်နဲ့ အိမ်ထောင်ကျပြီး တောင်ဥက္ကလာမြို့နယ်က အိမ်ခန်းကျဉ်း လေးတစ်ခန်းငှားပြီး ခင်ပွန်းနဲ့အတူနေကြတာပါ။ ကိုမျိုးအောင်က သုံးဘီးဆိုင်ကယ်မောင်းပြီး၊ သူကတော့ ညနေခင်းမှာ ခင်ပွန်းရဲ့ သုံးဘီးဆိုင်ကယ်နဲ့ ပဲပြုတ်ထွက်ရောင်းပါတယ်။
သူတို့ဟာ အိမ်ခန်းကျဉ်းလေးမှာနေရတာကြောင့် စားတော်ပဲပြုတ်ဖို့ ကြိုတင်ပြင်ဆင်ရတဲ့ အဆင့်ဆင့် အလုပ်တွေအတွက် နေရာအခက်အခဲရှိနေပါတယ်။ ဒါကြောင့် ပဲကိုရေစိမ်ပြီး အညှောင့်ဖောက် ရောင်းတဲ့ဆိုင်ကပဲဝယ်ပြီး ပြုတ်ရောင်းရပါတယ်။
ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းထားတဲ့ အခုကာလမတိုင်က တစ်ရက်ကို ပဲပြုတ် ငါးပြည် လောက်ရောင်းခဲ့ရပေမယ့် အခုဆိုရင် ပဲဈေးနဲ့ မီးသွေးဖိုးမြင့်တက်လာလို့ တစ်ရက် ကို နှစ်ပြည်လောက် ပဲ ရောင်းနိုင်တယ်လို့ ပြောပါတယ်။ ဆိုင်ကယ်ဆီဖိုး၊ အုံနာခဈေးတက် တဲ့အပြင်၊ ဆိုင်ကယ်ဘေးတွဲ အဖမ်းအဆီးလည်းရှိတာကြောင့် တစ်ပတ်မှာ သုံးရက်လောက် ပဲ ထွက်ရောင်းနေရပါတယ်။
မလှမိုးဟာ လက်နှစ်ဖက်လုံးမရှိတဲ့အတွက် ဘာလုပ်လုပ် ခြေထောက်နဲ့ပဲလုပ်ရပါတယ်။ မျက်နှာ ယားရင်လည်းခြေထောက်နဲ့ပဲ ပွတ်သပ်ရတာကြောင့် မျက်လုံးထိခိုက်လာတဲ့ အတွက် သူ့ရဲ့တူမ မမေဇင်ထိုက်က ဆေးခန်းပြဖို့ ပြင်နေတယ်လို့ ပြောပါတယ်။
“သူက ညီမတို့လိုမျိုး လက်မရှိဘူးလေ။ လက်မရှိတဲ့အခါကျတော့ ဒီခြေထောက်က မြေကြီးကို တစ်ချိန်လုံးနင်းနေရတာ။ မြေကြီးကို တစ်ချိန်လုံးနင်းနေရတဲ့ ဒီခြေထောက် နဲ့ သူက မျက်စိကို အမြဲပွတ် နေရတော့လေ ပိုးဆိုတာ။ မျက်စိဆိုတဲ့အရာက နုနုလေး၊ အဲဒါညီမတို့က တစ်ရှူးလေးတွေနဲ့လုပ် ဆိုတာ သူက အလွယ်ပဲ အဲလိုလုပ်တော့ မျက်လုံးက ပိုပိုရဲလာပြီးတော့ မျက်သားကထွက်တာမရပ်ဘူး နောက်ပြီးတော့ သူ ခိုးလိုးခုလုဖြစ်တယ်တဲ့၊ ခိုးလိုးခုလုဖြစ်တယ်ဆိုတော့ သူ့ကို အခု ညီမတို့ ညီအစ်ကို မောင်နှမတွေအကုန်လုံးက စုပြီးတော့ ဒီမျက်စိပြပေးမယ့်အစီအစဉ်တော့ လုပ်ထား တယ်”
ဒါပေမဲ့ မလှမိုးက ဆွေမျိုးတွေကိုအားနာလို့ ဆေးခန်းကို သူ့ဘာသာအရင်သွားပြကြည့်ပြီး မတတ်နိုင်မှ အကူအညီတောင်းသင့်ရင်တောင်းမယ်လို့ ဆိုပါတယ်။
သူ ငယ်ငယ်က အခုလို မသန်စွန်းသူတွေရဲ့ အခွင့်အလမ်းတွေ သိပ်မထွန်းကားသေးတာ ကြောင့် အခြေခံပညာပဲ သင်ယူခဲ့ရပါတယ်။ အဲဒီတုန်းက ရှက်စိတ်နဲ့ စိတ်ဓာတ်ကျ အားငယ်ခဲ့ရပြီး ညတိုင်းလိုလို မျက်ရည်ကျခဲ့ပေမယ့် ကိုယ့်စိတ်ကိုယ်မြှင့်တင်ပြီး ရုန်းကန် ခဲ့တာကြောင့် အခုလို ဘဝရောက်လာတာ လို့ဆိုပါတယ်။ ဒါကြောင့် ဘဝတူတွေကိုလည်း စိတ်ဓာတ်မကျ အားမငယ်ဖို့ မလှမိုးက ပြောပါတယ်။
“တတ်နိုင်သလောက်တော့ စိတ်ဓာတ်မကျဖို့ပေါ့နော်၊ စိတ်ဓာတ်မကျဖို့ဆိုတာ ငယ်ငယ် တုန်းကလည်း စိတ်ဓာတ်ကျခဲ့ပါတယ်၊ ရှက်လည်း ရှက်တတ်တယ်။ အားငယ်တယ်၊ ညဘက်ကျလို့ရှိရင်လေ အဲဒီအား ငယ်တဲ့စိတ်က မျက်ရည်တွေကျခဲ့ရတယ်။ အမျိုးမျိုး ပေါ့ အားငယ်ခဲ့ရတာပေါ့နော်။ အခုအရွယ်လည်း ရောက်ရော ငါရှက်နေလို့လည်း မဖြစ် ဘူး၊ ကြောက်နေလို့လည်းမဖြစ်ဘူး ငါလုပ်မှ ငါစားရမှာပါလား ငါတော့ ဘယ်လိုလေး လုပ်ရင်ကောင်းမလဲ အခုအချိန်အထိလည်း အမြဲတမ်း တွေးနေတုန်းပဲ”
၂၀၁၄ ခုနှစ်၊ လူဦးရေနဲ့ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ မသန်စွမ်းဦးရေ ၂.၃ သန်းကျော်ရှိပါ တယ်။ မြန်မာနိုင်ငံဟာ မသန်စွမ်းတွေရဲ့ အခွင့်အရေးကိုကာကွယ်ဖို့ ကုလသမဂ္ဂမသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာကွန်ဗန်းရှင်း (United Nations Convention on the Rights of Persons with Disabilities- UNCRPD) ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
လက်ရှိအချိန်မှာ မလှမိုးတို့ဇနီးမောင်နှံဟာ ပဲပြုတ်ရောင်းအားကျပြီး အကျိုးအမြတ်နည်း သွားပေမယ့်၊ ခင်ပွန်းက သုံးဘီးဆိုင်ကယ်မောင်း၊ သူက ဘေးကနေ ပဲပြုတ်လိုက်ရောင်းရင်း ဘဝရှင်သန်ရေးကို တက်ညီလက်ညီ ချီတက်နေကြဆဲပါ။