ရခိုင်က စစ်ရေယာဉ်ပေါ် နှိပ်စက်ခံခဲ့ရသူတွေ မျက်ကွယ်ပြုခံထားရ

ရခိုင်ပြည်နယ်၊ ကျောက်ဆိပ်ရွာက ဒေါ်နီနီအေးဟာ ရခိုင်ရိုးရာ လက်လုပ်မုန့်တွေကို ရောင်းချရင်း သူ့သားပြန်လာမယ့်နေ့ကို မျှော်နေပါတယ်။

စစ်ရေယာဉ်ပေါ်မှာ နှိပ်စက်ခံနေရတဲ့ ကျောက်ဆိပ်ရွာသားတွေကို တွေ့ရစဉ် Photo: Citizen Journalist

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာမှာနေထိုင်တဲ့ အသက် ၄၉ နှစ်အရွယ် ဒေါ်နီနီအေးဟာ ရခိုင်ရိုးရာ လက်လုပ်မုန့်တွေကို အရပ်ထဲ လှည့်လည်ရောင်းချရင်း သူ့သား ပြန်လာမယ့်နေ့ကို မျှော်နေပါတယ်။

သားဖြစ်သူ အသက် ၂၇ နှစ်အရွယ် ကိုညီညီအောင် ဟာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တွေခရိုင် တရားရုံးမှာ အကြမ်းဖက်ဥပဒေနဲ့ တရား ရင်ဆိုင်နေရတာ အခုဆိုရင် နှစ်နှစ်နီးပါး ရှိလာပါပြီ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စစ်ကောင်စီက အေအေအဖွဲ့နဲ့ ပတ်သက်တဲ့ လူ ၄၆ ဦးကို ပြန်လွှတ်ပေးမယ်လို့ ကြေညာခဲ့ပေမယ့် အဲဒီအထဲမှာလည်း သူ့သား ပါမလာခဲ့ပါဘူး။ အခုတော့ သားဖြစ်သူရဲ့ နောက်ထပ် ရုံးချိန်းကို သွားရောက်နိုင်ဖို့ ဒေါ်နီနီအေး ပြင်ဆင် နေရပါပြီ။

"အခု အရင်က မလုပ်ဖူးတဲ့အလုပ်တွေ လုပ်နေရတယ်။ မနက် ညဉ့် ၂ နာရီကတည်းက အိပ်ရာထတယ်။ မုန့်လုပ်တယ်။ မုန့်ရောင်းတယ်။ ရလာတဲ့ ပိုက်ဆံတွေကို သားကို သွားတွေ့ဖို့အတွက် စုဆောင်းတယ်။ အန်တီက အရင်တုန်းကဆိုရင် လှူဒါန်းနိုင်တယ်။ သူများတွေကို ပေးနိုင်၊ ကမ်းနိုင်တယ်။ အခု လက်ရှိဘဝက သူများတွေက ပေးတာ ကမ်းတာကို စားနေရတဲ့ဘဝ။ အန်တီတို့မှာ အဲဒီသားလေးတစ်ယောက် မရှိတာနဲ့ ကမ္ဘာကြီး ပျက်သွားသလို ဖြစ်နေတယ်။ နေ့စဉ်နဲ့အမျှ ခံစားနေရတယ်။ ထောင်မှာရှိတဲ့ သားကိုတောင် မပေးနိုင်၊ မကမ်းနိုင်တော့ဘူး"

အမှုရင်ဆိုင်နေရတဲ့ ကိုညီညီအောင်ဟာ မိသားစု ဆင်းရဲတာကြောင့် အဖမ်းမခံရခင်က ကျပန်းအလုပ်တွေနဲ့ မိသားစုကို ရှာကျွေးခဲ့သူပါ။

အခုတော့ ကျောက်ဆိပ်ရွာကနေ မိုင် ၂၀ ကျော်ဝေးတဲ့ စစ်တွေမြို့က တရားရုံးချိန်းကို သွားနိုင်ဖို့ မိခင် ဒေါ်နီနီအေးဟာ လမ်းစရိတ်အတွက် အခုလိုပဲ ဖြစ်သလိုရှာဖွေနေရပါတယ်။

ကိုညီညီအောင်မှာ နှစ်နှစ်အရွယ် သမီးလေးတစ်ဦးရှိပြီး ဇနီးဖြစ်သူ မခင်လှဝေ ဟာလည်း ကျောက်ထမ်းတဲ့ အလုပ်ကိုလုပ်ရင်း ဘဝကို ရုန်းကန်နေရပါတယ်။

"ညီညီအောင် ရှိတုန်းကဆိုရင် သူလုပ်တာနဲ့ပဲ စားနေတာပါ။ အဖေတို့မှာလည်း အဖေတို့ သပ်သပ်၊ ကျွန်မတို့မှာလည်း ကျွန်မတို့သပ်သပ်လေ။ အခု ညီညီအောင် မရှိတော့ အဖေတို့ ဆီမှာ လာနေတယ်။ အခု အဖေတစ်ယောက်တည်း လုပ်အားနဲ့က အဆင်မပြေ ဘူး။ ကလေးအတွက်လည်း ပိုက်ဆံတွေလိုလာတယ်။ ရုံးချိန်းသွားဖို့လည်း လိုလာတယ်။ ဒါကြောင့် လိုက်လို့မမှီတော့လို့ ကျွန်မ အလုပ်ဝင်လုပ်နေတယ်။ ပိုက်ဆံမရှိလို့ သူ့ကို ပုံမှန် သွားမတွေ့နိုင်ဘူး။ အခု မသွားတာလည်း ကြာပြီ။ သူ့ကိုအမြန်ဆုံးပဲ ပြန်လွှတ် ပေးစေလိုပါတယ်"

မခင်လှဝေ လုပ်ကိုင်နေတဲ့ ကျောက်ထမ်းအလုပ်ဟာ တစ်ရက်ကို ကျပ် သုံးထောင်၊ ငါးထောင် လောက်သာ ရပါတယ်။ ဒါပေမဲ့ ဒီဝင်ငွေနဲ့ သူတို့မိသားစု ရေရှည်ရပ်တည်ဖို့ ဘယ်လိုမှ အဆင်မပြေပါဘူး။ ဒါကြောင့် အနီးမှာ ခင်ပွန်းမရှိတဲ့ဘဝနဲ့ သမီးလေးရဲ့ ရှေ့ရေးကို တွေးပူနေရတယ်လို့ မခင်လှဝေ က ပြောပါတယ်။

(AA နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးခံထားရသူတချို့  ၂၀၂၂၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့က စစ်တွေအကျဉ်းထောင်မှ ပြန်လွတ်လာစဉ်) Photo: MPA

ပုဏ္ဏားကျွန်းမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က ကိုညီညီအောင် အပါအဝင် ကိုမောင်ဌေးဝင်း၊ ကိုမျိုးလင်းဦး၊ ဦးမင်းစိုးနဲ့ ကိုကျော်ဝင်းဟိန်း တို့ကို အေအေ အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။ သူတို့ ငါးဦးကို စစ်ရေယာဉ်ပေါ် မှာ စစ်သားတွေ ဝိုင်းဝန်းထိုးကြိတ်ပြီး နှိပ်စက်နေတဲ့ ဗွီဒီယိုဖိုင်တစ်ခုဟာ ဖေ့စ်ဘွတ် လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့သလို RFA ကလည်း သတင်းတင်ပြခဲ့ပါတယ်။

အဲဒီဗီဒီယိုဖိုင်ထဲက စွပ်ကျယ်အင်္ကျီအဖြူနဲ့ မျက်နှာကို လက်သီးနဲ့ထိုး၊ ပါးရိုက်ခံနေရသူဟာ ကိုညီညီအောင် ဖြစ်တယ်လို့ မိသားစုက ပြောပါတယ်။

သူတို့ ငါးဦးစလုံးကို ပုဏ္ဏားကျွန်းအခြေစိုက် ခလရ - ၅၅၀ တပ်ရင်းက ဗိုလ်ကြီး တင့်နိုင်ထွန်း က တရားလိုလုပ်ပြီး အကြမ်းဖက်ဥပဒေနဲ့ တရားစွဲဆိုခဲ့တာပါ။

စစ်သားတွေရဲ့ ထိုးကြိတ်နှိပ်စက်မှုကို ခံခဲ့ရတဲ့ ကိုညီညီအောင် အပါအဝင် ငါးဦးကို အာဏာသိမ်း စစ်ကောင်စီက ဒီနေ့အထိ ပြန်လွှတ်မပေးသေးသလို လာမယ့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ တရားရုံးချိန်းဆိုထားပါတယ်။

ဒီအမှုမှာ နောက်ထပ် တရားခံပြသက်သေ ကိုးဦးကို ဆက်လက် စစ်ဆေးရဦးမှာဖြစ်ပါတယ်။

"သူတို့မိသားစုတွေကို ထောက်ထားပြီးတော့ နိုင်ငံတော် အစိုးရအနေနဲ့ လူသားချင်း စာနာထောက်ထားပြီးတော့ ရုပ်သိမ်းပေးစေချင်တယ်"

မိသားစုနဲ့ အကျိုးဆောင်ရှေ့နေ ဦးကျော်ညွန့်မောင် ကတော့ သူတို့ရဲ့အမှုကို အမြန်ဆုံး ပြန်ရုပ်သိမ်းဖို့ တောင်းဆိုကြပါတယ်။

"နိုင်ငံတော်အစိုးရကနေပြီးတော့ အေအေနဲ့ ပတ်သက်တယ်ဆိုတဲ့ အကြမ်းဖက်အမှုတွေ ကို ရုပ်သိမ်းတာတွေ ရှိပါတယ်။ သူတို့မိသားစုတွေကို ထောက်ထားပြီးတော့ နိုင်ငံတော် အစိုးရ အနေနဲ့ လူသားချင်း စာနာထောက်ထားပြီးတော့ ရုပ်သိမ်းပေးစေချင်တယ်။ ဒါဟာ တရားခံရှေ့နေရဲ့ ဆန္ဒပါပဲ။ အဲဒီလိုဆိုရင်တော့ ပိုပြီးတော့ ဝမ်းသားစရာပေါ့ဗျာ။ သူ့မိသားစုကိုလည်း ထောက်ထားညှာတာပြီးတော့ပေါ့နော်။ ရုပ်သိမ်းပေးတာက ပိုပြီး ကောင်းပါတယ်"

ရခိုင်အရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းအရ ရခိုင်ပြည်နယ်မှာ အေအေ အဖွဲ့နဲ့ ဆက်စပ်တယ် ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ တရားစွဲခံထားရတဲ့သူ နောက်ထပ် ၁၀၀ ကျော် ကျန်နေပါတယ်။

ဖမ်းဆီးတရားစွဲခံထားရသူတွေဟာ ကိုညီညီအောင် လိုပဲ မိသားစုက အားထားနေရသူတွေ ဖြစ်တာကြောင့် အချုပ်ထဲမှာ အချိန်ကြာလာတာနဲ့အမျှ အပြင်က မိသားစုတွေအတွက် လည်း ခက်ခဲကြမ်းတမ်းတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြရဦးမှာဖြစ်ပါတယ်။

အခုလည်း ၄၆ ယောက်လွှတ်ပေးမယ်ဆိုပေမယ့် ဘယ်နှစ်ယောက် ပြန်လွတ်ပြီလဲဆိုတာ တိတိကျကျ မသိရသေးသလို အေအေပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို မေးမြန်း ထားပေမယ့် ဒီနေ့ နေ့လယ်အထိ အကြောင်းမပြန်သေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org