အာဏာသိမ်းပြီးနောက် KNU ထိန်းချုပ်နယ်မြေ စာသင်ကျောင်းတွေမှာ အပ်နှံသူ နှစ်ဆတိုးလာ

စစ်အာဏာသိမ်းမှုနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေက စာသင်ကျောင်းတွေမှာ လာရောက်သင်ယူတဲ့ ကျောင်းသူ၊ ကျောင်းသားဦးရေ ပိုများလာနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

KNU တပ်မဟာ (၂) နယ်မြေ ထန်းတပင်မြို့နယ်မှာရှိတဲ့ ထိုလွီဝါးအထက်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့က တွေ့ရစဉ်

စစ်အာဏာသိမ်းမှုနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေ က စာသင်ကျောင်းတွေမှာ လာရောက်သင်ယူတဲ့ ကျောင်းသူ၊ ကျောင်းသားဦးရေ ပိုများလာနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ KNU တပ်မဟာ (၂) နယ်မြေမှာ ရှိတဲ့ ထိုလွီဝါးအထက်တန်းကျောင်းမှာဆိုရင် အခုနှစ်မှာ ကျောင်းသူ၊ ကျောင်းသား နှစ်ဆနီးပါး များနေတာကြောင့် နေရာထိုင်ခင်း၊ စာသင်ဆောင်၊ သင်ထောက်ကူပစ္စည်းနဲ့ ဆရာ၊ ဆရာမ မလုံလောက်မှုတွေနဲ့ပါ ကြုံတွေ့နေရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပဲခူးတိုင်း တောင်ငူခရိုင်၊ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၂) နယ်မြေ ထန်းတပင်မြို့နယ်မှာရှိတဲ့ ထိုလွီဝါးအထက်တန်းကျောင်းမှာ အခုနှစ်အတွင်း ကျောင်းသား ဦးရေ နှစ်ဆနီးပါးတိုးလာတယ်လို့ KNU ပညာရေးနဲ့ ယဉ်ကျေးမှုဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ - ၂၂ စာသင်နှစ်မှာ ကျောင်းသားဦးရေ ၇၅၀ ကျော်သာရှိခဲ့ရာက စစ်အာဏာ သိမ်းပြီးနောက် အခု ၂၀၂၂ - ၂၃ ပညာသင်နှစ်မှာ အထက်တန်း ကျောင်းသားဦးရေ ၁၁၇၇ ဦး နဲ့ ဂျူနီယာကောလိပ် ကျောင်းသားဦးရေ ၁၄၀ ၀န်းကျင် စုစုပေါင်း ၁၃၁၇ ဦးဝန်းကျင် တိုးလာတာပါ။

စစ်အာဏာသိမ်းမှုကြောင့် ကျောင်းတွေမဖွင့်နိုင်တဲ့အတွက် ဒီကျောင်းကို လာရောက် အပ်နှံသူတွေ များလာတာလို့ ထိုလွီဝါး အထက်တန်းကျောင်းက သင်္ချာဆရာတစ်ဦးဖြစ်တဲ့ စောဟေမူထူးက RFA ကို ပြောပါတယ်။

"ဒီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းပေါ့နော်၊ ကျောင်းတွေဘာတွေလည်း မရှိဘူးဆိုတော့ သူတို့နေတာ အလဟဿ ဖြစ်တယ်ပေါ့ အချိန်တွေက။ အဲဒါနဲ့ သူတို့ ဒီကျောင်းကို ပြောင်းလာတယ်ပေါ့။ သူတို့ရဲ့ အခက်အခဲကကျတော့ ပြောမယ်ဆိုရင် မြန်မာပြည်က ကျောင်းမရှိတဲ့အတွက်ပေါ့နော် ဒီကျောင်းကို သူတို့က ပြောင်းလာတယ်။ သူတို့ရဲ့ အခက်အခဲကကျတော့ ဒီကျောင်းမှာဆိုလို့ရှိရင် ပြန်ထည့်ပေးတာ ကရင်စာတွေ များတယ်။ အင်္ဂလိပ်တို့၊ သင်္ချာတို့ကျတော့ တူတူပါပဲ။ အရင်တက်ခဲ့တဲ့ကျောင်းတွေ ဆိုလို့ရှိရင် ကရင်စာမပါတဲ့အတွက် သူတို့အတွက် အခက်အခဲ ရှိတယ်"

ထိုလွီဝါး ကရင်လူထု အထက်တန်းကျောင်းဟာ ပြည်တွင်းစစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ပြေးရင်း ပညာသင်ကြားခွင့် ဆုံးရှုံးနေတဲ့ ကျောင်းသား၊ ကျောင်းသူ ၇၈ ဦးနဲ့ ၂၀၁၅ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှာတော့ ဂျူနီယာကောလိပ်ကိုပါ တွဲဖက် ဖွင့်လှစ် သင်ကြားနေတာလည်းဖြစ်ပါတယ်။

ဒီကျောင်းကို ကရင်အမျိုးသားအစည်းအရုံးပညာရေးနဲ့ ယဉ်ကျေးမှုဌာန KECD ရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ ဒေသတွင်းက ဆရာ၊ ဆရာမတွေအပြင် Kawthoolei Teacher Training College KTTC ကျောင်းဆင်း ဆရာ၊ ဆရာမ ၄၄ ဦးနဲ့ ဦးဆောင်ပြီး သင်ကြား နေတာပါ။

ကရင်စာ၊ မြန်မာစာ၊ အင်္ဂလိပ်စာတွေအပြင် သိပ္ပံ၊ ပထဝီ၊ သမိုင်း၊ လူမှုရေး စတဲ့ ဘာသာရပ်တွေကို ကော်သူးလေသင်ရိုးနဲ့ သင်ကြားနေတာလည်း ဖြစ်ပါတယ်။

အခုနှစ်မှာတော့ ကျောင်းသားဦးရေ များလာတာကြောင့် စာသင်ချိန်ကို မနက်ပိုင်းနဲ့ ညနေပိုင်း ခွဲထားပါတယ်။

ဒီကျောင်းမှာ အထက်တန်းအဆင့် အောင်မြင်တဲ့သူတွေကို ဂျူနီယာကောလိပ်ကိုပါ ဆက်တက်ခွင့်ပေးထားတယ်လို့ ဒုတိယကျောင်းအုပ် စောကီးကူထူး က ပြောပါတယ်။

"ဒီကျောင်းက အတန်းက ငါးတန်းကနေစပြီး စသင်တာပေါ့။ ငါးတန်းကနေ ၁၀ တန်းထိ။ ၁၀ တန်းအောင်လို့ရှိရင် JC (junior college) ဆက်တက်လို့ရတာပေါ့။ ဒီမှာကျတော့ အများအားဖြင့် ဒီဘက် တောင်ပေါ် ဒေသကနေ လာတဲ့သူတွေများတယ်။ ဒီဘက်က အစိုးရကျောင်းဘက်ကနေ တက်လာတဲ့သူလည်းရှိပါတယ်။ ဒီနှစ်ကျတော့ အစိုးရ ဘက်ကနေ လာတက်တဲ့သူတွေ များတာပေါ့"

နိုင်ငံခြားမှာ ပညာသင်ဆုရအောင် ကြိုးစားနေတဲ့ ကျောင်းသူ နော်လွဲဂေ ကတော့ ထိုလွီဝါးကျောင်းမှာ ဘော်ဒါဆောင်နေရင်း Grade 11 ကို တက်ရောက်နေပါတယ်။ သူဟာ ရန်ကုန်မြို့ကနေ ဒီကျောင်းမှာ ပထမဆုံး တက်ရောက်သူဖြစ်လို့ ဘာသာစကားအခက်အခဲ ရှိပေမယ့် ဒီကျောင်းမှာပဲ ကျောင်းပြီးတဲ့အထိ ဆက်တက်သွားမယ်လို့ ပြောပါတယ်။

"ဒီကိုးတန်းဆိုလို့ရှိရင် အခြား အစိုးရကျောင်းမှာလည်း အင်္ဂလိပ်လိုတွေများတယ် ဆိုပေမယ့် ဒီမှာဆို အင်္ဂလိပ်၊ Karen သင်ရတယ်၊ History ဆိုလို့ရှိရင်လည်း Karen History နဲ့ အဲဒီ ကမ္ဘာနဲ့ဆိုင်တဲ့ History တွေ အဲလိုကွာသွားတယ်ဆိုတော့ ကရင်စကား နဲ့ ဗမာစကား ကွာသွားတာမျိုးရှိတယ်ပေါ့။ ပထမဆုံး လာတက်ရမယ်လို့ ကြားတော့ နည်းနည်းတော့ ကြောက်မိတာပေါ့။ ဘယ်သူမှလည်းမသိဘူး၊ ကရင်စကားလည်း မတတ်ဘူးဆိုတော့။ ဒါပေမဲ့ အများကြီးအဆင်ပြေတယ်။ သူငယ်ချင်းတွေလည်း အများကြီး ကူညီပေးတယ်။ အစိုးရကျောင်းထက်စာရင် ဒီမှာက ဆရာမတွေနဲ့အတူ ပိုပြီးတော့ ထိတွေ့မှုရှိတယ်၊ အဆင်မပြေတာက ဘာသာစကားအခက်အခဲပေါ့"

ဒီကျောင်းမှာ အနီးပတ်ဝန်းကျင်ရွာတွေက လာတက်တဲ့ ကျောင်းသားတွေရှိသလို တောင်ပေါ်ဒေသ အဝေးကလာရောက်တဲ့ ကျောင်းသားတွေလည်း ရှိပါတယ်။ သူတို့အတွက်ကိုတော့ ကျောင်းအိပ်၊ ကျောင်းစား ဘော်ဒါဆောင်နဲ့ ထားပါတယ်။

"အစိုးရကျောင်းထက်စာရင် ဒီမှာက ဆရာမတွေနဲ့အတူ ပိုပြီးတော့ထိတွေ့မှုရှိတယ်၊ အဆင်မပြေတာက ဘာသာစကားအခက်အခဲပေါ့"

သံတောင်မြို့ကနေ သမီးဖြစ်သူကို ဘော်ဒါဆောင်လာထားတဲ့ နော်စေးဟဲက ကလေးရဲ့ ပညာရေးက အဓိကဖြစ်တဲ့အတွက်ကြောင့် ဒီကျောင်းကိုလာထားဖြစ်တာလို့ ပြောပါတယ်။

"ပြီးခဲ့တဲ့နှစ်တွေကလည်း ကိုဗစ်ကြောင့် ကျောင်းတွေလည်းမရှိ၊ မဖွင့်ကြတဲ့အခါ ကျတော့ ကလေး အလကား ဒီလိုနေမယ့်အတူတူ အသက်တွေလည်း ကြီးလာတယ် ဆိုတော့ မထူးဘူးဆိုတော့ ကျမတို့ ဒီမှာလာထားတယ်။ နောက်တစ်ခုကကျတော့ သူတို့ရဲ့ ပညာရေးက အဓိကဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဘယ်လိုပဲဖြစ်နေစေကာမူ ကျမတို့ဒီမှာ ကိုယ့်လူမျိုးရဲ့ကျောင်းလည်း ဖြစ်တဲ့အတွက်ကြောင့်မို့ လာထားဖြစ်တာ ပေါ့နော်။ ထားကတည်းကတော့ ဘော်ဒါထားတာပေါ့နော်၊ မိန်းကလေးလည်းဖြစ်တယ်။ ဘော်ဒါထဲမှာ ဒီကဘော်ဒါက စည်းကမ်းနဲ့၊ စည်းနဲ့ဘောင်နဲ့ထဲမှာ ထားပေးတယ်။ သူ့အချိန်နဲ့သူဆိုတော့ အဆင်ပြေတဲ့အတွက် ဘော်ဒါမှာ ထားပေးဖြစ်တယ်။ အစား အသောက်ကတော့ တစ်ခါတလေတော့လည်း ရှိတဲ့အချိန်ရှိတာပေါ့။ ကောင်းတဲ့အချိန် ကောင်းမှာပေါ့။ မကောင်းတဲ့ အချိန်ကျတော့လည်း သူတို့ ဒီလိုပဲ တူတူမျှဝေပြီးတော့ နေကြပါတယ်။ အစပိုင်းကတော့ အခက်အခဲရှိပါတယ်။ သူတို့ကလည်း လူသစ်တွေ ဖြစ်တဲ့အတွက်ကြောင့်မို့ အိုးနဲ့အိမ်နဲ့ မခွဲမခွာဖူးတဲ့သူတွေဖြစ်တဲ့တွက်ကြောင့်မို့ ငိုယိုတာတွေတော့ ရှိတာပေါ့။ နောက်ပိုင်းတော့ သူ့ဟာသူ နေသားကျသွားပါတယ်"

သမီးဖြစ်သူရဲ့ ရည်မှန်းချက်ကြောင့် နောက်နှစ်တွေမှာလည်း ဒီကျောင်းမှာပဲ ဆက်ထားမယ် လို့လည်း သူက ပြောပါတယ်။

အပင်စိုက်ပျိုးနေကြသည့် KNU တပ်မဟာ (၂) နယ်မြေ၊ ထိုလွီဝါးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူအချို့ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

တောင်ငူခရိုင် ကရင်အမျိုးသားအစည်းရုံး ဥက္ကဋ္ဌ ပဒိုစောအယ်ဝါးကတော့ ကျောင်းသား လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးလာအောင်ကြိုးပမ်းဖို့ ရည်မှန်း ထားတယ်လို့ ပြောပါတယ်။

"ကမ္ဘာမှာပညာရေးဆိုတဲ့အခန်းကဏ္ဍ၊ ပညာတတ်မြောက်ရေးဆိုတဲ့အခန်းကဏ္ဍမှာ မရှိမဖြစ်လိုအပ်တဲ့ အချိန်ကာလမှာ ကျနော်တို့ ဒေသ၊ ကျနော်တို့ နိုင်ငံ၊ ကျနော်တို့ လူမျိုးတွေ ဆက်စပ်နေတဲ့၊ အတူနေထိုင်တဲ့ ပြည်သူပြည်သားတွေ အထူးသဖြင့် လူငယ်တွေကတော့ ဒီပညာရေးဆိုတဲ့အရာကို တန်ဖိုးထားစေချင်တယ်။ ပညာမတတ်တဲ့ သူနဲ့ ပညာတတ်တဲ့သူက ဘယ်နားသွားသွား ကွာခြားပါတယ်။ ခေါင်းဆောင်ဖြစ်တဲ့လူ ဆိုရင်လည်း ဒီပညာရေးသင်ကြားခွင့်ရအောင် ဖန်တီးပေးစေချင်တယ်။ မိဘဆရာသမား ဆိုရင်လည်း ကလေးတွေကို တွန်းပို့ပေးစေချင်တယ်။ အားပေးစေချင်တယ်။ ဘယ်နေရာ ရောက်ရောက် ပညာနဲ့ ဆက်စပ်နိုင်ဖို့အတွက် ပညာကို ရရှိနိုင်ဖို့အတွက်တော့ ကျနော် ကတော့ ဖြစ်စေချင်တာပေါ့နော်"

ပညာရေးကို ပံ့ပိုးချင်တဲ့ မိဘတွေ၊ ဘာသာရေးဆိုင်ရာအဖွဲ့အစည်း၊ လူမှုရေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ပံ့ပိုး ကူညီမှုတွေနဲ့ ဒီကျောင်းကို ဆက်လက်လည်ပတ်နေတာလို့လည်း သူက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ပညာရေးနဲ့ ယဉ်ကျေးမှုဌာန လက်အောက်မှာ ကျောင်းပေါင်း ၁၄၀၀ ကျော်ရှိပြီး ၂၀၁၉ - ၂၀ ပညာသင်နှစ်မှာ ကျောင်းသားဦးရေ တစ်သိန်း ခြောက်သောင်းကျော် (၁၆၄,၈၇၅) ပညာသင်ကြားခဲ့တယ်လို့ သူတို့ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း အခု ၂၀၂၂ - ၂၃ ပညာသင်နှစ်မှာတော့ KNU ထိန်းချုပ်နယ်မြေတွေထဲက ထိုလွီဝါးအထက်တန်းကျောင်းအပါအဝင် အခြားကျောင်း တွေမှာလည်း တက်ရောက်သူဦးရေ ပိုများလာတာကြောင့် နေရာထိုင်ခင်း၊ စာသင်ဆောင်၊ သင်ထောက်ကူပစ္စည်းနဲ့ ဆရာ၊ ဆရာမ မလုံလောက်မှုတွေနဲ့ပါ ကြုံတွေ့နေရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org