စီးပွားရေးထိခိုက်နေတဲ့ ကလေးမြို့က လေထိုးကျွတ်ဖာလုပ်ငန်း
အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကလေးမြို့ကနေ ချင်းတောင်ပေါ်ကို ခရီးအသွားအလာနဲ့ ကုန်တင်ကားတွေ အသွားအလာမရှိတော့ပါဘူး။ ဒီလိုနည်းသွားတာကြောင့် ကားတွေကို မှီခိုပြီး လုပ်ငန်းကိုင်နေရတဲ့ အလုပ်တွေမှာ အခက်အခဲတွေဖြစ်လာပါတယ်။
- 2022-01-24
-
-
-
အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ကလေးမြို့ကနေ ချင်းတောင်ပေါ်ကို ခရီးအသွားအလာနဲ့ ကုန်တင်ကားတွေ အသွားအလာမရှိတော့ပါဘူး။
ဒီလို နည်းသွားတာကြောင့် ကားတွေကို မှီခိုပြီးလုပ်ငန်းကိုင်နေရတဲ့ အလုပ်တွေမှာ အခက်အခဲတွေဖြစ်လာပါတယ်။ ဒီလို အခက်အခဲဖြစ်သူတွေထဲမှာ စစ်ကိုင်းတိုင်း ကလေးမြို့၊ တာဟန်းရပ်ကွက်က ကားလေထိုးကျွတ်ဖာအလုပ် လုပ်ကိုင်တဲ့ မောင်မာန်ချန့်မွောင် တစ်ယောက်လည်း ပါဝင်ပါတယ်။
အသက် ၁၆ နှစ်အရွယ် မောင်မာန်ချန့်မွောလ်ဟာ ကားတွေကို လေထိုး၊ကျွတ်ဖာ လုပ်ငန်းကို လုပ်ကိုင်ပြီး မိသားစုရဲ့စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းကနေ ရှာဖွေပံ့ပိုးပေးနေသူတစ်ယောက်ဖြစ် ပါတယ်။
ကလေးမြို့ကနေ ချင်းပြည်နယ် ဖလမ်းမြို့၊ ဟားခါးမြို့၊ တီးတိန်မြို့နဲ့ အိန္ဒိယနယ်စပ် ရိဒ်မြို့တွေကို တက်သွား တဲ့ ကုန်တင်ကားတွေအပေါ်မှီခိုပြီး လေထိုးကျွတ်ဖာ လုပ်သူတွေ အလုပ်လုပ်ကြရတာပါ။
ဒါပေမဲ့ အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားလာပြီးနောက်မှာ လုံခြုံရေး အခြေနေစိုးရိမ်တာကြောင့် ချင်းတောင်ပေါ်ဒေသနဲ့ ကလေးမြို့ကို သွားတဲ့ ခရီးအသွားအလာ ကားတွေနည်းလာသလို ကုန်တင်ကားတွေလည်း အသွားအလာနည်းလာပါတယ်။
“အရင်တုန်းကတော့ ဆိုင်ရဲ့ တစ်နေ့ဝင်ငွေ လေးသောင်း၊ ငါးသောင်းလောက်ရတယ်။ အခု ကားတွေ သိပ်မလာတော့တဲ့အခါကျတော့ နှစ်ထောင်ရတဲ့အခါ ရှိတယ်။ ငါးထောင် ရတဲ့အခါ ရှိတယ်။ တခါတလေ တနေ့လုံးမှာ ဆိုင်ရဲ့ဝင်ငွေက ငါးရာရတဲ့အခါတောင် ရှိတယ်။ အခက်အခဲကတော့ လေထိုးပေးတာတို့၊ Air Compressor ပြင်တာတို့က မခက်ဘူး။ ကားဘီးလဲတာ၊ ကားဘီး တာယာကို ဖာတာကတော့ ခက်တယ်”
ချင်းပြည်နယ် မြောက်ပိုင်းမြို့တွေဖြစ်တဲ့ တီးတိန်၊ တွန်းဇံနဲ့ဟားခါးမြို့တွေကို စားသောက်ကုန်နဲ့ လူသုံးကုန်အများစုကို စစ်ကိုင်းတိုင်း ကလေးမြို့ကတစ်ဆင့် တင်ပို့ရပါတယ်။
လက်ရှိမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်တဲ့အခါ ခရီးသွားလာခြင်းမပြုဖို့၊ ကုန်တင်ကား အသွားအလာ မလုပ်ဖို့ ဒေသကာကွယ်ရေး အဖွဲ့တွေကို သတိပေးထားပါတယ်။
ချင်းပြည်နယ်၊ တီးတိန်- ကလေးလမ်းတလျှောက်မှာ ဇန်နဝါရီ ၁၂ရက်နေ့ကစပြီး တီးတိန်မြို့နယ်၊ ထေးဇန်ကျေးရွာနားမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေး အဖွဲ့တွေ ကြား တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီး နေအိမ် ၅လုံးမီးရှို့ခံခဲ့ရပြီး ဒေသခံအမျိုးသားတစ်ဦး ပစ်သတ်ခံခဲ့ရပါတယ်။
လက်ရှိ တီးတိန်မြို့နယ် ဟိန်ဇန်ကျေးရွာမှာ စစ်ကောင်စီတပ်တွေဟာ တပ်စွဲထားပြီးတော့ ဇန်နဝါရီ ၁၃ရက်နေ့က စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် CNA တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပါတယ်။
ဒီလိုတိုက်ပွဲတွေဖြစ်နေတာကြောင့် ကလေးမြို့ကနေ ချင်းတောင်ကိုတက်တဲ့ နယ်စပ်ဖြစ်တဲ့ ခိုင်ကမ်း ကိုးမိုင်ဂိတ်ကို စစ်ကောင်စီတပ်က ပိတ်ပင်ထားပြီး ကလေး-တီးတိန်-ဖလမ်း - ဟားခါးလမ်းတလျှောက်မှာ စစ်ကောင်စီတပ်တွေက မကြာခဏတိုက်ပွဲတွေဖြစ်နေပြီး ကုန်တင်ကားနဲ့ ခရီးသွားကားတွေလည်း သွားလာလို့ မရဖြစ်နေပါတယ်။
စစ်တပ်က စစ်ဆေးရေးဂိတ်တွေမှာ ကုန်တင်ကားတွေကို စစ်ဆေးရေးတင်းကြပ်တာ၊ ပိုက်ဆံတောင်းတာတွေ ရှိသလို ဒေသကာကွယ်ရေးအဖွဲ့ CDF၊PDF အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့မှု တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာကြောင့် ကလေးမြို့ကို အသွားအလာပြုလုပ်နေတဲ့ ချင်းတောင်က ကုန်တင်ကားနဲ့ ခရီးသွားကားတွေလည်း လျော့နည်းလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလိုကားတက်၊ ကားဆင်းတွေ မရှိတော့တာကြောင့် ကားတွေမှီခိုနေရတဲ့ လေထိုးကျွတ်ဖာ အလုပ်လုပ်ကိုင်သူတွေလည်း ဝင်ငွေလျော့နည်းလာသလို မောင်ချန်မာန်မွောင်အတွက်လည်း မိသားစုစားဝတ်နေရေး အခက်အခဲတွေ ရှိလာတယ်လို့ ဆိုပါတယ်။
“အဓိကတော့ ကျွန်တော်တို့က လေထိုးပေးတယ်။ကား Air Compressor ကို သန့်ရှင်းပေးတယ်။ တာယာကို ဖာပေးတယ်။နှစ်ယောက်နဲ့ပဲ လုပ်တယ်။ ဒီနေ့က ကျွန်တော့် ညီလေး နေမကောင်းလို့ ကျွန်တော့် သူငယ်ချင်းနဲ့ အလုပ်လာတယ်။အရင်တုန်းကတော့ ကားလာပြင်တာတွေ များတယ်။ အခုနောက်ပိုင်း လာပြင်တာ မများတော့ဘူး။ တစ်စီး၊ နှစ်စီးလောက်ပဲ ပြင်ရတော့တယ်။ အရင်တုန်းက လုပ်အားခက တစ်နေ့ကို သုံးထောင်ကနေ ငါးထောင် လောက်တော့ရတယ်။ အခု နောက်ပိုင်း မရတဲ့အခါလည်း ရှိတယ်။ရတာကတော့ တနေ့လုပ် တနေ့စားပဲ။ မိသားစုတွေကို ပံ့ပိုးတာပေါ့။ မရတဲ့အခါကျတော့လည်း မိသားစုကို မပေးနိုင်ဘူး။ အဲ့အခါကျတော့ စားဖို့သောက်ဖို့အတွက် အကြွေးယူရတဲ့အခါလည်းရှိတယ်။”
မောင်မာန်ချန့်မွောင်ဟာ အသက် ၉ နှစ်အရွယ်လောက်ကတည်းက အဒေါ်ဖြစ်သူရဲ့ လေထိုးကျွတ်ဖာဆိုင် မှာ အကူအနေနဲ့အလုပ်လုပ်ခဲ့ပြီး ၅တန်း အရွယ်ရောက်တော့မှ လုပ်အားခ စပြီးရခဲ့တယ်လို့ သူက ဆိုပါတယ်။
“အခု ကျွန်တော်လုပ်တဲ့နေရာကတော့ ကျွန်တော့်အဒေါ်ရဲ့ဆိုင်ပါ။ ကျွန်တော် ဒီအလုပ်လုပ်တာ ကြာခဲ့ပြီ။ ၃တန်းလောက်ကတည်းက စလုပ်ခဲ့တာ။ငယ်ငယ်တုန်းက သိပ်မလုပ်တတ်သေးဘူး။ သူများတွေ ဝိုင်းကူ တာလောက်ပဲ။ ၅တန်း ၆တန်းလောက်မှ ကိုယ့်ဘာသာ လုပ်တတ်သွားတာ။အသက်က ၁၆ နှစ်ပြည့်ပြီ”
အလားတူ မောင်မာန်ချန့်မွောင်တို့လိုပဲ လေထိုးကျွတ်ဖာလုပ်ငန်း အများစုဟာ ချင်းတောင်ဘက်ကနေ ကလေးမြို့ကို ကုန်တင်ကားနဲ့ ခရီးသွားကားတွေ မရှိတော့တဲ့အတွက် ဝင်ငွေနည်းလာပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်လာရတယ်လို့ လေထိုးကျွတ်ဖာလုပ်ငန်း တပိုင်တစ်နိုင် လုပ်ကိုင်သူတွေက ဆိုပါတယ်။
မောင်မာန်ချန့်မွောင်ဟာ လက်ရှိ ကား လေထိုး၊ ကျွတ်ဖာအလုပ်ကို လုပ်နေရပေမယ့် နောက်ပိုင်းမှာ ကားဝပ်ရှော့ဆိုင် ဖွင့်ပြီး လုပ်ကိုင်နိုင်ဖို့ မျှော်လင့်နေပါတယ်။