စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ပရဟိတအသင်းတွေ ရပ်တည်ရေးခက်ခဲလာ
ပြည်သူတွေရဲ့ နေ့စဉ်ဘဝမှာကြုံရတတ်တဲ့ ရေဘေး၊ မီးဘေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ အကူအညီပေးနေကြတဲ့ ရန်ကုန်မြို့က ပရဟိတအဖွဲ့တွေဟာ လက်ရှိကြုံနေရတဲ့ စက်သုံးဆီဈေး မြင့်တက်မှုပြဿနာတွေကြောင့် အခုနောက်ပိုင်း အခက်အခဲတွေနဲ့ ကြုံတွေ့လာကြရပါတယ်။
- 2022-09-02
-
-
-
ပြည်သူတွေရဲ့ နေ့စဉ်ဘဝမှာကြုံရတတ်တဲ့ ရေဘေး၊ မီးဘေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ အကူအညီပေးနေကြတဲ့ ရန်ကုန်မြို့က ပရဟိတအဖွဲ့တွေဟာ လက်ရှိကြုံနေရတဲ့ စက်သုံး ဆီဈေး မြင့်တက်မှုပြဿနာတွေကြောင့် အခုနောက်ပိုင်း အခက်အခဲတွေနဲ့ ကြုံတွေ့လာ ကြရပါတယ်။
အာဏာမသိမ်းခင်က လူသုံးများတဲ့ နိုင်တီတူး အမျိုးအစား ဓာတ်ဆီတစ်လီတာကို ၇၀၀ ကျပ်လောက်သာရှိခဲ့ရာ ကနေ ဒီနေ့မှာတော့ ကျပ် ၂၆၀၀ နီးပါးအထိရှိနေတာပါ။
"အခုဆိုရင် ထွက်နိုင်တဲ့ အစီးရေက ခါတိုင်း ၁၀ စီးထွက်နိုင်ရင် အခု ၃ စီးပဲ ထွက်နိုင်တယ်"
စက်သုံးဆီအခက်အခဲကြောင့် အကူအညီပေးရေးလမ်းကြောင်းတွေကို ရင်တမမနဲ့ သွား လာနေရတယ်လို့ ရန်ကုန်မြို့က ရှင်သန်ခွင့် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းစိုး က ပြောပါတယ်။
"တစ်နေ့ကို ဆီဖိုးက ခြောက်သောင်းလောက်ရှိတယ်၊ တစ်ခါထည့်ရင် နှစ်သောင်းဖိုး ထည့်နိုင်တယ်ပေါ့။ တစ်ကြောင်းကို နှစ်သောင်းပေါ့၊ နှစ်သောင်းဆိုတာကလည်း တစ်ခါတလေကျရင် ရင်တမမနဲ့ သွားရတဲ့ လမ်းကြောင်းတွေရှိတယ်၊ ပြန်လာရင် ဆီမှလောက်ပါ့မလားနဲ့ သွားရတာရှိတယ်၊ တစ်နေ့ကို ကျမတို့က လမ်းကြောင်း ကန့်သတ်ထားတာလည်း မရှိဘူး၊ လူနာတောင်းရင် တောင်းသလောက် အရေးပေါ် အခြေအနေပေါ် မူတည်ပြီးတော့ သွားတာလာတာမျိုးတွေ ရှိလာတဲ့အတွက်ကို အလှူငွေဆိုတာလည်း ကျမတို့က သတ်မှတ်ထားတာ မရှိဘူး၊ သူတို့ပေးသလောက် စေတနာရှိသလောက် လှူပေါ့၊ အဲဒီလို စနစ်နဲ့သွားတာဖြစ်တဲ့အတွက် အရမ်းတော့ ခက်ခဲတယ်"
ရန်ကုန်မြို့တွင်း သွားလာနေတဲ့ အရေးပေါ် ကားတစ်စီးရဲ့ တစ်နေ့တာ ကုန်ကျငွေဟာ ကျပ်ခြောက်သောင်းကနေ ကျပ်တစ်သိန်းအထိရှိတာကြောင့် တချို့ပရဟိတအသင်းတွေ ဆိုရင် ကားအစီးရေ အပြည့်မလည်ပတ်နိုင်တော့ဘူးလို့ သူက ပြောပါတယ်။
မြို့ဦးလုလင်နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးခင်မောင်ဇင်ကလည်း အခုနောက်ပိုင်း နယ်ဝေးလူနာလမ်းကြောင်းတွေကို မသွားနိုင်တော့ဘဲ ငြင်းနေရတယ်လို့ RFA ကို ပြောပါ တယ်။
"မလိုက်နိုင်တဲ့အခါ ငြင်းလိုက်ရတဲ့ အခြေအနေတွေရှိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ကို အခမဲ့ဆိုပြီး လှမ်းအကူအညီတောင်းတယ်၊ ကျနော်တို့ အသင်းဘက် မှာလည်း ရန်ပုံငွေ အင်အားနည်းတဲ့အခါကျတော့ ဒီလိုတောင်းခံတဲ့ လမ်းကြောင်းတွေ ကို မေတ္တာရပ်ခံပြီး ငြင်းလိုက်ရတာရှိတယ်၊ အသင်းသူ အသင်းသားကလည်း ထောက်ပံ့ တာ အားတအားနည်းနေတယ်၊ အရင်တုန်းကဆိုရင် လေးသိန်းခွဲလောက် တစ်လကိုရ တယ်၊ အခုချိန်မှာ ၂ သိန်းတောင် မရဘူး၊ ရုံးရဲ့သုံးနေရတဲ့ စားရိတ်တွေဆိုရင် ကျနော် တို့အသင်းတွေက စိုက်ထုတ်သုံးစွဲရတာ တအားများနေတယ်"
ရန်ကုန်-ပုသိမ် ခရီးဟာ အရင်ကဆိုရင် စက်သုံးဆီ ခြောက် သောင်းကျပ်သာ ကုန်ကျပေမယ့် အခုဈေးနဲ့ဆိုရင် တစ်သိန်းသုံးသောင်းကျပ် ဝန်းကျင် ကုန်ကျတယ်လို့ သူက ပြောပါတယ်။
ရန်ကုန်မြို့မှာ ပရဟိတအဖွဲ့ပေါင်း ၂၇၀ ကျော်ရှိတယ်လို့ ပရဟိတအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါပေမဲ့ အာဏာသိမ်းပြီးနောက် ကြုံတွေ့လာရတဲ့အခြေအနေတွေကြောင့် အဲဒီပရဟိတ အဖွဲ့တွေအားလုံး မလည်ပတ်နိုင်တော့ဘူးလို့ ရန်ကုန်မြို့ Happy Taxi Family ပရဟိတ အဖွဲ့ ဥက္ကဋ္ဌ ဦးငြိမ်းချမ်းက ပြောပါတယ်။
"စိတ်မကောင်းစွာနဲ့ အဲလိုမျိုးတွေလည်း ကြားရတယ်၊ တချို့က ယာယီပိတ်သိမ်းထားတဲ့ ပုံစံမျိုးလေးတွေ အဲလိုမျိုး အသင်းတွေ တွေ့လာရတယ်၊ ဒါကတော့ စိတ်မကောင်းစရာပဲ မြို့နယ်တစ်ခုမှ ပရဟိတအသင်း တစ်သင်းရပ်လိုက်ပြီဆိုရင် ဒီမြို့နယ်အတွက် အများ ကြီး နစ်နာတယ်၊ ပြည်သူလူထုအတွက် အများကြီးနစ်နာတယ်၊ ဒါပေမဲ့ ပရဟိတအသင်း တွေအနေနဲ့လည်း သူတို့လည်း ရပ်ချင်မှာမဟုတ်ဘူး၊ သို့သော် ဒီဆီဖိုးတွေ ကားတွေရဲ့ ပြင်ဆင်စားရိတ်တွေ အလွန်အင်မတန် ပြင်းထန်လာတဲ့အပေါ်မှာ ကျနော်တို့လို အသင်း ကြီးအနေအထား ရှိတဲ့အသင်းတောင် ကြွေးတွေဝိုင်းနေတယ်၊ တော်ရုံသင့်ရုံအသင်းတွေ ဆို မချေးတော့ဘူး၊ လုံးဝရပ်ပလိုက်တယ်၊ ဒါပေမဲ့ ဟန်မပြတ်လေးနဲ့ ရပ်ထားတယ်၊ ကျနော်တို့ အသင်းတွေအနေနဲ့လည်း အရမ်းအကြွေးတွေ များလာရင်၊ အရမ်းဝန်ပိလာ ရင် ရပ်ရမယ့်အဆင့်ဖြစ်လာမှာပဲ"
ပရဟိတအဖွဲ့ ၂၇၀ ကျော်ထဲက အခုအချိန်မှာ ထက်ဝက်လောက်က လုပ်ငန်းမလည်ပတ် နိုင်တော့ဘူးလို့လည်း သူက ပြောပါတယ်။
လက်ရှိကြုံတွေ့နေကြရတဲ့ စက်သုံးဆီဈေးနှုန်း မြင့်တက်မှုပြဿနာကြောင့် ပရဟိတ အသင်းတချို့ လုပ်ငန်းရပ်လိုက်ရတာက ပြည်သူတွေအတွက် ထိခိုက်စေတယ်လို့ ဒေါပုံ မြို့နယ်မှာ နေထိုင်တဲ့ ဦးမြင့်ကြိုင်က RFA ကို ပြောပါတယ်။
"ပြည်သူကလည်း ပိုက်ဆံမရှိလို့ ပရဟိတကို အကူအညီတောင်းတာ၊ ပရဟိတက ဒီလို မျိုး မလုပ်ပေးနိုင်ဘူးဆိုတော့ ရေရှည်ကတော့ အခြေခံ လက်လုပ်လက်စားတွေ၊ ဆင်းရဲ သားတွေ၊ နွမ်းပါးသူတွေအတွက်ကတော့ အတော်လေးကို ဒုက္ခရောက်တယ်၊ ခါတိုင်းက ဆိုရင် ပရဟိတအသင်းတွေဆို ဒီမြို့နယ်မှာ အများကြီးရှိတယ်၊ အခုဆိုရင် ထွက်နိုင်တဲ့ အစီးရေက ခါတိုင်း ၁၀ စီးထွက်နိုင်ရင် အခု ၃ စီးပဲ ထွက်နိုင်တယ်၊ ပြည်သူ ထဲက တတ်နိုင်တဲ့သူတွေ ပံ့ပိုးတာနဲ့သွားနေကြတာ"
အာဏာမသိမ်းခင်က ပရဟိတ လူမှုကူညီရေးအသင်းတွေဟာ ပြည်သူတွေအတွက် ၂၄ နာရီ ဝန်ဆောင်မှုပေးခဲ့ကြတာပါ။
အာဏာသိမ်းပြီးနောက်မှာတော့ လူမှုကူညီရေးအသင်းတွေကို နယ်မြေကျော်လွန်ပြီး လူနာ ပို့ဆောင်ခွင့် မပြုတာနဲ့ အသင်းမှတ်ပုံတင် မရှိတဲ့ လူနာတင်ကားတွေကို သိမ်းယူမယ်ဆိုပြီး ကြေညာတာတွေ ရှိလာခဲ့ပါတယ်။
ဒါပေမဲ့ လူမှုကူညီရေးအသင်းတွေကတော့ လက်ရှိကြုံနေရတဲ့ အကျပ်အတည်းတွေကို တောင့်ခံနိုင်သလောက် တောင့်ခံပြီး ပြည်သူ့အကျိုးပြုအလုပ်တွေကို ဆက်လုပ်သွားမယ်လို့ ပြောဆိုကြပါတယ်။