ရေဘေးသင့်တောင်သူတွေအတွက် ဟင်းသီးဟင်းရွက်မျိုးစေ့အလှူ
စိုက်ပျိုးရေးကိုအဓိကအားထားပြီး အသက်မွေးဝမ်းကျောင်းရတဲ့ တောင်သူတွေအတွက် အထောက်အကူဖြစ်အောင် အခုလို မျိုးစေ့လှူတာပါလို့ လုခ့်က ပြောပါတယ်။
-
မိယဉ်စနိုင်း
2024-09-28 -
-
-
ရေဘေးကြောင့် စိုက်ခင်းတွေပျက်သွားတဲ့တောင်သူတွေနဲ့ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချတဲ့သူတွေ ပြန်လည်ထူထောင်နိုင်ဖို့အတွက် သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်မျိုးစေ့တွေကို ဟေရမုန်-organic farm အဖွဲ့က ဦးဆောင်ပြီး ဓာတုပစ္စည်းမဲ့ စိုက်ပျိုးသူတွေ လှူဒါန်းနေပါတယ်။
စိုက်ပျိုးရေးကိုအဓိကအားထားပြီး အသက်မွေးဝမ်းကျောင်းရတဲ့ တောင်သူတွေအတွက် အထောက်အကူဖြစ်အောင် အခုလို မျိုးစေ့လှူတာပါလို့ ဟေရမုန်သဘာဝစိုက်ပျိုးရေး တည်ထောင်သူ လုခ့်က ပြောပါတယ်။
“အခုချိန်မှာ ကြုံလာခဲ့ရတဲ့ သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ခံစားနေရတဲ့ ကျွန်တော်တို့လို တောင်သူငယ်လေးတွေက ဒီဟာကြီးကို ကြုံဆုံခံစားနေရမှာပဲ။ တချို့ဆိုရင် ပြင်ဆင်ထားကောင်းပြင်ဆင်ထားပေမဲ့ တချို့ဆိုရင် ဒီအတွက်ကို ပြင်ဆင်ချင်မှပြင်ဆင်မှာ၊ သူတို့တွေအတွက်ကို အထောက်အကူဖြစ်မယ်မျှော်လင့်ပြီး ဒီမျိုးစေ့တွေကို လှူဒါန်းခြင်းအစီအစဉ်ကိုလုပ်ဆောင်နေပါတယ်”
လုခ့်ဟာ သူကိုယ်တိုင်ကလည်း စိုက်ပျိုးရေးသမားဖြစ်ပါတယ်။ အခုလို ရေဘေးပြန်လည်ထူထောင်ရေးမှာ မျိုးစေ့တွေက အသက်ရှင်ရပ်တည်ရေးအတွက် အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်တယ်လို့ သူကပြောပါတယ်။
“ပြန်လည်ထူထောင်ရေးကာလမှာ တချို့ကျတော့လည်း ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာကူညီကြသလိုပဲ၊ ကျွန်တော်တို့က ဒီကွက်လပ်လေးတစ်ခု။ မျိုးစေ့လှူဒါန်းတဲ့အစီအစဉ်လုပ်ပါတယ်။ စုထားတဲ့ မျိုစေ့ကတော့ ဟင်းသီးဟင်းရွက် နေ့စဉ်စားသုံးနေတဲ့ မီးဖိုချောင်မှာချက်ပြုတ်စားသောက်နေတဲ့ ချဉ်ပေါင်တို့ ကန်စွန်းတို့ ရုံးပတီ၊ ဗူးသီး၊ သခွားသီး၊ မုန်လာ ဒီမျိုးစေ့လေးတွေဖြစ်ပါတယ်”
ဓာတုပစ္စည်းမဲ့စိုက်ပျိုးသူတွေကလည်း သူတို့စုထားတဲ့မျိုးစေ့တွေကို တတ်နိုင်တဲ့ဘက်ကနေ မျှဝေတာလို့ မျိုးစေ့အကူအညီပေးနေတဲ့ မဖြူစင်က ပြောပါတယ်။
“ငါးမျှားပြီးတော့ မကျွေးဘူး။ ငါးဖမ်းနည်းသင်ပေးလိုက်တဲ့ သဘောပေါ့နော်။ ထူထောင်ရေးကာလမှာ ဒီထက်ပိုပြီး အရေးကြီးတဲ့ပစ္စည်းတွေ လှူနေတာကျေးဇူးတင်ပါတယ်။ အစားအသောက်တွေ အဝတ်အစားတွေပေါ့နော်။ ဒါတွေပြီးလို့အနည်အထိုင်လာရင် စိုက်ပျိုးရေးက လိုလာပါလိမ့်မယ်”
ဆက်နွှယ်သောသတင်းများ
ရေဘေးကြောင့် တောင်သူ ရှစ်သောင်းနီးပါး ပြန်လည်ထူထောင်နိုင်ဖို့ ခက်ခဲနေ
ရေဘေးကြောင့် သီးနှံစိုက်ဧက ခုနစ်သိန်းခွဲကျော် ပျက်စီး
စိုက်ပျိုးမြေဧက သိန်းနဲ့ချီ ပျက်စီးတဲ့အတွက် ဆန်အိတ်ပေါင်း သန်းနဲ့ချီ လျော့နိုင်
လူတွေစားနပ်ရိက္ခာဖူလုံဖို့အတွက် မြေကြီးရှိရုံနဲ့မရဘဲ မျိုးစေ့ရှိဖို့အရေးကြီးတယ်လို့ မဖြူစင်က ယုံကြည်ထားပါတယ်။
“မျိုးစေ့မရှိဘဲနဲ့ မြေကြီးရှိလည်း စိုက်လို့မရဘူး။ မျိုးစေ့အရင်ဆုံး ရှိရမှာပေါ့နော်။ ရေဘေးခံရတဲ့ဟာကျတော့ ကိုယ်ကတော့ ကြောက်တတ်တာတော့မဟုတ်ဘူး။ အစားအသောက်တွေကို ဖူလုံအောင်ထုတ်ဖို့ ဆိုတာက နည်းနည်းတော့ စိုးရိမ်စရာဖြစ်တယ်လို့ထင်တယ်။ ကိုယ်စားဖို့နည်းနည်းထုတ်ထားတယ်ဆိုရင် စီးပွားဖြစ်တော့မဟုတ်ဘူး။ စားစရာလေးရှိတော့မဆိုးဘူးပေါ့နော်။ ကိုယ့်ရဲ့ပါဝင်မှုကသေးပါတယ် ညောင်စေ့လောက်လှူရင်ညောင်ပင်လောက်ရတယ်။ အမကတော့ အစေ့ကအရေးကြီးတယ်လို့ထင်ပါတယ်”
မျိုးစေ့လှူတဲ့ ဟေရမုန်- organic farm အဖွဲ့ကို ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ကုန်းတလပေါင်ရွာက အောင်မြေသာယာလမ်းမှာ တည်ထောင်ထားတာ ငါးနှစ်ရှိခဲ့ပါပြီ။ သူတို့က ဓါတုပစ္စည်းမဲ့ စိုက်ပျိုးရေး စနစ်တွေကို ပညာရှင်တွေနဲ့ပူးပေါင်းပြီး မျိုးစေ့ထုတ်လုပ်တာ၊ ထိန်းသိမ်းတာ၊ မြေတိုက်စားမှုမရှိအောင် သစ်ပင်စိုက်တာတွေအပြင် စိတ်ဖိစီးမှုတွေ လျှော့ချဖို့အတွက် ဥယျာဉ်ခြံနဲ့ကုသတာတွေကို အခမဲ့ဖွင့်ထားပါတယ်။
စက်တင်ဘာလ ၁၀ ရက်နေ့ကတိုက်ခိုက်ခဲ့တဲ့ ရာဂီမုန်တိုင်းဒဏ်ကြောင့် စိုက်ပျိုးမြေဧက ခုနစ်သိန်းခွဲ ကျော် ရေနစ်မြုပ်ပျက်စီးသွားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။