မူးယစ်ဆေးဖြတ်ပေးနေတဲ့ ရန်ကုန်မြေက မိုဃ်းမခခြံ

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့က မိုဃ်းမခခြံ သို့မဟုတ် မြန်မာလူငယ်ပြုစုပျိုးထောင်ရေးကျောင်းလေးဟာ အနယ်နယ်အရပ်ရပ်က မူးယစ်ဆေးစွဲနေတဲ့သူတွေကို ဆေးဖြတ်ပေးနေတဲ့နေရာလေးပါ။

မူးယစ်ဆေးစွဲနေသူများအား ဆေးဖြတ်ပေးနေသည့် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရှိ မြန်မာလူငယ်ပြုစုပျိုးထောင်ရေးကျောင်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ RFA

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့က မိုဃ်းမခခြံ သို့မဟုတ် မြန်မာလူငယ် ပြုစုပျိုးထောင်ရေး ကျောင်းလေးဟာ အနယ်နယ်အရပ်ရပ်က မူးယစ်ဆေးစွဲနေတဲ့သူတွေ ကို ဆေးဖြတ်ပေးနေတဲ့ နေရာလေးပါ။

အဲဒီဆေးဖြတ်ကျောင်းကို လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတည်းက ခရစ်ယာန်သင်းအုပ် ဆရာ ဦးဇော်သူလင်း တည်ထောင်ထားတာဖြစ်ပါတယ်။ သူက တေးရေးဆရာ စန္ဒရားကွန်းဇော် ရဲ့ သားလည်းဖြစ်ပါတယ်။ ဒီနေရာမှာ လူမျိုးမရွေး၊ဘာသာမရွေး ကုပေးနေတယ်လို့ သင်းအုပ်ဆရာ ဦးဇော်သူလင်းက ပြောပါတယ်။

"ဒီခြံလေးကို မိုဃ်းမခခြံလို့ပေးတယ်၊ အဓိပ္ပာယ်က ရွှင်လန်းခြင်းလို့အဓိပ္ပာယ်ရတယ်၊ ဒီကိုရောက်လာလို့ ရှိရင် ထုံထိုင်းကနေ ရွှင်လန်းသွားရမယ်ပေါ့၊ အဲဒီရည်ရွယ်ချက်နဲ့ မိုဃ်းမခလို့ အမည်ပေးတယ်၊ ပြီးတော့ သာသနာလုပ်ငန်းကိုကျတော့ နာမည်ကို ဖတ်ကြည့်ရင် ဘယ်ဘာသာတရားမှမပါဘူး။ လွတ်အောင် ပေးထားတာ၊ ဘာဖြစ်လို့လဲ ဆိုတော့ မူးယစ်ဆေးစွဲလူငယ်တွေကို စိတ်ဝင်စားတယ်၊ ဘယ်သူမဆို ရောက်လာစေချင် တယ်၊ သူ့ဘာသာ ဘာကိုးကွယ် ကိုးကွယ် မသိဘူး၊ ဆေးစွဲနေရင်လာခဲ့ဆိုတာမျိုး"

ဒီနေရာမဖွင့်ခင် ၁၉၉၄ ခုနှစ်လောက်က ဦးဇော်သူလင်းဟာ သူ့အိမ်မှာ တစ်နိုင်တစ်ပိုင် လုပ်ခဲ့ပါတယ်၊ အဲဒီကို ဆေးဖြတ်ဖို့လာတဲ့သူတွေ များများလာတာကြောင့် ဒီနေရာကို တည်ထောင်ဖြစ်တာလို့ ရှင်းပြပါတယ်။

"လူလူချင်းပဲ စာနာထောက်ထားတဲ့စိတ်နဲ့ ကျွန်တော်တို့က တကယ်တမ်း လဲနေတဲ့သူကို ထူပေးရမယ်"

တကယ်တော့ အခုချိန်မှာ အသက် ၅၆ နှစ်အရွယ် ရောက်နေပြီဖြစ်တဲ့ ဦးဇော်သူလင်း ကိုယ်တိုင်လည်း သူ အသက် ၁၄ နှစ်အရွယ်ကနေ ၂၃ နှစ်အထိ မူးယစ်ဆေးစွဲခဲ့ဖူးလို့ သူ့လိုဖြစ်ရတဲ့သူတွေကို ဘဝပြန်လည် ထူထောင်ဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။ ကျောင်းနာမည်က လူငယ်ပြုစုပျိုးထောင်ရေး ဆိုပေမယ့် ဒီကျောင်းမှာ လာကုနေတဲ့သူတွေ ထဲမှာ လူငယ်တွေအပြင် ၅၀ ကျော်၊ ၆၀ အရွယ်တွေလည်း ပါနေပါတယ်။

ဒီလူတွေ ဘယ်လိုမူးယစ်ဆေးအသုံးများတာ တွေ့ရလဲဆိုတော့ ကျောင်းတာဝန်ခံ ကိုရှရွယ်က -

"ကျွန်တော်တို့သင်တန်းကျောင်းမှာ မူးယစ်ဆေးလို့ပြောတဲ့အခါမှာအစုံရှိပါတယ်၊ နံပါတ်ဖိုးရှိမယ်၊ ဘိန်းမည်း တွေရှိမယ်၊ နောက်ဆုံးပေါ်လာတဲ့ WY ဆိုတဲ့ ရာမလို့ခေါ်တဲ့ စိတ်ကြွဆေးပြားသုံးစွဲခဲ့သူတွေရှိမယ်၊ အရက်သေစာသောက်စားတဲ့ သူတွေလည်းရှိမယ်၊ အဲဒီလူတွေရောက်လာတာ ဖြစ်ပါတယ်"

ဆရာကိုရှရွယ် ကိုယ်တိုင်လည်း မူးယစ်ဆေးစွဲခဲ့ဖူးပါတယ်။ ဒါကြောင့် သူ့ဘဝအတွေ့အကြုံ အရ ပြောမယ်ဆို မူးယစ်သားကောင်ဖြစ်ရတာ အကြောင်းသုံးခုရှိတယ်လို့ ဆိုပါတယ်။

"ဘေးပတ်ဝန်းကျင်မှာလည်း ဒီအရာတွေကရှိနေတယ်၊ အပေါင်းသင်းတွေကလည်း အားပေးတယ်၊ ကိုယ်တိုင်ကလည်း စမ်းချင်တယ်၊ အဲဒီသုံးခုကြောင့် မူးယစ်သားကောင် ဖြစ်ခဲ့ရတာပါ"

မူးယစ်ဆေးသုံးစွဲလာတာ နှစ် ၂၀ လောက်ရှိတဲ့ ရန်ကုန်မြို့က ကိုအောင်နိုင်မိုးက သူ ဒီပြုစုပျိုးထောင် ရေးကျောင်းကို ရောက်မလာခင် ဆေးရုံမှာ ကုခဲ့ဖူးတယ်လို့ ပြောပါတယ်။

"ကျွန်တော် ပြောခဲ့တယ်၊ စံပြဆေးရုံမှာ၊ ဘိန်းစားဂိတ်ဆုံး မက်သဒုံး (Methadone) လို့တောင် ကျွန်တော် ပြောခဲ့တယ်၊ ဘိန်းစား ဂိတ်ပါ ဆုံးသွားပြီ၊ ဂိတ်ဆုံးသွားတဲ့အတွက် အစားထိုးကုလာတဲ့အတွက် ကြောင့် ကျွန်တော်တို့က မက်သဒုံး သောက်ရတဲ့အဆင့် တောင် ဖြစ်သွားပြီ၊ အဲဒီမှာ မက်သဒုံးရဲ့ ကောင်းကျိုး ဆိုးကျိုးကို ကောင်းကောင်း သိလာတဲ့အတွက် ပြန်ပြီးရုန်းထွက်ချင်တယ်"

တခြားနေရာမှာ မူးယစ်ဆေးဖြတ်တဲ့သူတွေကို ဘိန်းအစားထိုးဆေးဝါးတွေနဲ့ ကုကြပေမယ့် ဒီကျောင်း မှာတော့ သမ္မာကျမ်းစာနဲ့ပဲ ကုပေးတယ်လို့ ကျောင်းတာဝန်ခံတစ်ယောက်ဖြစ်တဲ့ ဒီအားဒေါင်က ပြောပါတယ်။

"တခြားအစားထိုးဆေးဝါးနဲ့ မလုပ်ပါဘူး၊ မသုံးပါဘူး၊ တခြားဘိန်းအစားထိုးဆေးဝါး တွေက တခြား အပြင်မှာ ရှိပါတယ်၊ အစိုးရကလည်း လုပ်ပါတယ်။ တခြား NGO အဖွဲ့ အစည်းတွေလည်း လုပ်ပါတယ်၊ ကျွန်တော်တို့ကျောင်း မှာတော့ သမ္မာကျမ်းစာကို သွန်သင်နားထောင်ရင်းနဲ့ပဲ ပြောင်းလဲလာတာ ဖြစ်ပါတယ်"

ဒီကျောင်းမှာ ၂၀၂၂ - ၂၀၂၃ ခုနှစ်မှာ မူးယစ်ဆေးဖြတ်ဖို့ ကုနေတဲ့သူ ၅၀ ကျော်ရှိပြီး အဲဒီလူတွေထဲမှာ ရန်ကုန်က ၁၀ ယောက်ကျော်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တချို့လည်း ပြီးအောင်မကုဘဲ ထွက်သွားကြတဲ့သူတွေ ရှိတယ်လို့ ပြောပြပါတယ်။

မူးယစ်ဆေးစွဲနေသူများအား ဆေးဖြတ်ပေးနေသည့် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရှိ မြန်မာလူငယ်ပြုစုပျိုးထောင်ရေးကျောင်းဝင်းအတွင်း အားကစားလုပ်နေသူများကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

မိုဃ်းမခခြံမှာ မူးယစ်ဆေးဖြတ်ဖို့အချိန်ကို အနည်းဆုံးတစ်နှစ်သတ်မှတ်ထားပါတယ်။ ကျောင်းမှာ တစ်ရက်ကို ထမင်းသုံးကြိမ်ကျွေးတာကြောင့် ထမင်းဖိုးလက်ခံပြီး သူတို့ရဲ့ ကျန်းမာရေးတိုးတက်မှုနဲ့ ဆန္ဒအတိုင်း ကျောင်းမှာ နေခွင့်ပေးထားပါတယ်။

လူတစ်ယောက်သုံးလိုက်တဲ့ မူးယစ်ဆေးဝါးဟာ အမျိုးအစားအလိုက် ဆီး၊ သွေးနဲ့ ဆံပင်တွေထဲမှာ ရှိနေပါတယ်။ အဲဒီ မူးယစ်အဆိပ်တွေ ခန္ဓာကိုယ်ထဲကနေ လုံးဝ ကင်းစင်သွားဖို့ဆိုရင် အသက်အရွယ်၊ ကိုယ်အလေးချိန်၊ လိင်ဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေပေါ်မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် ကုရတဲ့အချိန်မတူဘူးလို့ လေ့လာသူတွေက ပြောပါတယ်။

မူးယစ်ဆေးဆယ်နှစ်ကျော်သုံးစွဲခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က ကိုဘရန်ဆန်အောင် ကလည်း ဒီကျောင်းကိုရောက်လာမှ မူးယစ်သားကောင်ဘဝကနေ ရုန်းထွက်နိုင်ခဲ့တာလို့ ပြောပါတယ်။

"ကျွန်တော်တို့က တစ်ယောက်နဲ့ တစ်ယောက် ပြန်ပြီးဖေးမပေးကြတယ်၊ တကယ်လို့ တအားကြီး မကျန်းမမာဖြစ်နေတယ်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ အထက်က ဆရာ တွေက ဆေးခန်းပို့ပေးတာတွေ လည်းရှိပါတယ်၊ ဆေးတိုက်ပေးကြတယ်၊ အချင်းချင်း ကူညီကြတယ်ပေါ့၊ နေ့စဉ်တိုင်းလည်း ဘုရားရှင်ရဲ့ နှုတ်ကပတ်တော်တွေကို သွန်သင် ပေးတယ်၊ ပြီးရင် ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်ခိုင်းတယ်၊ လေ့ကျင့်ခန်းတွေလည်း လုပ်ခိုင်းတယ်၊ ဒီလိုတွေနဲ့ ကျွန်တော်တို့ကို ကောင်းမွန်အောင်လုပ်ပေးနေတာပါ"

ကျောင်းတည်ထောင်တဲ့သူနဲ့ ကျောင်းတာဝန်ခံတွေက ခရစ်ယာန်တွေဖြစ်နေလို့ တခြား ဘာသာဝင် တွေအဆင်မပြေမှာကို စိုးရိမ်စရာမရှိဘူးလို့ ရန်ကုန်သား ကိုအောင်နိုင်မိုး က ပြောပါတယ်။

"တချို့အမြင်မှာတော့ ဒီလိုမျိုး ခရစ်ယာန်ကျောင်းကြီးမှာ ပို့ထားလိုက်ရင် မင်းတို့ ဘာသာရေး တခြား ဘာသာရေးနဲ့ အဆင်မှပြေပါ့မလားမေးစရာတွေ ထင်စရာတွေ အများကြီးရှိတယ်၊ ဒါပေမဲ့ မဟုတ်ပါ ဘူး၊ လူလူချင်းပဲ စာနာထောက်ထားတဲ့စိတ်နဲ့ ကျွန်တော်တို့က တကယ်တမ်း လဲနေတဲ့သူကို ထူပေးရမယ်"

ရန်ကုန်မြို့မှာ မူးယစ်ဆေးဖြတ်ပေးတဲ့ ကျောင်းလေးကျောင်းရှိပါတယ်။ ဒီ မိုဃ်းမခခြံ ကျောင်းမှာတော့ ဆေးဖြတ်ပေးခဲ့တဲ့ လူတစ်ထောင်ကျော် ရှိခဲ့ပါပြီ။ မူးယစ်ဆေးပေါတဲ့ မြန်မာပြည်မှာ ဒီလိုဆေးဖြတ်တဲ့ နေရာတွေ ဒီထက်မက လိုအပ်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org