FDA ညွှန်ချုပ်၊ ပထမဆုံးအကြိမ် ရုံးထုတ်
2018.05.05
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခံထားရတဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ ဒေါက်တာသန်းထွဋ်ဟာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန စီမံကိန်းတွေကနေ ငွေကျပ်သိန်း ၁ ထောင့် ၅ ရာကျော် အလွဲသုံးစား လုပ်ခဲ့တယ် ဆိုတဲ့ တိုင်ကြားချက်တွေအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးခဲ့တာပါ။
ဒေါက်တာသန်းထွဋ်ကို "၂ဝ၁၃ ခုနှစ်-အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆" အရ နေပြည်တော်ကောင်စီ နယ်မြေ ဇမ္ဗူသီရိ မြို့နယ်ရဲစခန်းမှာ ဧပြီလ ၂ဝ ရက်နေ့က အမှုဖွင့်ခဲ့တာပါ။ လက်ရှိမှာ ဒေါက်တာသန်းထွဋ်ကို မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ ချုပ်နှောင်ထားပါတယ်။ အမှုနဲ့ပတ်သက်လို့ တရားလိုပြသက်သေ ၃၆ ယောက် တင်ပြထားပြီး၊ မေလ ၄ ရက်နေ့ရုံးထုတ်မှာ တရားလိုဖြစ်တဲ့ ကော်မရှင်စုံစမ်းရေးမှူး ဦးသန်းဇော်ဝင်းကို စစ်ဆေးခဲ့ပါတယ်။ နောက်တကြိမ်ရုံးချိန်းကို လာမယ့် မေလ ၁၁ ရက်နေ့မှာ ချိန်းဆိုထားပါတယ်။