အပူရှိန်ကြောင့် ရန်ကုန်တိုင်း ဒလမြို့နယ်ရေခန်းခြောက်မှုပိုဆိုးလာ
2023.05.05

ရန်ကုန်မြို့တစ်ဖက်ကမ်းက ဒလမြို့နယ်ဟာ ရန်ကုန်မြစ်ဘေးမှာတည်ရှိပေမယ့် အရင်ကတည်းက ရေချိုရှားသလို၊ ဒီနှစ်နွေရာသီမှာတော့ ထူးကဲတဲ့အပူရှိန်ကြောင့် ရေရှားတဲ့ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရပါတယ်။
လူဦးရေ တစ်သိန်းခြောက်သောင်းကျော်ရှိတဲ့ ဒလမြို့မှာရေရဖို့ မြေအောက်ကို အနည်းဆုံး ပေ ၂၀၀ ကျော်တူးရသလို ထွက်လာတဲ့ ရေကလည်း ရေချိုမဟုတ်ပါဘူး။ ဒါကြောင့် မြို့လူထုဟာ မိုးရာသီမှာရတဲ့ သဘာဝရေချိုကို ကန်ကြီးတွေနဲ့သိုလှောင်ပြီး တစ်မြို့လုံးသုံးစွဲရပါတယ်။
ဒီနှစ်နွေရာသီမှာ အပူရှိန်ပြင်းလွန်းတဲ့အတွက် ရေကန်တွေ ခန်းခြောက်ပြီး ရေဟာ ရွှေထက် ရှားနေတယ်လို့ ဒလမြို့သား ဦးငြိမ်းချမ်းအောင်က ပြောပါတယ်။
"တန်ပေါင်း တန်ခူးကနေစပြီး ရေစရှားပါးလာတာ တန်ခူးလည်း ကျော်လာရော ရေကန်တွေမှာ ပိုပြီးခန်းခြောက်လာတယ်။ တစ်ထမ်း တစ်ရာကနေ အခု လေးထမ်း ငါးရာ၊ ဝယ်မလား မဝယ်ချင်ရင် တခြားဝယ်ချင်တဲ့သူတွေ အများကြီးရှိတယ်၊ ငွေရှိတာနဲ့ ဒလမှာ ရေဝယ်လို့ မရဘူး။ ရွှေသာသွားဝယ်ချင်ရင်ဝယ်။ ဒလမှာတော့ ရေဝယ်ဖို့ ခက်သွားပြီ"
ဒလမြို့နယ်တစ်ခုလုံးမှာ ရေကန်ပေါင်း ၃၂၀ ကျော်ရှိပေမယ့် ကန် ၂၀၀ ကျော်က ခန်းခြောက်ပြီး တချို့ရေကန်တွေဆို လုံးဝသုံးမရတော့ဘူးလို့ မြို့ခံတွေကပြောပါတယ်။ လူဦးရေနဲ့ ရေကန်မမျှသလို၊ ရှိတဲ့ရေကန်တွေကိုလည်း စနစ်တကျ ပြုပြင်ထိန်းသိမ်းမှု အားနည်းတယ်လို့ ဆိုပါတယ်။
ဒလမြို့နယ်မှာ သောက်သုံးရေလှောင်ကန်တွေ တိုးမလာဘဲ လူဦးရေပဲတိုးလာတာကြောင့် ရေပြဿနာပိုဆိုးလာတယ်လို့ ဒလမြို့သူ ဒေါ်သက်သက်ဝင်းက ပြောပါတယ်။
"ဒလမှာ ရေရှားတယ်ဆိုတာ အထူးအဆန်းတော့ မဟုတ်တော့ဘူး၊ ဒါပေမဲ့ ဒီနှစ်က ဒလမှာ လူဦးရေက ထူထပ်လာပြီး ရာသီဥတုက အရမ်းပူလာတာကြောင့် ရေအခက်အခဲကို ဒလနေသူအားလုံး ကြုံတွေ့နေကြရတယ်။ အိမ်မှာ ရေကို ချက်ဖို့ပြုတ်ဖို့နဲ့ သောက်ရေအပြင် ချိုးဖို့ရေကို စီမံရတယ်။ ကလေးတွေ ရေချိုးရင်တောင် ဘယ်နှစ်ခွက်ပဲချိုးဆိုပြီး စီမံရတာ၊ ရေဝယ်ဖို့ကမလွယ်လို့ပါ"
မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ပြီးခဲ့တဲ့ဧပြီလအတွင်း ဒလမြို့နယ်ရဲ့ နေ့အပူချိန်ဟာ အနိမ့်ဆုံး ၂၆ ဒီဂရီစင်တီဂရိတ်ကနေ တချို့ရက်တွေမှာ အမြင့်ဆုံး ၃၈ ဒီဂရီစင်တီဂရိတ်အထိ ရောက်ခဲ့ပါတယ်။
အခုဆို ဒလမှာ ဆန်ဖိုးထက် ရေဖိုးက ပိုကြီးလာတယ်လို့ ဒလမြို့မှာနေတဲ့ ဒေါ်ပြုံးပြုံးအေးက ပြောပါတယ်။
"ဆန်ဖိုးထက် ရေးဖိုးက ပိုစျေးကြီးသလို ဖြစ်နေတယ်။ ဒါကြောင့် ရေကိုချွေတာပြီး သုံးနေရပါတယ်။ အခု ရေတစ်စည်ကို ကျပ် သုံးထောင်အထိ ဖြစ်နေလို့ အမြဲတမ်းတောင် ဝယ်မသုံးနိုင်တော့ဘူး။ ချွေတာတဲ့အနေနဲ့ ကိုယ်တိုင်ထွက်ပြီး ရေထမ်းနေရတယ်။ အိမ်မှာ ဆန်ဆေးရေတောင် မစွန့်ပစ်ရက်ဘူး၊ ခွက်နဲ့ခံထားပြီး ပန်းပင်လေးတွေ လောင်းရတယ်။"
အရင်က မြို့နယ်စည်ပင်သာယာကနေ ကန်ရေကို တစ်နေ့ နှစ်ကြိမ်၊ တစ်ကြိမ်ကို နှစ်နာရီလောက် ကြာအောင် ခပ်ယူခွင့်ပေးထားပေမယ့် အခုချိန်မှာတော့ တစ်ကြိမ်ကို တစ်နာရီပဲ ခပ်ခွင့်ပေးတော့တယ်လို့လည်း မြို့သူမြို့သားတွေက ပြောပါတယ်။
"သတ်မှတ်ချိန် မဟုတ်တဲ့အချိန် ရေကန်ထဲရေခပ်တဲ့သူကို ဒဏ်ငွေ ငါးထောင်ဆောင်ရမယ်လို့ သက်ဆိုင်သူတွေက တရားဝင်ကြေညာထားတယ်လေ"
အမည်မဖော်လိုတဲ့ ဒလမြို့ခံတစ်ဦးပြောပြတာပါ။
အရင်အရပ်သားအစိုးရ လက်ထက်မှာ ဒလမြို့ရဲ့ ရေရှားပါးမှုပြဿနာကို ကြိုးစား ဖြေရှင်းပေးခဲ့ပေမယ့် လိုအပ်ချက်ရဲ့ ၂၀ ရာခိုင်နှုန်းပဲ ပြေလည်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ အခု အာဏာသိမ်းပြီး နောက်မှာတော့ အခြေအနေပိုဆိုးလာတယ်လို့ ဆိုပါတယ်။
မသန့်ရှင်းတဲ့ ရေကိုသောက်သုံးရလို့ မြို့နေလူထုရဲ့ ကျန်းမာရေးပြဿနာလည်း ကြုံနေရတယ်လို့ ဒလမြို့သား ဦးသန်းလှိုင်က ပြောပါတယ်။
"ရေတွေ သောက်သာသောက်နေရတာ ရောဂါတွေကတော့ ဖြစ်တယ်။ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်တယ်။ ဗိုက်အောင့်တာတွေဖြစ်တယ်။ ဒလမှာ ရေကတော့ အဲလို ဒုက္ခတွေ ရောက်ရပါတယ်"
ဒလမြို့နယ်ကို ရန်ကုန်မြို့ ပေါက်ရွာ ရေပေးဝေရေး စခန်းကနေ ရေပို့လွှတ်ပေးခဲ့ပေမယ့် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးမမှန်လို့ ရေပို့ပေးတာလည်း မမှန်တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဒလမြို့နယ် ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းအဖွဲ့၊ အင်ဂျင်နီယာဌာန တာဝန်ခံ ဦးတိုးတိုးအောင်ကို RFA ကဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိဘဲ အထက်အဆင့်ဆင့်ကိုသာ မေးမြန်းပါလို့သာ တုံ့ပြန်ပါတယ်။
"အခု ရေတစ်စည်ကို ကျပ် သုံးထောင်အထိ ဖြစ်နေလို့ အမြဲတမ်းတောင် ဝယ်မသုံးနိုင်တော့ဘူး။"
ဒလမြို့နယ်မှာ ရပ်ကွက် ၂၅ ရပ်ကွက်နဲ့ ရွာပေါင်း ၅၄ ရွာရှိပြီး၊ လူဦးရေ တစ်သိန်း ခြောက်သောင်းကျော် နေထိုင်တယ်လို့ မြန်မာနိုင်ငံလူဦးရေနဲ့ တည်နေရာတွေကို ပြုစုထားတဲ့ MIMU မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှုယူနစ်ရဲ့ စာရင်းမှာဖော်ပြထားပါတယ်။
စစ်ကောင်စီက ဒလမြို့နယ်အတွက် တစ်နေ့ကို ရေဂါလံ သုံးသန်းကျော် ဖြန့်ဝေပေးနိုင်မယ့် နိုင်ငံတကာအဆင့်မီ ရေသန့်စက်ရုံစီမံကိန်းကို ဂျပန်နိုင်ငံအကူအညီနဲ့ စတင်အကောင်အထည် ဖော်နေပြီလို့ ၂၀၂၁ ခုနှစ်ထဲမှာ ထုတ်ပြန်ထားပါတယ်။
အဲဒီစီမံကိန်းအတွက် ဂျပန်ယန်းငွေ လေးဘီလီယံကျော်ထောက်ပံ့ဖို့ NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာ ဂျပန်နိုင်ငံနဲ့ သဘောတူညီချက်ရရှိထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုထိတော့ စီမံကိန်း အကောင်အထည်ပေါ်တာ မတွေ့ရသေးပါဘူး။