နယ်စပ်ကုန်သွယ်ရေးပိတ်လို့ ငရုတ်စျေးကျပြီး တောင်သူတွေအခက်တွေ့
ရှမ်းမြောက်နဲ့ ကရင်ပြည်နယ်မှာ တိုက်ပွဲတွေပိုပြင်းခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ လကုန်ပိုင်းကစပြီး တရုတ်နဲ့ ထိုင်းနိုင်ငံက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်သွားခဲ့ပြီးတဲ့နောက် ငရုတ်စျေးတွေကျသွားတယ်လို့ တောင်သူတွေကပြောပါတယ်။
-
RFA Burmese
2024-02-07 -
-
-
ရှမ်းမြောက်နဲ့ ကရင်ပြည်နယ်မှာ တိုက်ပွဲတွေပိုပြင်းခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ လကုန်ပိုင်းကစပြီး တရုတ်နဲ့ ထိုင်းနိုင်ငံက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်သွားခဲ့ပြီးတဲ့နောက် ငရုတ်စျေးတွေကျသွားတယ်လို့ တောင်သူတွေကပြောပါတယ်။
ငရုတ်ပေါ်ချိန်မှာ အစိုတစ်ပိသာ ၄၅၀၀ ကျပ်ရှိခဲ့ပြီး လက်ရှိမှာတော့ ၂၂၀၀ ကျပ်ပဲ ပေါက်စျေးဖြစ်နေပါတယ်။ ငရုတ်သီးခြောက်ကလည်း အရင်နှစ်က တစ်ပိဿာကို တစ်သောင်းခွဲကျော်စျေးရပြီး အခုတော့ တစ်သောင်းလောက်ပဲ စျေးရတဲ့အတွက် တစ်ပိသာကို ခြောက်ထောင်လောက် စျေးလျော့နေပါတယ်။ ဒါကြောင့် အဲဒီစျေးထက်ပိုကျမှာကို တောင်သူတွေစိုးရိမ်နေကြပါတယ်။
“အစိုရောင်းရတဲ့ ငရုတ်သီးအမျိုးအစားတွေက ပေါ်ကာစမှာ ၄၄၀၀၊ ၄၅၀၀ လောက်ဖြစ်ပြီးတော့ အခုမှာ ၂၂၀၀၊ ၂၃၀၀ စျေးလောက် လက်ရှိပေါက်စျေးဖြစ်သွားတာပေါ့။ စျေးက ခေါက်ချိုးလောက် ကျသွားတယ်ပေါ့။ တကယ်လို့ အခြောက်စျေးက လက်ရှိ ဆယ့်တစ်ပေါ့။ ဆယ့်တစ်ကနေပြီး ခေါက်ချိုးလောက်ကျသွားမယ်ဆိုရင်တော့ တောင်သူတွေအတွက် အရှုံးပေါ်သွားရလိမ့်မယ်။ ဘာကြောင့် စျေးကျလည်း စုံစမ်းတော့ မြဝတီလမ်းကြောင်း ပိတ်တယ်တို့။ မဝယ်တော့ဘူး။ အပိတ်ရပ်တဲ့အတွက် စျေးက တအားထိုးကျသွားတာ။ တရုတ်လည်း ထွက်တယ်။ ဒါပေမဲ့ အဓိကတော့ မြဝတီလမ်းကြောင်းက အထွက်များတယ်”
ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်၊ ရဲဘော်ကျွန်းရွာမှာ ငရုတ် သုံးဧကစိုက်ထားတဲ့ အသက် ၅၂ နှစ်အရွယ် ဦးစိန်သောင်းက ပြောပြတာပါ။
ငရုတ်စျေးကျနေပေမဲ့ စိုက်ပျိုးစရိတ်ကတော့ အရင်ထက် တက်နေပါတယ်။ အရင်နှစ်က ငရုတ်မျိုးစေ့ တစ်ထုတ်ကို ငါးထောင်ကျပ်နဲ့ရခဲ့ပေမယ့် အခုနှစ်မှာတော့ တစ်သောင်းခွဲအထိ ပေးဝယ်ရတယ်လို့ ပြောပါတယ်။ အဲဒီအပြင် ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာနဲ့ စက်သုံးဆီစျေးတွေကလည်း အရင်ထက် နှစ်ဆလောက် တက်သွားတဲ့အတွက် စိုက်ပျိုးစရိတ် အရင်းအနှီး နှစ်ဆများသွားပါတယ်။ ဒါကြောင့် အရှုံးပေါ်မှာကို ဦးစိန်သောင်း စိုးရိမ်နေပါပြီ။
“ငရုတ်စျေး ထပ်ကျသွားမှာကို တောင်သူတွေစိုးရိမ်နေသလို စျေးကွက်အာမခံချက်ရှိဖို့ကိုလည်း မျှော်လင့်နေတယ်”
သူနေတဲ့ရွာမှာပဲ မိသားစုငါးယောက်ရှိပြီး ငရုတ် လေးဧကစိုက်ထားတဲ့ အသက် ၄၃ နှစ်အရွယ် ဒေါ်ဇင်မာနှင်းကလည်း ငရုတ်ခြောက် တစ်ပိဿာကို ကျပ်တစ်သောင်းအောက် ရောက်သွားရင် အရှုံးပေါ် တော့မယ်လို့ ပြောပါတယ်။
“တောင်သူတွေအနေနဲ့ကတော့ တစ်ခါမှလည်း မရောင်းရသေးဘူးဆိုတော့ စိုးရိမ်တာပေါ့။ စျေး တအားထိုးကျသွားရင် တောင်သူတွေအတွက်က ကုန်ကျစရိတ်က အရမ်းများတယ်လေ။ အဲဒါဆိုတော့ သူ့ထက် စျေးကျသွားမယ်ဆိုရင် တောင်သူတွေအတွက်ကတော့ နစ်နာတာပေါ့။ အရှုံးတောင်မှပေါ် မယ်။ ဒီတစ်ဆယ်အောက် ဆင်းသွားမယ်ဆိုရင်လေ။ အခုတောင်မှပဲ ဘယ်သူမှ သိပ်မပေါ်သေးဘူး။ မပေါ်တဲ့အချိန်မှာတောင် ဆယ့်တစ်လောက်ပဲဆိုတော့လေ”
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်သွားတဲ့အတွက် ကုန်သည်တွေက လေကြောင်းကတင်ပို့ရလို့ သယ်ယူပို့ဆောင်ခများတဲ့အတွက် စျေးကိုချပြီးဝယ်တာလို့ အင်္ဂပူမြို့နယ်၊ ချင်းကုန်းရွာက ငရုတ်တောင်သူတစ်ယောက်ဖြစ်တဲ့ အသက် ၆၀ ဝန်းကျင်အရွယ် ဦးမြဇော်က ပြောပါတယ်။
“နယ်မြေအခြေအနေအရ တချို့ဟာတွေဆို အဲဒီကုန်သည်ကိုယ်တိုင်က ပြောတယ်။ လေယာဉ်နဲ့တင်ရတယ်။ လေယာဉ်နဲ့တင်ရတော့ အဲဒီမှာ အဲဒီ Charges က တက်လာမယ်။ အဲဒီ Charges တက်လာတာက ကုန်သည်က သူ့အိတ်ထဲကလည်း မခံဘူး။ နိုင်ငံခြားက ဝယ်ယူတဲ့ကုန်သည်ကလည်း သူ့အမြတ်အစွန်းထဲက မပေးဘူး။ ဒီကဝယ်ယူပေးတဲ့ ကုန်သည်ကလည်း သူ့အမြတ်အစွန်းထဲကနေ ဒီတက်လာတဲ့ Charges ကို ပေးတာမဟုတ်ဘူး။ အဲဒီတော့ အဲဒီ Charges ကို ဘယ်ကတောင်းလဲဆိုရင် ကျွန်တော်တို့တောင်သူတွေဆီက ပြန်တောင်းတာ”
ဧရာဝတီတိုင်းကထွက်တဲ့ ငရုတ်သီး အမှည့်အစိုကို တရုတ်နိုင်ငံကို အဓိကတင်ပို့သလို ငရုတ်သီးခြောက်ကိုတော့ တရုတ်နိုင်ငံအပြင်၊ အိန္ဒိယနိုင်ငံကိုပါ ပို့တယ်လို့ ဟင်္သာတမြို့က ငရုတ်ပွဲရုံလုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။ ငရုတ်စျေး အရင်နှစ်ထက် ကျဆင်းသွားတာကလည်း လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်သွားတာကြောင့်လို့ သူကလည်းပြောပါတယ်။
ငရုတ်စျေးကျမှာကို အခင်းပိုင်ရှင်တွေ စိုးရိမ်နေသလို ငရုတ်ခင်းတွေမှာ နေ့စားလုပ်ရတဲ့သူတွေလည်း အဆင်မပြေတာတွေ ရင်ဆိုင်နေရပါပြီ။
“လုံလောက်မှုကတော့ အဆင်ပြေအောင် မနည်းပဲ ကြည့်စားနေရတာပေါ့။ အဆင်ကတော့ မပြေဘူးပေါ့ မောင်လေးရယ်။ အဆင်မပြေဘူးလေ။ ဆန်တစ်ပြည်တောင် ၃၅၀၀ ၊၃၈၀၀ အဲဒီလို ဝယ်စားနေရတာ”
အင်္ဂပူမြို့နယ် ညောင်ပင်ရွာက ငရုတ်အငှားခူးတဲ့ အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်ဝင်းဌေး ပြောပြတာပါ။ သူက ငရုတ်ခူးတဲ့အတွက် တစ်နေ့ကို တစ်သောင်းနှုန်း (ကျပ်) ရပေမယ့် တက်လာတဲ့ကုန်စျေးနှုန်းကြောင့် အရင်လို အဆင်မပြေတော့တာပါ။
ငရုတ်စျေး ထပ်ကျသွားမှာကို တောင်သူတွေ စိုးရိမ်နေသလို စျေးကွက် အာမခံချက်ရှိဖို့ကိုလည်း မျှော်လင့်နေတယ်လို့ ငရုတ်တောင်သူတစ်ယောက်ဖြစ်တဲ့ ဦးစိန်းသောင်းကပြောပါတယ်။
“ကျွန်တော်တို့နိုင်ငံက စိုက်ပျိုးရေးနိုင်ငံ။ ပထဝီအနေအထားအရ စိုက်ပျိုးလို့အောင်မြင်တယ်။ စိုက်ပျိုးသလောက်လည်း ဖြစ်ထွန်းတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေအရကျတော့ စျေးကွက်အာမခံချက် မရှိတဲ့ပြဿနာက ကျွန်တော်တို့တောင်သူတွေအတွက် အများကြီးအခက်ကြုံနေရတယ်။ ဒီကုန်ပစ္စည်းတွေက ပြည်ပကို တင်ပို့ရောင်းချရတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေသာ ပိတ်သွားခဲ့မယ်ဆိုရင် တောင်သူတွေအတွက် အများကြီးဆုံးရှုံးနစ်နာမှုရှိမယ်”