နှစ် ၁၀၀ နီးပါးထိန်းသိမ်းလာတဲ့ စက်စက်ယိုရွာက ဆံရစ်ဝိုင်းဓလေ့

မန္တလေးတိုင်း၊ ညောင်ဦးမြို့ကနေ မိုင် ၃၀ ဝန်းကျင်လောက်ဝေးတဲ့ စက်စက်ယို လို့ခေါ်တဲ့ ရွာလေးမှာ အသက် ၁၈ နှစ်အောက်လူငယ်တွေရဲ့ ဆံပင်ပုံစံကို မြန်မာ့ရှေးဓလေ့အတိုင်း သျှောင်ပေစူးနဲ့ ဆံရစ် ဝိုင်းပုံတွေနဲ့ တွေ့နိုင်ပါသေးတယ်။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် စက်စက်ယိုရွာက သျှောင်ပေစူး၊ ဆံရစ်ဝိုင်းပုံတွေနဲ့ ကလေးငယ်တွေကို ၂၀၂၂ ဖေဖော်ဝါရီ ၂၅ ရက်နေ့က တွေ့ရစဉ်

မန္တလေးတိုင်း၊ ညောင်ဦးမြို့ကနေ မိုင် ၃၀ ဝန်းကျင်လောက်ဝေးတဲ့ စက်စက်ယို လို့ခေါ်တဲ့ ရွာလေးမှာ အသက် ၁၈ နှစ်အောက်လူငယ်တွေရဲ့ ဆံပင်ပုံစံကို မြန်မာ့ရှေးဓလေ့အတိုင်း သျှောင်ပေစူးနဲ့ ဆံရစ်ဝိုင်းပုံတွေနဲ့ တွေ့နိုင်ပါသေးတယ်။ ဒီဆံပင်ပုံစံကို လွန်ခဲ့တဲ့ နှစ် ၁၀၀ နီးပါးကတည်းက ထိန်းသိမ်းခဲ့တာလို့ ဒေသခံတွေက ပြောစမှတ်ပြုကြပါတယ်။

အိမ်ခြေ ၁၈၀ နီးပါးရှိတဲ့ အဲဒီ စက်စက်ယိုရွာလေးရဲ့ ဘုန်းကြီးကျောင်းမှာ ဆံရစ်ဝိုင်းနဲ့ ကလေးတွေ ပြေးလွှားနေတာ၊ ဆော့ကစားနေတာကို မြင်တွေ့ရမှာပါ။

"ဆံရစ်ဝိုင်းဆိုတာက ငါးနှစ်ကနေပြီးတော့ ၁၅ နှစ်၊ ၁၆ နှစ်ထိ ဆံရစ်ဝိုင်းထားတယ်လေ"

မယုသင်္ကြန်လို့ခေါ်တဲ့ ၁၀ နှစ် သမီးလေးကတော့ သူ ငါးနှစ်အရွယ်ကတည်းက ဒီဆံရစ်ဝိုင်း ပုံ စထားဖြစ်ခဲ့တာကို အခုလို ပြောပြပါတယ်။

“စလုပ်ကာစက ခွက်မှောက်၊ ခွက်မှောက်ကနေပြီးတော့ ကြက်တောင်စည်း၊ ပြီးတော့ ဆံပင်ရှည်ရင် သမီးတို့ အဲလိုမျိုး ထုံးကြတာ"

သူ့လို ဆံပင်ကို သျှောင်ပေစူးနဲ့ ဆံရစ်ဝိုင်းပုံထားတဲ့ ကလေးတွေနဲ့ ကြိုးခုန်တမ်း၊ ထုပ်ဆီးတိုး၊ ရွှေစွန်ညို လုပ်တမ်း ဆော့ကစားရတာကို နှစ်သက်တယ်လို့ ဆိုပါတယ်။

စက်စက်ယိုရွာရဲ့ ရွာဦးကျောင်း ဆရာတော် အဆက်ဆက်က ဘုန်းကြီးကျောင်းကိုလာပြီး ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းလာတက်တဲ့ ကလေးတွေနဲ့ ဘုန်းကြီးကျောင်းသား တွေကို သျှောင်ပေစူးနဲ့ ဆံရစ်ဝိုင်းထားဖို့ နှိုးဆော်တိုက်တွန်းခဲ့တာလို့ ရွာဦးကျောင်း ဆရာတော် ဦးနန္ဒမာလာက မိန့်ကြားပါတယ်။

"ဆံရစ်ဝိုင်းဆိုတာက ငါးနှစ်ကနေပြီးတော့ ၁၅ နှစ်၊ ၁၆ နှစ်ထိ ဆံရစ်ဝိုင်းထားတယ်လေ။ ဒီဘုန်းကြီးကျောင်းရဲ့ ကျောင်းသားတွေရဲ့ ဓလေ့ပေါ့။ ယောက်ျားလေးတွေဆိုရင်တော့ ၁၅၊ ၁၆ ဆိုရင် ကိုရင် ဝတ်တယ်။ မြို့ကျောင်း တက်ချင်လည်း တက်ပေါ့။ မိန်းကလေး တွေကတော့ ဆံတောက်နဲ့ နေတယ်။ ဆံတောက်ဆိုတော့ ဂျပန်ဆံတောက်လို့ ခေါ်တာ ပေါ့။ ကိုယ့်ရွာ ကိုယ့်ဓလေ့လေးပေါ့။ ဘုန်းကြီးကျောင်းသား မှန်သမျှ ဒီလိုနေရမှာပဲ"

ရွာဦးကျောင်းရဲ့ ပထမဆုံးဆရာတော်ကြီး ဦးနန္ဒဝံသ လက်ထက်ကစလို့ ဘုန်းကြီးကျောင်း သားတွေကို အခုလို သျှောင်ပေစူး ဆံပင်ပုံစံ ထားခိုင်းခဲ့တာလို့ သိရပါတယ်။ အဲဒီနောက် ဒုတိယမြောက်ဆရာတော် ဦးနာယဒ ကနေ သူ့လက်ထက်အထိ ဒီရိုးရာဓလေ့ကို လက်ဆင့် ကမ်း ထိန်းသိမ်းလာတာလို့ ဆရာတော် ဦးနန္ဒမာလာက မိန့်ပါတယ်။ အခု လက်ရှိတော့ သျှောင်ပေစူး၊ ဆံရစ်ဝိုင်း ဆံပင်ပုံနဲ့ မိန်းကလေးက ၂၅ ယောက်၊ ယောက်ျားလေးက ၂၂ ယောက်၊ စုစုပေါင်း ၄၇ ယောက်ရှိတယ်လို့ မိန့်ပါတယ်။

ကလေးတွေကို မနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ် ထမင်းကျွေးပြီး နွေရာသီရောက်ရင် အပြင်က ဆရာ၊ ဆရာမတွေနဲ့ ဘုန်းတော်ကြီးတွေက စာသင်ပေးတယ်လို့ ဆရာတော်က ဆက်မိန့်ပါတယ်။

စက်စက်ယို ရွာသားတစ်ဦးဖြစ်တဲ့ ကိုမျိုးဇော်ဦး က၊ သူတို့တုန်းကလည်း ဘုန်းကြီးကျောင်း သားအဖြစ် နေခဲ့ဖူးသလို၊ သားနှစ်ယောက်ရှိတဲ့ထဲက သားအကြီးကို သုံးနှစ်သား အရွယ် ကတည်းက ဆံရစ်ဝိုင်းထားပေးပြီး ဘုန်းကြီးကျောင်းကို ပို့ထားပါတယ်။

"ငယ်ငယ်တုန်းကလည်း ဒီလိုပဲ။ သူတို့လိုပဲ ထားခဲ့ရတာ။ ကျနော်တို့ ထားခဲ့တုန်းကဆို သျှောင်ပေစူး မလုပ်တဲ့ ကလေးတွေဆို ခွေးချေးတွေဘာတွေ ကျုံးရတယ်။ သျှောင်ပေစူး နဲ့ဆို ဘာမှမလုပ်ရဘူး။ ဘုန်းကြီးက တအား ဦးစားပေးတာ။ သျှောင်ပေစူး မလုပ်တဲ့ ကလေးတွေဆို အစစအရာရာ အမှိုက်ကအစ လှဲရတယ်။ အလုပ်ကို ပိုလုပ်ရတယ်"

သားအငယ်ကိုတော့ ဦးခေါင်းဘေး ပတ်လည်ကို ဗိုလ်စွန်း ရိတ်ထားပြီး မကြာခင် ဘုန်းကြီး ကျောင်းကို ပို့တော့မယ်လို့ ဆိုပါတယ်။

အသက် သုံးနှစ်ကနေ ငါးနှစ်ဝန်းကျင်ကလေးတွေကို ဘုန်းကြီးကျောင်းမပို့ခင်မှာ ဗိုလ်စွန်း ရိတ်တယ်လို့ ခေါ်တဲ့ ဦးခေါင်းဘေးပတ်လည်ကို အပြောင်နဲ့ အလယ်က ဆံပင်ကို အရှည် ထားကြပါတယ်။

ရိုးရာဓလေ့အရ ခွက်မောက်ထားတယ်လို့ ခေါ်တယ်လို့ သူက ရှင်းပြပါတယ်။ အဲဒီ ခွက် မှောက်ထားရာကနေ ရှည်လာတဲ့အခါ ကြက်တောင်စည်းထားကြပြီး ထုံးလို့ရတဲ့ အရှည် ရောက်လာရင် သျှောင်ဆံထုံး ထုံးထားတာကို သျှောင်ပေစူး ထားတယ်လို့ ခေါ်ကြတာ ဖြစ်ပါတယ်။

ရှင်သာမဏေ ပြုလို့ရတဲ့ အရွယ် ၁၅ နှစ် ၁၆ နှစ် ရောက်လာတဲ့ အခါကျမှ သျှောင်ပေစူး မထားတော့တာလို့ ရွာသားတွေက ပြောပြပါတယ်။ မိန်းကလေးတွေကတော့ ကလေး အရွယ်မှာ ဆံရစ်ဝိုင်းထားရာကနေ အပျိုဖော်ဝင်လာရင် ဆံတောက်ထားကြပါတယ်။ ရွာအတန်းကျောင်းကနေ ရှစ်တန်း၊ ကိုးတန်း အောင်လို့ မြို့ကျောင်းတက်တော့မှ ဆံတောက်ဖြုတ်လေ့ရှိတယ်လို့ ပြောပါတယ်။

(မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် စက်စက်ယိုရွာက သျှောင်ပေစူး၊ ဆံရစ်ဝိုင်းပုံတွေနဲ့ ကလေးငယ်တွေကို ၂၀၂၂ ဖေဖော်ဝါရီ ၂၅ ရက်နေ့က တွေ့ရစဉ်)

သုံးတန်းအရွယ်ကတည်းက ဆံရစ်ဝိုင်းထားပြီးအခု ရှစ်တန်းရောက်နေပြီဖြစ်တဲ့ အသက် ၁၅ နှစ်အရွယ် မယမင်းပြည့် ကတော့ သနပ်ခါးနဲ့ မြန်မာဆန်ဆန် ဆံပင်ရှည်ထားရတာကို သဘောကျတယ်လို့ ပြောပါတယ်။

"ဒါကိုထားရတာ ပျော်ပါတယ်။ ဆံပင်ကို အရှည်ထားတာကို သမီးက သဘောကျတယ်။ ဆံပင်ကို ဒီလိုမျိုးထားရတာ တအားကြီးလည်း ခေတ်မဆန်ဘူးလေ။ မိဘတွေကလည်း ထားခိုင်းတယ်။ ရွာကလည်း ဒီလို ထုံးထမ်းဓလေ့ ရှိတာဆိုတော့လေ။ သမီးတို့ရွာက ဒီလိုပဲထားကြတယ်"

ဒီကနေ့ ၂၁ ရာစု နည်းပညာခေတ်ကြီးမှာ မြန်မာနိုင်ငံ မြို့ကြီးတွေက လူငယ်၊ လူရွယ် အများစုက ထိုင်း၊ ဂျပန်နဲ့ ကိုးရီးယားနိုင်ငံက ဆံပင်ပုံစံတွေ၊ ဆံပင်ရောင်စုံ ချယ်တာတွေ၊ ဝတ်စားဆင်ယင်မှုတွေ လွှမ်းမိုးသက်ရောက်လေ့ရှိပေမယ့် ရှေးဟောင်း ပုဂံမြို့ကြီးအနားက စက်စက်ယိုရွာလေးမှာတော့ ရိုးရာအစဉ်အလာမပျက် သျှောင်ပေစူးနဲ့ ဆံရစ်ဝိုင်းထားတဲ့ ဓလေ့ကို ထိန်းသိမ်းထားနေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org