ကပ်ဘေးမှာ အလှူရှင် မျှော်နေရတဲ့ လက်လုပ်လက်စားများ
နယ်စည်းမထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုနှုန်း တရှိန်ထိုး များပြားလာတဲ့ ရန်ကုန်မြို့ကို အသွားအလာကန့်သတ်ထားချိန်မှာ ဝင်ငွေနည်းမိသားစုတွေဟာ ရှာဖွေစားသောက်ဖို့ ပိုပြီးခက်ခဲလာပါတယ်။
-
ဇာဏီထွဏ်း
2020-10-02 -
-
-
နယ်စည်းမထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုနှုန်း တရှိန်ထိုး များပြားလာတဲ့ ရန်ကုန်မြို့ကို အသွားအလာ ကန့်သတ်ထားချိန်မှာ ဝင်ငွေနည်းမိသားစုတွေဟာ ရှာဖွေစားသောက်ဖို့ ပိုပြီးခက်ခဲလာပါတယ်။
ဒေါ်မြင့်မြင့်အေးဟာ လှိုင်သာယာမြို့နယ်၊ ၅ ရပ်ကွက်၊ တပင်ရွှေထီးလမ်းမကြီးဘေး ကျုးကျော်ရပ်ကွက်ထဲက အကြော်သည်တယောက် ဖြစ်ပါတယ်။
မိသားစုစားဝတ်နေရေးအတွက် ဦးဆောင်ဖြေရှင်းနေရတဲ့ သူ့ကိုမှီခိုနေရသူတွေကတော့ ကလေး နှစ်ယောက်နဲ့ အရက်ကြောင့် စိတ်ရောဂါရပြီး ကုသမှုခံယူနေရတဲ့ ခင်ပွန်းတို့ ဖြစ်ပါတယ်။
သူက ဈေးတွေနဲ့ ရပ်ကွက်ထဲမှာ လိုက်ရောင်းနေသူတစ်ယောက်ဖြစ်ပေမဲ့ ဒီရက်ပိုင်းမှာတော့ ရောင်းစရာ အရင်း ခုနှစ်ထောင်လောက်တောင် လက်ထဲမရှိတော့ပါဘူး။
သူနဲ့ဘဝတူ ကျုးကျော်မိသားစုတွေလည်း နေရေးအပြင် စားသောက်ရေးအတွက်ကို နေ့စဉ်နဲ့အမျှ ပူပန်နေကြရပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းမှာ ပန်းရံလုပ်နေတဲ့ ကလေး နှစ်ယောက်အဖေ ကိုစည်သူအောင်က အလုပ်နားတာ တစ်လလောက်ကြာနေပြီး ဝင်ငွေရယ်လို့ မရှိတော့ပါဘူး။ အိမ်မှာ ကျန်တဲ့ အဝတ်အစားကိုလည်း အပေါင်ဆိုင်က လက်မခံတော့ဘူးလို့ ဆိုပါတယ်။
ပျံ့နှံ့ကူးစက်မှု များပြားတဲ့ ရန်ကုန်မှာ အစိုးရက အသွားအလာကန့်သတ်ပြီး အိမ်မှာပဲ နေကြဖို့ ထုတ်လိုက်တဲ့အမိန့်က တစ်နေ့လုပ်တစ်နေ့စား ဆောက်လုပ်ရေး အလုပ်သမားတွေလို ကျပန်းအလုပ်လုပ်ကိုင်နေကြသူတွေ၊ ဆိုင်ကယ်ကယ်ရီမောင်းသူတွေ၊ ဆိုက်ကားသမားတွေအပေါ် သက်ရောက်မှု ကြီးလာပါတယ်။ စက်ရုံတွေပိတ်လိုက်တာကြောင့် အလုပ်သမားတွေလည်း ဝင်ငွေမရှိတော့ပါဘူး။
ကျုးကျော်နေထိုင်သူတွေ မြေနေရာရရှိရေးအတွက် ကူညီပေးနေတဲ့ ဗေဒါလူမှုဖွံ့ဖြိုးရေးအဖွဲ့က မဥဥထွေးက ၂၀၁၆-၂၀၁၇ အတွင်း လှိုင်သာယာမြို့နယ်ထဲမှာ တိုင်းအစိုးရက ကျုးကျော်နေထိုင်သူဖြစ်ကြောင်း သက်သေခံလက်မှတ် Smart Card ထုတ်ပေးထားသူ သုံးသောင်း ရှစ်ထောင်ကျော်ရှိပြီး အခုအခြေအနေနဲ့ဆို အရေအတွက် ပိုများလာနိုင်ကြောင်း၊ အများစုဟာ ဧရာဝတီတိုင်းလို နာဂစ်မုန်တိုင်းဒဏ်သင့်ဒေသမျိုးက လာကြသူတွေဖြစ်ပြီး အခုချိန်မှာ စားသောက်ရေးအတွက် ပိုခက်ခဲနေကြောင်း ပြောပါတယ်။
အရင်ကကျပ်တည်းတယ်ဆိုတာထက် ပိုကျပ်တည်းတဲ့ကာလလို့ မဥဥထွေးက မှတ်ချက်ပေးပါတယ်။
လှိုင်သာယာမှာ ကျုးကျော်နေထိုင်သူတွေ စုဖွဲ့ထားတဲ့ မြို့ပြဆင်းရဲသားများကွန်ရက် ဒုတိယဥက္ကဋ္ဌ ဦးတလုတ်က အခုချိန်မှာ ရပ်ကွက်ထဲ တယောက်ယောက် နေမကောင်းဖြစ်ရင် ပရဟိတအဖွဲ့နဲ့ အရပ်ကလူတွေက စုပေါင်းပြီး ကူညီပေးနေရတယ်လို့ ပြောပါတယ်။
ရောဂါပိုးကူးစက်မှု ဟန့်တားရေး အထောက်အကူဖြစ်တဲ့ တခါသုံး နှာခေါင်းစည်းတွေ၊ ပြန်လျှော်သုံးနိုင်တဲ့ နှာခေါင်းစည်းတွေလည်း လိုအပ်နေပါတယ်။ အဲဒီလိုပဲ မြောက်ဒဂုံမြို့နယ် ထားဝယ်ချောင်အမှိုက်ပုံမှာ မှီခိုနေရတဲ့ အိမ်ထောင်စု ၆၆ ခုဟာလည်း အပြင်ထွက်ခွင့်လည်း ကန့်သတ်ခံထားရတာကြောင့် အမှိုက်ပုံမှာ ပြန်ရောင်းလို့ရတဲ့ပစ္စည်း ရှာဖွေတဲ့အလုပ်ကို ဆက်လုပ်ဖို့ အခြေအနေ မပေးပါဘူး။
ကောက်ယူစုဆောင်းထားပြီးသား ပစ္စည်းတွေကိုလည်း အပြင်ထွက်ရောင်းလို့ မရဘူးလို့ အဲဒီအမှိုက်ပုံကို အမှီပြုနေထိုင်သူတစ်ယောက်က ပြောပါတယ်။ သူတို့နေရတဲ့နေရာဟာ ရပ်ကွက်ထဲမှာလည်း မဟုတ်သလို မှတ်ပုံတင်၊ သန်းခေါင်စာရင်းလည်း မရှိတာကြောင့် အစိုးရကပေးတဲ့ ရိက္ခာနဲ့ ထောက်ပံ့ကြေးတွေလည်း မရကြပါဘူး။ အလှူရှင်တွေကိုပဲ အားကိုးစောင့်ဆိုင်းနေရတယ်လို့ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်မြင့်က ပြောပါတယ်။
ကူးစက်မှု ပထမလှိုင်းကာလ ဧပြီနဲ့ မေလတို့မှာ အနှေးယာဉ်လုပ်သားတွေလို တစ်နေ့လုပ် တစ်နေ့စားတွေ၊ ဝင်ငွေနည်းလွန်းသူတွေကို ပြည်သူတွေ အချင်းချင်း ကူညီပေးခဲ့ကြပါတယ်။ ကူးစက်မှု ရုတ်တရက် များပြားလာတဲ့ စက်တင်ဘာမှာ အကူအညီလိုအပ်သူ ပိုများလာတယ်လို့ ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့က ဦးဇော်နိုင်က ပြောပါတယ်။
ရန်ကုန်တိုင်းထဲမှာ ကူးစက်သူတွေ ပိုများလာပြီး သေဆုံးနှုန်း တက်နေတာကြောင့် ထပ်ပြီး မကူးစက်အောင် အိမ်တွေမှာဘဲနေကြဖို့၊ မလိုအပ်ဘဲ အပြင်မထွက်ဖို့၊ ခွင့်ပြုထားတဲ့လုပ်ငန်းတွေကလွဲပြီး အပြင်ထွက်မယ်ဆိုရင် အရေးယူခံရမယ်ဆိုပြီး ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက စက်တင်ဘာ ၂၀ မှာ ကြေညာလိုက်ပါတယ်။ စက်တင်ဘာ ၂၆ ကစပြီး တမြို့နယ်နဲ့ တမြို့နယ် အသွားအလာတွေလည်း ကန့်သတ်လိုက်ပါတယ်။ တစ်နေ့လုပ် တစ်နေ့စားရတဲ့ ပြည်သူတွေကတော့ ပိုးကူးစက်မခံရဖို့ စိုးရိမ်ရသလို တဘက်ကလည်း ဒီကာလမှာ နေ့စဉ် စားဝတ်နေရေး ပြဿနာကို ဖြေရှင်းနိုင်ဖို့ အလှူရှင်တွေကိုပဲ အားကိုးမျှော်လင့်နေကြပါတယ်။