ထိုင်းအစိုးရသစ်နဲ့ မြန်မာပြည်နိုင်ငံရေး
2023.06.14
ပြီးခဲ့တဲ့လက ကျင်းပတဲ့ ထိုင်းရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံး အနိုင်ရတဲ့ Move Forward ပါတီဟာ ညွန့်ပေါင်းအစိုးရ ဖွဲ့ပြီးရင် မြန်မာ့အရေး ထိထိရောက်ရောက် ဆောင်ရွက်ဖို့ ကတိပြုထားတာပါ။ ဒါပေမယ့် Move Forward ပါတီခေါင်းဆောင် ပီတ လင်ဂျာရွန်ရက် (Pita Limjaroenrat) ဟာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရဖို့ မသေချာတဲ့ အခြေအနေရောက်နေတယ်လို့ ချူလာလောင်ကွန်းတက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ သီတီနန် ပုန်ဆူဒီရတ် (Thitinan Pongsudhirak) က ပြောပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ မြန်မာနိုင်ငံအကျပ်အတည်း ပြေလည်ဖို့ Move Forward ပါတီနဲ့ ပါတီခေါင်းဆောင်တို့အပေါ် အလွန် အကျွံ မျှော်လင့်ချက်မထားကြဖို့ သူက တိုက်တွန်းပါတယ်။ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင် ဆက်သွယ်မေးမြန်းထားပါတယ်။
- အခုဆိုရင် Move Forward ပါတီနဲ့ ပါတီခေါင်းဆောင် ပီတ လင်ဂျာရွန်ရက် တို့ ဦးဆောင်တဲ့ ထိုင်းအစိုးရသစ်တက်လာပြီး၊ လက်ရှိ မြန်မာနိုင်ငံ အခြေအနေ အပြောင်းအလဲ ဖြစ်လာဖို့ မြန်မာပြည်သူတွေအကြားမှာ မျှော်လင့်ချက်တွေ ရှိနေပါတယ်။ ဒါပေမယ့် အခုအချိန်အထိ ဝန်ကြီးချုပ်ရွေးချယ်တဲ့ လုပ်ငန်းစဉ်က မပြီးပြတ်သေးဘဲ ဖြစ်နေပါတယ်။ အခုအချိန်မှာ ထိုင်းဝန်ကြီးချုပ်အသစ် ရွေးချယ်နေတဲ့ အခြေအနေနဲ့ Move Forward ပါတီ ခေါင်းဆောင် ထိုင်းဝန်ကြီးချုပ် ဖြစ်လာဖို့ ဖြစ်နိုင်ခြေကို သိပါရစေ။
■ "ထိုင်းနိုင်ငံရေးဟာ အခုအချိန်မှာ တော်တော်လေး ရှုပ်ထွေးနေပြီး မှန်းဆရခက်နေပါတယ်။ ဝန်ကြီးချုပ်ရာထူး ရွေးချယ်တာကလည်း ဖြောင့်ဖြောင့်တန်းတန်း မသွားဘဲ ဖြစ်နေပါတယ်။ Move Forward Party ခေါင်းဆောင် ပီတ (Pita Limjaroenrat) ဟာ ဝန်ကြီးချုပ်ဖြစ်ဖို့ အတားအဆီးတွေ ကြုံနေရပါတယ်။ ပီတ ဟာ အခုမရှိတော့တဲ့ ITV မီဒီယာကုမ္ပဏီမှာ ရှယ်ယာပိုင်ဆိုင်ခဲ့တာကို အကြောင်းပြုပြီး၊ ဝန်ကြီးချုပ်ဖြစ်ဖို့ အရည်အချင်းမမီကြောင်း ကြေညာဖို့ ပြိုင်ဘက်တွေက ကြိုးစားနေပါတယ်။ ဒီအခက်အခဲကို ကျော်လွှားနိုင်ရင်တောင် ပီတ ဟာ ဝန်ကြီးချုပ်ဖြစ်ဖို့ ထိုင်းလွှတ်တော်မှာ ထောက်ခံမဲ အလုံအလောက်ရဖို့လည်း မသေချာသေးပါဘူး။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြဋ္ဌာန်းလိုက်တဲ့ ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ လွတ်တော်အမတ်အားလုံးရဲ့ သုံးပုံတစ်ပုံကို ထိုင်းစစ်တပ်က ခန့်အပ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ပီတ ဝန်ကြီးချုပ်ဖြစ်ဖို့ ထိုင်းလွှတ်တော်မှာ ထောက်ခံမဲ အလုံအလောက်ရဖို့လည်း မသေချာဘဲဖြစ်နေပါတယ်။ Move Forward Party ဟာ ထိုင်းဘုရင်စနစ်နဲ့ ထိုင်းစစ်တပ်နဲ့တစ်ခုလုံးကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေပါတယ်။ ထိုင်းဘုရင်နဲ့ တော်ဝင်မိသားစုကို ဝေဖန်တာကို တားမြစ်ထားတဲ့ (lese majeste) ဥပဒေကို ပြင်ဆင်ဖို့ ပြောထားတာ ရှိပါတယ်။ ဒါ့အပြင် လက်ရှိ ထိုင်းစစ်တပ်မှာ ဗိုလ်ချုပ်တစ်ထောင်ကျော်လောက် ရှိနေတာကို လေးရာလောက်အထိ လျှော့ချဖို့၊ စစ်သည်အင်အားကိုလည်း သုံးပုံ တစ်ပုံအထိ လျှော့ချဖို့၊ စစ်မှုမထမ်းမနေရ စနစ်ကိုလည်း ဖျက်သိမ်းဖို့၊ စစ်တပ်အတွက် အသုံးစရိတ်ဘတ်ဂျက်ကို လျှော့ချပြီး နိုင်ငံရေးမှာ စစ်တပ်က ဝင်ပါနေတာကို လုံးဝရပ်ဆိုင်းဖို့လည်း အဆိုပြုထားပါတယ်။ ဒါကြောင့်လည်း ထိုင်းနိုင်ငံရေးလောကမှာ အခိုင်အမာနေရာရထားတဲ့သူတွေက ပီတနဲ့ Move Forward Party တို့ကို နည်းမျိုးစုံနဲ့ ဟန့်တားကြမှာ ဖြစ်ပါတယ်။ ပုံမှန်အတိုင်းဆိုရင် အခုလောက်ဆို ညွှန့်ပေါင်းအစိုးရ ဖွဲ့ပြီးဖြစ်နေလောက်ပြီ။ အခုတော့ စစ်တပ်ကခန့်ထားတဲ့ အမတ်တွေက ကန့်ကွက်လို့ ဒီလို ဖြစ်မလာသေးပါဘူး။ ဒါကြောင့် မြန်မာပြည်သူတွေအနေနဲ့ ထိုင်းအစိုးရသစ်အပေါ် အလွန်အကျွံမျှော်လင့်ချက် မထားဖို့ ပြောချင်ပါတယ်။
- Move Forward ပါတီ ခေါင်းဆောင် ပီတသာ ဝန်ကြီးချုပ် မဖြစ်တော့ရင် ဘယ်သူဖြစ်လာဖို့ အလားအလာရှိပါသလဲ။
■ ၂၀၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲဝင်တဲ့ နိုင်ငံရေးပါတီတွေဟာ သူတို့ပါတီအနိုင်ရရင် ဝန်ကြီးချုပ်နေရာအတွက် ခန့်အပ်ဖို့ ပါတီဝင်သုံးဦးအထိ အဆိုပြုနိုင်ပါတယ်။ Move Forward ပါတီက ဝန်ကြီးချုပ်ရာထူးအတွက် ပီတ တစ်ယောက်တည်းကိုပဲ အဆိုပြုထားတာပါ။ ဖွေထိုင်းပါတီဘက်ကတော့ သုံးဦး အဆိုပြုထားပါတယ်။ သူတို့က ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီး ပယ်ထုံထန် ရှင်နာဝပ်ထရာ (Paetongtarn Shinawatra)၊ ပယ်ထုံတန်ရဲ့ အကြံပေး ဆေထာ သာဗီဆင် (Srettha Thavisin) နဲ့ ဖွေထိုင်းပါတီ မဟာဗျူဟာအကြီးအကဲ Chaikasem Nitisiri တို့ ဖြစ်ပါတယ်။ ဒါကြောင့် ပီတသာ ဝန်ကြီးချုပ် မဖြစ်တော့ရင် ဖွေထိုင်း ပါတီက အတည်ပြုတဲ့သူက ဝန်ကြီးချုပ်ဖြစ်လာမှာပါ။ ဒီအထဲမှာ သက်ဆင်ရဲ့သမီး ပက်ထုံထန် ကတော့ ပါတီရဲ့ လူငယ်မျိုးဆက်လည်းဖြစ်၊ ဖခင်အရှိန်အဝါလည်းရှိလို့ ပိုပြီး ဖြစ်နိုင်ခြေ ရှိတယ်လို့ ထင်ပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ ပက်ထုံထန်ကို အလေးထားပြီး စောင့်ကြည့်သင့်တယ်လို့ ပြောချင်ပါတယ်။ တကယ်လို့ ပီတသာ ဝန်ကြီးချုပ်ဖြစ်ခဲ့ရင်၊ နိုင်ငံခြားရေး ဝန်ကြီးရာထူးကို ပယ်ထုံထန်က ရဖို့ များပါတယ်။ ဒါဆိုရင် မြန်မာနိုင်ငံအရေးအပါအဝင် ထိုင်းနိုင်ငံခြားရေး မူဝါဒအားလုံးကို ဖွေထိုင်း ပါတီက ဦးဆောင် ဖန်တီးပါလိမ့်မယ်။ လက်ရှိ အာဏာသိမ်းအစိုးရခေါင်းဆောင် ပရာယွတ်ကတော့ ဝန်ကြီးချုပ် မဖြစ်နိုင်တော့ဘူးလို့ ထင်ပါတယ်။ သူ့ပါတီက အမတ်နေရာ ၃၆ နေရာပဲ ရတဲ့အတွက် အလွန်နည်းပါတယ်။ ဒါကြောင့် ဝန်ကြီးချုပ် ရာထူးအတွက် ပီတ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ဆေထာ ဒါမှမဟုတ် ပယ်ထုံထန် တစ်ယောက်ယောက် ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။
- Move Forward ပါတီ ခေါင်းဆောင်သာ ဝန်ကြီးချုပ်မဖြစ်ရင် မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ဘယ်လိုသက်ရောက်မှု ရှိလာနိုင်သလဲ။
■ ကျွန်တော်ပြောချင်တာက ပီတ ဝန်ကြီးချုပ် မဖြစ်လာရင်တောင် လက်ရှိအာဏာသိမ်းပြီး အုပ်ချုပ်နေတဲ့ ဗိုလ်ချုပ် ပရာယွတ် အစိုးရ ထွက်သွားပြီး အရပ်သားအစိုးရ တက်လာတာနဲ့ တိုးတက်မှုအချို့ သေချာပေါက်ရှိလာမှာ ဖြစ်ပါတယ်။ ဖွဲ့စည်ပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်တပ်ကိုပါ ပြင်ဆင်ဖို့ လုပ်နိုင်ပါလိမ့်မယ်။ ဘုရင်စနစ်ကို ပြင်ဆင်ဖို့တော့ ဖြစ်နိုင်မယ် မထင်ပါဘူး။ မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ မူဝါဒလည်း အနည်းအကျဉ်း အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။ အခု ပရာယွတ်အစိုးရဟာ မြန်မာစစ်ကောင်စီနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို ပြောင်ပြောင်တင်းတင်း အားပေးထောက်ခံနေတာကြောင့် နိုင်ငံတကာမှာ ထိုင်းနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေပါတယ်။ ဒီ ထိုင်းစစ်အစိုးရ ထွက်သွားမယ်ဆိုရင် အရပ်သားအစိုးရ ဘယ်သူတက်လာသည် ဖြစ်စေ၊ မြန်မာနိုင်ငံအတွက် အခြေအနေပိုကောင်းလာမှာ ဖြစ်ပါတယ်။ ထိုင်းအစိုးရသစ်ဟာ စစ်ကောင်စီတင်မကဘဲ အမျိုးသားညီညွတ်ရေး အစိုးရ NUG အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံလာပါလိမ့်မယ်။ Move Forward ပါတီ နေရာမရတော့ရင် ဖွေထိုင်း ပါတီအနေနဲ့ ဘယ်လောက် ကြီးကြီးမားမား အပြောင်းအလဲလုပ်မလဲဆိုတာ မသိရသေးပေမဲ့ ပရာယွတ်အစိုးရ ဆင်းသွားတာနဲ့ တိုးတက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။
- အားလုံး မျှော်မှန်းထားသလို ပီတ သာ ဝန်ကြီးချုပ် ဖြစ်လာရင်ကော မြန်မာနိုင်ငံအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲ။
■ ပီတနဲ့ Move Forward ပါတီတို့ ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ဖြစ်လာရင် မြန်မာနဲ့ဆိုင်တဲ့ ထိုင်းရဲ့မူဝါဒတစ်ခုလုံး အသစ် ဖြစ်လာလိမ့်မယ်။ လက်ရှိဝန်ကြီးချုပ် ပရာယွတ်၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းအထူးသံ ပွန်ပီမွန် တို့ အားလုံး မပါတော့တဲ့ အခင်းအကျင်းသစ် ဖြစ်လာလိမ့်မယ်။ ထိုင်းအစိုးရသစ်နဲ့ NUG EAO တွေ အပါအဝင် သက်ဆိုင်သူတွေနဲ့ ပိုပြီး ထိတွေ့ဆက်ဆံမှုတွေ တိုးလာလိမ့်မယ်။ လူသားချင်းစာနာမှု အကူအညီတွေ ပို့ဆောင်ဖို့ အခွင့်အလမ်းတွေ ဖြစ်ပေါ်လာမယ်။ အာဆီယံ ဘုံသဘောတူညီချက်တွေ အကောင်အထည်ပေါ်ဖို့ ထိုင်းအစိုးရသစ်ဟာ အင်ဒိုနီးရှားနဲ့ ပူးပေါင်းကြိုးပမ်းလာနိုင်ပါတယ်။ စစ်ကောင်စီနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ်မှာလည်း ဖိအားတွေ တိုးလာလိမ့်မယ်။ စစ်ခေါင်းဆောင်တွေနဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးဖို့ ထိုင်းအစိုးရက ကြားဝင်စေ့စပ်ညှိနှိုင်းပေးတာမျိုး ဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်။