ယူကရိန်းစစ်ပွဲ မြန်မာအပေါ် အကျိုးသက်ရောက်မှု အလားအလာ

ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ စစ်ပွဲဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေအတွက် အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ဝါရှင်တန်ဒီစီ အမျိုးသား စစ်ကောလိပ်က အရှေ့တောင် အာရှရေးရာ လေ့လာသုံးသပ်သူ Zachary Abuza က ပြောလိုက်ပါတယ်။

ဝါရှင်တန်ဒီစီ အမျိုးသား စစ်ကောလိပ်က အရှေ့တောင် အာရှရေးရာ လေ့လာသုံးသပ်သူ Zachary Abuza ကို တွေ့ရစဉ်

ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ စစ်ပွဲဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေအတွက် အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ဝါရှင်တန်ဒီစီ အမျိုးသား စစ်ကောလိပ်က အရှေ့တောင် အာရှရေးရာ လေ့လာသုံးသပ်သူ Zachary Abuza က ပြောလိုက်ပါတယ်။

ပြင်ပဆောင်းပါးရှင် Zachary Abuza ကို ကိုရဲခေါင်မြင့်မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

• ရုရှားနိုင်ငံဟာ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲနေတာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေအတွက် အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ဖြစ်လာမယ်လို့ လူကြီးမင်းရဲ့ ဆောင်းပါးထဲမှာ သုံးသပ်ထားတာ တွေ့ရပါတယ်။ ဘာကြောင့်ပါလဲ။

ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံကို လက်နက်တွေ ပမာဏ အများဆုံး ရောင်းချနေတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ ဆာဘီးယားလို အခြား လက်နက်ရောင်းတဲ့ နိုင်ငံတွေဟာ လူ့အခွင့် အရေး အဖွဲ့တွေရဲ့ ဖိအားတွေကြောင့် ပိုပြီး ကန့်သတ်မှု ရှိနေပါတယ်။ မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့တွေဟာ မြေပြင်မှာ တစ်စထက်တစ်စ ပိုပြီး အားနည်းလာနေတဲ့အတွက် စစ်ဆင်ရေး တွေမှာ အဝေးပစ် ဒုံးကျည်နဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေကို အမှီပြုနေရပါ တယ်။ ဒီနေရာမှာ အသုံးပြုတဲ့ တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေဟာ စနစ်တကျ ပြုပြင် ထိန်းသိမ်းမှုတွေ လိုအပ်ပါတယ်။ ပျံသန်းချိန် နာရီ ထောင်ဂဏန်းလောက် ကြာတိုင်း အနားပေးပြီး ကျွမ်းကျင်ပညာရှင်တွေနဲ့ ပြုပြင်ထိန်းသိမ်းဖို့ လိုပါတယ်။ ယူကရိန်း စစ်ပွဲ နောက်ပိုင်းမှာ လေယာဉ် ထိန်းသိမ်းဖို့ ရုရှားက ပညာရှင်တွေ မလွှတ်နိုင်တော့ဘူးလို့ သိရပါတယ်။ ဒီလေယာဉ်တွေမှာ သုံးမယ့် ဗုံးကျည်ဆန်တွေဟာလည်း ရုရှားကပဲ ထုတ်လုပ်ပေးနေတာပါ။ ယေဘုယျအားဖြင့် ဒီအခြေအနေတွေဟာ မြန်မာစစ်တပ်ရဲ့ စွမ်းရည်ကို လျော့ကျစေမှာပါ။ ဒီထက် အရေးကြီးတာက အခုဆိုရင် ကမ္ဘာ အရပ်ရပ်မှာ အာဏာရှင် အစိုးရတွေရဲ့ အုပ်စိုးမှု တစ်ကျော့ပြန်လာနေပါတယ်။ ဒီမိုကရေစီကို ထောက်ခံအားပေးတဲ့ အနောက်နိုင်ငံတွေဟာ ပျော့ညံ့ပြီး၊ သူတို့ လုပ်ချင်တိုင်း လုပ်နေတာ ကို ဘာမှ မလုပ်နိုင်ဘဲ လက်ပိုက်ကြည့် နေရလိမ့်မယ်လို့ အာဏာရှင် အစိုးရတွေက တစ်ထစ်ချ ယူဆနေကြပါတယ်။ ဒီလို မဟုတ်တဲ့အကြောင်း သက်သေပြဖို့ လိုလာပါတယ်။ ကမ္ဘာအရပ်ရပ်မှာ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို အားပေးထောက်ခံဖို့ တွန်းအားတွေ ဖြစ်လာပါတယ်။ အခုဆိုရင် ကမ္ဘာ့နိုင်ငံတွေဟာ ရုရှားကို မကြုံဘူးလောက်အောင် ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ဝိုင်းပြီး ချမှတ်နေကြပါတယ်။ ရုရှားရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အိုင်စီစီ တရားရုံးကနေ စစ်ဆေးအရေးယူဖို့ ဖိအားတွေလည်း တိုးလာနေပါတယ်။ ဒါတွေက အာဏာရှင် အစိုးရ အားလုံးအတွက် သတိပေးလိုက်တာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် မြန်မာ စစ်ခေါင်းဆောင်တွေ အတွက် သူတို့ အလှည့်လည်း ရောက်လာတော့မယ်ဆိုတဲ့ အသိတရား ရစေမှာ ဖြစ်ပါတယ်။

• အခုအချိန်မှာ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုတဲ့ အစိုးရ မရှိသေးပါဘူး။ ဒီလို အခြေအနေက ပြောင်းလဲလာမယ်လို့ ထင်ပါသလား။

NUG အစိုးရအနေနဲ့ နိုင်ငံတကာရဲ့ အားပေးထောက်ခံမှုတွေကို ဒီထက်မက ရသင့်ပါတယ်။ အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ National Defense Authorization Act ဥပဒေထဲမှာ အမေရိကန် အစိုးရအနေနဲ့ NUG နဲ့ ပုံမှန် ထိတွေ့ ဆက်ဆံမှုတွေ ပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။ ဥရောပ သမဂ္ဂ အနေနဲ့လည်း NUG ကို ထောက်ခံဖို့ ဆုံးဖြတ်ချက် ချထားပါတယ်။ ဒါပေမဲ့ မဖြစ်မနေ လိုက်နာဖို့ မလိုတဲ့ Non-Binding Resolution မျိုး ဖြစ်ပါတယ်။ ကုလသမဂ္ဂမှာဆိုရင် မြန်မာနိုင်ငံ ကိုယ်စားပြု နေရာကို NUG ကို ထောက်ခံတဲ့ သံအမတ်ကို ပေးထားတဲ့အတွက် အားသာချက် ရှိပါတယ်။ ဒါပေမဲ့ အခုနှစ်ထဲမှာ ဒီအခြေအနေက နေ ပြောင်းလဲသွားနိုင်ပါတယ်။ အမေရိကန်၊ ဥရောပ သမဂ္ဂနဲ့ အာဆီယံနိုင်ငံတွေအနေနဲ့ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုသင့်ပါတယ်။ တရားဝင် အသိအမှတ် မပြုနိုင်သေးရင်တောင် NUG အတွက် အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ပြီး ထိတွေ့ဆက်ဆံမှုတွေ လုပ်သင့်ပါတယ်။

• လူကြီးမင်း ရေးသားခဲ့တဲ့ ဆောင်းပါးထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ထောက်ခံမှုတွေကို ဆုံးရှုံးသွားပြီလို့ ပြောထားပါတယ်။ ဒီလို နိုင်ငံတကာရဲ့ ထောက်ခံမှု အားနည်းသွားတာက မြန်မာ့အရေး လှုပ်ရှားမှုတွေအပေါ် ဘယ်လို သက်ရောက်မှု ရှိပါသလဲ။

ပြီးခဲ့တဲ့ ၁၇ နှစ်တာ ကာလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်သူတွေ အပေါ် စုစည်းညီညွတ်မှုပေးတဲ့ ခေါင်းဆောင်တစ်ဦးအဖြစ်နဲ့ကော၊ ဒီမိုကရေစီ လှုပ်ရှား မှုတွေရဲ့ အမှတ်သင်္ကေတ အဖြစ်နဲ့ပါ နိုင်ငံတကာက ရှုမြင်ခဲ့ကြပါတယ်။ ဒါပေမဲ့ သည်ဟိတ်မြို့ အိုင်စီဂျေ တရားရုံးမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် တရားစွဲဆို ခံရတဲ့အမှုမှာ စစ်ခေါင်းဆောင်တွေကို ကာကွယ်ခဲ့တဲ့ လုပ်ရပ်ဟာ ဒီဂုဏ်ပုဒ် တွေ အားလုံးကို ဆုံးရှုံးသွားစေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်းများစွာ ထောက်ခံခဲ့တဲ့ အနောက်နိုင်ငံအစိုးရတွေက သူတို့ သစ္စာဖောက်ခံလိုက်ရတယ်လို့ ရှုမြင်ကြပါတယ်။ အခုအချိန်မှာ သူကိုယ်တိုင် ကာကွယ်ပေးခဲ့တဲ့ စစ်ခေါင်းဆောင်တွေကပဲ တရားမျှတမှု မရှိတဲ့ ခုံရုံးမှာ စစ်ဆေးပြီး အရေးယူတာ ကြုံနေရတဲ့ အချိန်မှာ နိုင်ငံတကာက ထောက်ခံအားပေးမှုက မရှိသလောက် ဖြစ်သွားပါတယ်။ ဒီအခြေအနေက မြန်မာနိုင်ငံ အရေးအတွက် အားပေးထောက်ခံမှုကိုလည်း လျော့ကျစေပါတယ်။ တစ်ဖက်မှာလည်း မြန်မာနိုင်ငံသားတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှု မရှိတော့တဲ့ အခြေအနေကို လက်ခံပြီး ရှေ့ဆက်သွားနိုင်ဖို့ ကြိုးစားရပါမယ်။ သူဟာ မြန်မာနိုင်ငံရဲ့ သမိုင်းနဲ့ ဒီမိုကရေစီဖော်ဆောင်ရေး ဖြစ်စဉ်မှာ အလွန်အရေးပါတဲ့ အခန်းက ပါဝင်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်နဲ့ ဆက်ဆံရေး မှာ ထိရောက်တဲ့ မဟာဗျူဟာ မရှိခဲ့ဘူး။ စစ်တပ်က နောက်တစ်ကြိမ် အာဏာသိမ်းတာကို မတားဆီးနိုင်ခဲ့ ဘူး။

NLD ပါတီအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် နေရာကို ဆက်ခံနိုင်လောက်တဲ့ မျိုးဆက်သစ် ခေါင်းဆောင်တွေ မွေးထုတ် မထားနိုင်ခဲ့ဘူး။ အခု ပေါ်ပေါက်လာတဲ့ NUG အစိုးရကတော့ NLD အစိုးရထက် ပိုမိုကျယ်ပြန့်ပြီး၊ အားလုံး ပါဝင်မှု ပိုအားကောင်းတာ တွေ့ရပါတယ်။ ဒီလို ဖွဲ့စည်းပုံမျိုးက မြန်မာနိုင်ငံရဲ့ အနာဂတ်ပဲလို့ ထင်ပါတယ်။ NUG ဟာ ကတိပေးထားတဲ့အတိုင်း ဖက်ဒရယ် ဒီမိုကရေစီ စနစ် တည်ထောင်နိုင်မယ်ဆိုရင် NLD အစိုးရ လက်ထက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲ အလုပ်လုပ်ဖို့ တွန့်ဆုတ်နေခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ NUG နဲ့ လိုလိုလားလား ပူးပေါင်းလာမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ အရေးကြီးတာ ဒေါ်အောင်ဆန်းစုကြည်ကို အမြဲ အမှတ်ရနေ ကြမယ့် အတိတ်က ခေါင်းဆောင်တစ်ဦးအဖြစ် လက်ခံပြီးတော့ NUG ရဲ့ ခေါင်းဆောင်မှုနဲ့ ရှေ့ဆက်ကြဖို့ပဲ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org