ပြည်သူရွေးတဲ့သူနဲ့ စစ်ကောင်စီစေလွှတ်သူ ဘယ်သူ့ရွေးမှာလဲလို့ ဦးမင်းကိုနိုင်ပြော

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီဝင်ဖြစ်တဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင် က ကုလသမဂ္ဂမှာ အခု မြန်မာနိုင်ငံကိုယ်စားလှယ် ရွေးချယ်မယ့်ကိစ္စဟာ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေ အမှန်တကယ်ရွေးတဲ့ သံအမတ်ကြီးနဲ့ စကားပြောမှာလား၊ အာဏာကို အဓမ္မရယူခဲ့တဲ့ စစ်ကောင်စီက စေလွှတ်သူနဲ့ စကားပြောမှာလား ဆိုတာကို ဆုံးဖြတ်ရမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့တွေအနေနဲ့ အခုအချိန်မှာ ပြည်သူနဲ့ လာရောက်ပူးပေါင်းလိုက်မယ်ဆိုရင် ကမ္ဘာပေါ်မှာ အကောင်းဆုံး စံနမူနာ ဖြစ်လိမ့်မယ်လို့လည်း သူကပြောပါတယ်

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီဝင်ဖြစ်တဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်။ Photo: Citizen Journalsit

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီဝင်ဖြစ်တဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင် က ကုလသမဂ္ဂမှာ အခု မြန်မာနိုင်ငံကိုယ်စားလှယ် ရွေးချယ်မယ့်ကိစ္စဟာ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေ အမှန်တကယ်ရွေးတဲ့ သံအမတ်ကြီးနဲ့ စကားပြောမှာလား၊ အာဏာကို အဓမ္မရယူခဲ့တဲ့ စစ်ကောင်စီက စေလွှတ်သူနဲ့ စကားပြောမှာလား ဆိုတာကို ဆုံးဖြတ်ရမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့တွေအနေနဲ့ အခုအချိန်မှာ ပြည်သူနဲ့ လာရောက်ပူးပေါင်းလိုက်မယ်ဆိုရင် ကမ္ဘာပေါ်မှာ အကောင်းဆုံး စံနမူနာ ဖြစ်လိမ့်မယ်လို့လည်း သူကပြောပါတယ်။ ဦးမင်းကိုနိုင်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး ကဆက်သွယ်မေးမြန်းထားပါတယ်။

RFA : NUG အမျိုးသားညီညွတ်ရေးအစိုးရက ခုခံတော်လှန်စစ်စတင်ကြောင်း ဒီလ ၇ ရက်နေ့က ကြေညာခဲ့မှုအပေါ် ကိုမင်းကိုနိုင် ဘယ်လိုသဘောထားပါသလဲ။

■ “ကျနော်တို့လူငယ်ဘဝတုန်းက သီချင်းစာသားတစ်ခုဗျ။ အဲဒီ စီစစ်ရေးမှာ အဖျက်ခံရတယ်ဗျ။ ဘာလဲဆိုတော့ “ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်” ဆိုတဲ့ စကားလုံးပဲ။ အဲဒီ စီစစ်ရေးက အဲဒီတုန်းက ဖျက်ခဲ့ပေမယ့် အခုဒီစကားလုံးက ပြည်သူတွေရင်ထဲကို တိုက်ရိုက်ရောက်လာပြီပေါ့ဗျာ။ အဲဒီတော့ ကမ္ဘာအနှံ့က အင်မတန်ကြမ်းတမ်းတဲ့ ပြည်သူတွေရဲ့ခုခံမှုတွေ ရှိခဲ့တာပဲဗျ။ အဲဒီတော့ သိပ်ဆိုးဝါးတဲ့ အခြေအနေမျိုးတွေ မကြုံခင် ကျနော်တို့ အထိအခိုက်အနည်းဆုံးနည်းလမ်းကို သက်ဆိုင်သူတွေအားလုံးက ကာကွယ်ဖို့ အဖြေရှာဖို့တော့ လိုနေပြီ။ ဒါ ပြည်တွင်းပြည်ပ နိုင်ငံတကာ တာဝန်ရှိတဲ့သူတွေ အဖွဲ့အစည်းတွေ လူတွေပေါ့၊ အဲဒီမှာ စစ်ကောင်စီကနေပြီးတော့ ညွှန်ပြထားတဲ့ ၃ နှစ်စာပေါ့- Road Map နိုင်ငံရေးလမ်းပြမြေပုံကိုတော့ မညွှန်နဲ့၊ အဲဒါ မရဘူး။ ဒါ ဖယ်ဒရယ်ဒီမိုကရေစီကို အပြီးအပိုင် မြေမြုပ်သင်္ဂြိုလ်မယ်ဆိုတာ ကလေးကအစသိတယ်။ ဒီဗျာသူတို့ကို ကျနော်တို့အချိန်ဆွဲခွင့် မပေးတဲ့ ဗျူဟာကိုပဲ ကျနော်တို့သုံးရမယ်။ သူကတော့ အသက်ဆက်ဖို့ ကြိုးစားမှာပဲ။ အဲဒီတော့ ၂ နှစ်အတွင်း ရွေးကောက်ပွဲလုပ်မယ်၊ အာဏာလွှဲမယ် စသဖြင့်ပေါ့။ ဒါတွေကတကယ်တော့ ဓမ္မနဲ့ အမှန်တရားနဲ့ မပါဘူးဗျ။ ရွေးကောက်ပွဲပြီးခဲ့တဲ့ရလဒ်ကို ဖျက်ဆီးခဲ့တဲ့ လူတွေကဗျာ၊ ပြန်ရွေးကောက်ပွဲလုပ်ပေးဦးမယ်။ ရွေးကောက်ပွဲရလဒ်ကို အဲဒီကျရင်လက်ခံပါ့မယ်ဆိုတာကိုတော့ ဘယ်သူက ယုံလို့ရမှာလဲဗျနော်။ ပြီးတော့ သူတို့ပြောတဲ့ အဲဒီ ၂ နှစ်အတွင်းမှာနေ့စဉ် အဖမ်းအဆီးခံရမယ်၊ အနှိပ်အစက်ခံရမယ်၊ အသတ်အဖြတ်ခံရမယ်၊ ထောင်ကျခံရမယ် အဲဒီတွေက တနေ့တနေ့ကို ဘယ်နှစ်ယောက်ရှိဦးမှာလဲ။ ဒါကသေချာတယ်လေ၊ ဒီအတိုင်းသာ ကျနော်တို့ သူတို့အစီအစဉ်အတိုင်းသာ သွားရမယ်ဆိုရင်။ ဒါ လောင်းကြေးထပ်ပြီးတော့ ဘယ်သူမဆို ပြောရဲတယ်ဗျ။ ဒါကြောင့်မို့လို့ပါ၊ အဲဒီစစ်ကောင်စီကို တုံ့ပြန်တဲ့ အာခံတဲ့နည်းတွေ၊ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ခြင်း တော်လှန်ခြင်းဆိုတာတွေကို ကောင်းစွာသဘောပေါက်ပြီးတော့ ဒီ NUG ဟာ ပြည်သူ့ဆန္ဒနဲ့အညီ ဒီလမ်းကိုရွေးခဲ့တာပဲဗျ”

RFA - အခုလို NUG က တော်လှန်ရေးနေ့ ကြေညာပြီးနောက်ပိုင်းမှာ အပစ်အခတ်ရပ်စဲရေး၊ အကြမ်းမဖက်ရေးစတဲ့ နိုင်ငံတကာအသိုင်းအဝန်းရဲ့ ပြောဆို လုပ်ဆောင်ချက်တွေ ပေါ်ထွက်ခဲ့ပါတယ်။ ကိုမင်းကိုနိုင် ဘယ်လို မြင်ပါသလဲ။

“ကျနော်တခါ ပြောဖူးတယ်လေ၊ ကျနော်တို့က အမှတ်နဲ့နိုင်ပြီးသား၊ အချီပြည့်ထိုးခဲ့တယ် အချီတိုင်းမှာ နိုင်ခဲ့တယ် ဒါပေမဲ့ အမှတ်နဲ့ မရဘူး အလဲထိုးရမယ်ဆိုတဲ့ အချိုးမျိုး ချိုးလာကြတဲ့အခါကျတော့ ကျနော်တို့ပြည်သူတွေက အလဲထိုးမှာပဲလေ။ အဲဒီကတည်းကလည်း ကျနော်တို့ပြောခဲ့တယ် တကယ်အလဲထိုးပြီဆိုမှ ဒိုင်လိုလို ဘာလိုလိုနဲ့ လာပြီး မဆွဲနဲ့ မကာနဲ့ မချုပ်နဲ့လို့ ပြောခဲ့ပြီးပြီ။ အဲလိုမျိုး ဒိုင်လိုလို ချုပ်သလိုလို လုပ်ချင်တဲ့သူတွေက ဘာလဲဆိုတော့ စစ်အာဏာရှင်နဲ့ ဆွေးနွေးအဖြေရှာခိုင်းတယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ ရွေးချယ်မှုက အာဏာရှင်အမြစ်ဖြတ်ရေးနော် ပန်းတိုင်က၊ ဒါကိုတော့ ရှင်းဖို့လိုတယ်နော်၊ ဒီ ၂ ခု ဟ နေတာ။ အဲတော့ တတ်နိုင်သမျှ နီးကပ်အောင်လုပ်နိုင်လေ ငြင်းခုန်မှုအသံတွေ တိုးသွားမယ်ပေါ့။ ဒါကြောင့်မို့ ခုခံတော်လှန်တယ်ဆိုတာ အာဏာရှင်အမြစ်ပြတ်ရေးအတွက် မဖြစ်မနေရွေးရတဲ့ နည်းဗျူဟာ တခု ဆိုတာကို သံတမန်ရေးရာနယ်ပယ်မှာတော့ နှုတ်က ဖွင့်ပြောစရာမလိုဘဲနဲ့ ရင်ထဲက နားလည်ပြီးသား ဝေါဟာရတခုဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ ရန်ဘက်ဟာ institution ကို ပြောနေတာမဟုတ်ဘူး အဖွဲ့အစည်းကို ပြောနေတာ မဟုတ်ဘူး စနစ်ကိုပြောနေတာ၊ အာဏာရှင်စနစ်ဖြစ်တယ်ဆိုတာ ထပ်ခါထပ်ခါ ပြောနေတာ။ ဒါကြောင့်မို့ ခုံခံတယ်ဆိုတဲ့နေရာမှာလဲ အဲဒီအင်အားစုတွေ institution ထဲက စစ်သားတွေက ပြည်သူနဲ့ လာပေါင်းလေ၊ ပေါင်းလိုက်လေ၊ အဲဒါဆိုရင် အမြန်ဆုံးပြည်သူ့ရင်ခွင်ခိုလှုံလိုက်ရင် အသေအပျောက် အနည်းဆုံးဖြစ်မယ်။ ဒါကမ္ဘာမှာ အကောင်းဆုံးသော စံနမူနာ ဖြစ်သွားလိမ့်မယ်၊ ဒါပဲ ကျနော်တို့ လိုချင်တာ”

RFA - ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဆိုင်ရာ လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်အသိအမှတ်ပြုမှု ရရှိရေး ကိစ္စကိုကော ကိုမင်းကိုနိုင် ဘယ်လိုသုံးသပ်ပါသလဲ။

“ ကုလသမဂ္ဂမှာ ဘယ်သူကအမည်စာရင်းပေါက်မလဲပေါ့နော်၊ ဒါကလည်းစိန်ခေါ်မှု တခုပဲ။ ကျနော်တို့ကတော့ ကမ္ဘာကြီးကို ရွေးခိုင်းတာပဲဗျ။ ကျနော်တို့ ပြည်သူလူထုတွေ အမှန်တကယ်ရွေးတဲ့ သံအမတ်ကြီးနဲ့ စကားပြောမှာလား။ စစ်ဓါးပြရဲ့ အခိုင်းအစေနဲ့ စကားပြောမှာလား၊ ဒါရွေးပေါ့။ ကျနော်တို့ပြည်သူတွေအတွက်ကတော့ သူက အောင်မြင်မှုတခုဘဲ။ ဘာဖြစ်လို့လဲဆိုတော့ သူက ဘယ်တော့မှ ပြန်ပြီး လျှောမကျနိုင်တဲ့ ခြေကုပ်မျိုးကို ကျနော်တို့ ရယူနိုင်ရမှာ။ အဲဒီတော့ ကျနော်တို့ဖက်ကတော့ ဦးကျော်မိုးထွန်းကိုပဲ ဆက်ပြီး တာဝန်ယူရမယ်ဆိုရင်တော့ အကြီးအကျယ်အောင်ပွဲခံမှာပဲ။ ဒါအမှန်တရားရဲ့ အောင်ပွဲလေနော့။ အဲဒီတော့ဗျာ ဒီမှာ credentials committee မှာတော့ ပါတာပေါ့။ အမြဲတမ်းနိုင်ငံတွေအနေနဲ့ တရုတ်တို့ ရုရှားတို့ အမေရိကန်တို့ပါတာပေါ့၊ ဒါပေမဲ့ ဒီ ကိစ္စဟာ အုပ်စုတွေရဲ့ issue မဟုတ်ဘူး။ အမေရိကန်အုပ်စုတို့၊ တရုတ်အုပ်စု၊ ရုရှားအုပ်စု ဒီလို အားပြိုင်မှု မဟုတ်ဘူးနော်။ ဒါ သိပ်အရေးကြီးတယ်၊ ဒါ အရှေ့အနောက် အားပြိုင်မှု မဟုတ်ဘူး။ ဓမ္မနဲ့ အဓမ္မ၊ တရားမှုနဲ့ မတရားမှုရဲ့ အားပြိုင်မှုပဲ။ ကမ္ဘာ့နိုင်ငံတွေက အဲဒါကို မြင်ရမယ်။ အဲဒါတွေကို ဘယ်လောက် လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်လဲ ဆိုတဲ့အပေါ် မူတည်တယ်။ အဲဒီတော့ ဖြစ်နိုင်ချေ ၄ မျိုးမှာ အဲဒီစစ်ဓါးပြတွေရဲ့ အခိုင်းအစေကို မခန့်နိုင်ဘူး၊ လက်မခံဘူးဆိုရင် သေချာတယ် ဒါအောင်မြင်မှု တခု ရတယ်။ ကျနော်တို့ဘက်က ဘာလဲဆိုတော့ အရေးကြီးဆုံးအချက်ဖြစ်တဲ့ legitimacy တရားဝင်မှုပဲ။ ဒါကို ကျနော်တို့သုံးမှာ။ ပြည်သူတွေပေးထားတဲ့မဲလေ ဒါ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို နိုင်ထားတဲ့ အနိုင်လေ။ ဒါအကောင်းဆုံး တရားဝင်ဖြစ်မှုပဲ။ သူတို့မှာ မရှိဘူး။ ဘယ်လိုလုပ်ပြီး ဓါးပြက ရှိမှာလဲ။ အိမ်ရှင်က ဘယ်ဓါးပြကို တရားဝင်မှု ပေးမှာလဲ။ ဒါကျနော်တို့ အကောင်းဆုံးပဲ။ အဲဒီတော့ နိုင်ငံတကာအဖွဲ့အစည်းတွေ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေအားလုံး အထူးသံတမန်တွေ လာကြမယ်ဆိုတာ အရေးကြီးတာက ပွဲစားသာသာ ဖြစ်နေလို့တော့ မရဘူး၊ သူတို့တွေက လာလိုက် ဈေးမေးပြီး ပြန်သွားလိုက်နဲ့ ကြားထဲမှာ လူထုက ဘယ်လောက်ခံရမှာလဲ။ ဒါတွေက ကျနော်တို့ဘက်က မေးစရာရှိတယ်။ လူထုတွေ ဘယ်လောက် အသတ်ခံ နှိပ်စက်ခံ ညှဥ်းဆဲ ခံနေရမှာလဲ။ ဒါတွေလဲ အကုန်စဉ်းစားရမှာပေါ့။ လက်တွေ့ဘယ်လောက်ကျလဲ ဆိုတာ ပြောတာပါ။ ပြည်သူလူထုကတော့ သူ့ရဲ့ လက်တွေ့ကျတယ် တရားမျှတတဲ့ နည်းလမ်းနဲ့ ဘက်ပေါင်းစုံက ခုခံမယ် ပြီးရင်အောင်ပွဲတွေယူမှာပဲ။ ဒါကတော့ ပြည်သူ့ရဲ့လမ်းစဉ်ပဲ၊ ဒီလိုပဲ သွားမှာ”

RFA: ဟုတ်ကဲ့ ဦးမင်းကိုနိုင်၊ RFA က ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org