မြန်မာနိုဘယ်စာပေပွဲတော် စာရေးဆရာဖေမြင့်ကို မေးမြန်းချက်
2015.01.20
ပထမအကြိမ် မြန်မာနိုဘယ်စာပေပွဲတော်ကို ဇန်နဝါရီလ ၁၇ ၇က်နေ့ကနေ ၁၉ ရက်နေ့ထိ ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။ အောင်အောင်မြင်မြင် ပြီးဆုံးသွားတဲ့ မြန်မာနိုဘယ် စာပေပွဲတော် ဖြစ်မြောက်ရေးအတွက် ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်တဲ့ စာရေးဆရာဖေမြင့်ကို RFA အဖွဲ့သူ မခက်မာက ဆက်သွယ်မေးမြန်းထားပါတယ်။
ဆရာဖေမြင့်နဲ့ မေးမြန်းချက်အပြည့်အစုံ
ခက်မာ။ ။ ဆရာရေ မြန်မာနိုဘယ်လ်စာပေ ပွဲတော်က မြန်မာနိုင်ငံမှာ ပထမဦးဆုံးလုပ်တဲ့ စာပေပွဲတော်လဲဖြစ်တယ်၊ တော်တော်လဲ စည်စည်ကားကားဖြစ်တယ်ဆိုတော့ အားရစရာကြီးပါပဲဆရာရယ်၊ ဆရာတို့တွေက ဦးဆောင်ပြီးလုပ်တယ်ဆိုတာလဲ သိရပါတယ်ဆရာ၊ အဲ့တော့ပထမဦးဆုံးအနေနဲ့ ဒီပွဲတော်ကိုလုပ်ဖြစ်တဲ့အကြောင်းလေး ပြောပြပေးပါလားဆရာ။
ဖေမြင့်။ ။ အော်အေး..ခက်မာရေ တို့ကတော့ကွာ မြန်မာစာပေးဖွံ့ဖြိုး တိုးတက်ရေးအတွက် ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားပြီးတော့လုပ်နိုင်တဲ့ ဟာလေးတွေလုပ်ကြတာပါ၊ ပြီးခဲ့တဲ့ ၁ နှစ်ကျော်ကျော်လောက်မှာ နော်ဝေးကလာတဲ့ အဖွဲ့တွေနဲ့ ဆုံရတဲ့အခါမှာ စကားစမြည်ပြောရင်းနဲ့ စာပေပွဲတော်တစ်ခုတော့ လုပ်ရင်ကောင်းလိမ့်မယ်လို့ စိတ်ကူးရတယ်၊ နော်ဝေးနဲ့သူတို့နားက ဆွီဒင်တို့ဘာတို့က နိုဘယ်လ်ဆုပေးတဲ့ တိုင်းပြည်တွေဖြစ်တော့ ခင်ဗျားတို့သာ နိုဘယ်လ်ဆုရသူတွေကို ဖိတ်ပေးနိုင်ရင်တော့ မြန်မာပြည်မှာ နိုဘယ်လ်စာပေပွဲတော်ဆိုတာမျိုး လုပ်လို့ရမယ်၊ မြန်မာပြည်မှာ နိုဘယ်လ်ဆုရ ပုဂ္ဂိုလ်တွေကိုတန်ဖိုးထားတယ်၊ စာပေတွေကိုလဲတန်ဖိုးထားတယ်၊ ဘာသာပြန်တာတွေလဲရှိတယ်၊ ဖတ်တတ်၊ ရှုတတ်တယ်ပေါ့နော်၊ သူတို့ကလဲ အဲ့ဒါကောင်းသားပဲပေါ့နော်၊ ဒီလိုစိတ်ကူးကို အကြောင်းအားလျော်စွာ နော်ဝေးကိုရောက်တယ်ပေါ့နော်၊ ရောက်တဲ့အခါကျတော့ နော်ဝေးကပုဂ္ဂိုလ်တွေနဲ့ တွေ့တယ်၊ ဒီအကြောင်းအရာကို ထပ်ပြီးပြောဖြစ်တယ်၊ လုပ်တာပေါ့၊ သူတို့လဲ ပူးပေါင်းပါဝင်ချင်တယ်၊ ပြောဆိုခဲ့တယ်၊ ဒီဖက်မှာ တို့စပြီးတော့ နိုဘယ်လ်မြန်မာစာပေပွဲတော်တစ်ခုကို လုပ်မယ်ဆိုတဲ့ဟာကို တိုင်ပင်တယ်၊ ကျန်တဲ့စာပေသမားတွေနဲ့ပေါ့နော်၊ တို့ဆီမှာ မြန်မာဘာသာပြန်ဆိုထားတဲ့ နိုဘယ်လ် ဆုရ စာရေးဆရာကြီးတွေ၊ ဆရာမကြီးတွေ၊ ကဗျာဆရာ၊ ဆရာမတွေရဲ့ စာပေလက်ရာ တွေလဲရှိတယ်၊ နောက်ထပ်လဲဘာသာပြန်ဆိုလို့ရတယ်၊ နိုဘယ်လ်ဆုရ ပုဂ္ဂိုလ်တွေရဲ့စာပေလက်ရာဟာ တွဲပေါင်း ၅၀ လောက်ကို ဒီစာပေပွဲတော်မှာ မိတ်ဆက်ဖြန့်ချီတဲ့ဟာကိုလုပ်ကြမယ် ဆိုပြီးတိုင်ပင်တယ်ပေါ့နော်၊
ခက်မာ။ ။ ဒီလိုမျိုးစာပေပွဲတော်ကို အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့တဲ့အတွက် မြန်မာစာပေလောကပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်မလဲလို့ ဆရာထင်လဲရှင့်။
ဖေမြင့်။ ။ နိုဘယ်လ်ဆုရစာအုပ်စာပေတွေ၊ ဘာသာပြန်တွေ အတွဲ ၅၀ ထွက်အောင်လုပ်မယ်ဆိုပြီးတော့ ကိုယ့်ဘာသာကိုအားမွေးပြီးတော့ ပြောကြတာ ပေါ့နော်၊ အခုတကယ်ပွဲဖြစ်တဲ့အချိန်မှာ အုပ်ရေ ၁၀၀ ကျော်သွားတယ်၊ ပြီးတော့ စာပေပွဲတော်တွေရဲ့ထုံးစံတိုင်းပေါ့နော်၊ စာတမ်းဖတ်ပွဲတို့၊ ဟောပြောပွဲတို့၊ ဝိုင်းဖွဲ့ဆွေးနွေးတာတွေ၊ နောက်ကဗျာရွတ်ပွဲတွေ၊ ကာတွန်းဆရာတွေကိုလဲ သူတို့ရဲ့ကိုယ့်အကြိုက်ဆုံးကာတွန်းလက်ရာတွေပြတဲ့ပွဲလုပ်မယ်၊ ပွဲတော်မှာ လာတဲ့သူတွေကို ကယ်ရီကယ်ချာပေါ့နော်၊ ဒီမှာတစ်ထိုင်တည်းဆွဲပေးတာ တွေလုပ်မယ်၊
ခက်မာ။ ။ ဒီလိုမျိုးစာရေးဆရာအချင်းချင်း စုစုစည်းစည်းဆုံစည်းရတဲ့အခွင့် အရေးလဲရှိတယ်၊ ဆွေးနွေးရတဲ့ အခွင့်အရေးလဲရှိတယ်၊ နောက်ပြီးပရိတ်သတ်က နားမလည်တာတွေ၊ သိချင်တာတွေကို မေးခွင့်ရတဲ့ အခွင့်အရေးလဲရှိတယ်၊ ဒီလိုအခွင့် အရေးတွေရလာတာ မြန်မာစာပေလောကမှာ ဘယ်လိုသက်ရောက်မှုတွေ ရှိလာလိမ့်မယ်လို့ ဆရာထင်လဲ။
ဖေမြင့်။ ။ တို့ကဒီစာပေပွဲတော်ကို ဘာကြောင့်လုပ်သလဲဆိုရင် မြန်မာစာ ဖွံ့ဖြိုး တိုးတက်ရေးလို့တော့ပြောတာပေါ့နော်၊ မြန်မာစာဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကိုယ်စာ ပေထဲမှာ စာကောင်းပေကောင်းတွေပေါ့နော်၊ သူများစိတ်ဝင်စားတဲ့ စာပေတွေရှိဖို့ လိုမယ်၊ မြန်မာစာနဲ့ရေးတဲ့သူတွေက ဖန်တီးအားကောင်းကောင်းနဲ့ ရေးနိုင်ဖွဲ့နိုင် ဖို့လိုတယ်၊ နောက်တစ်ပိုင်းကလဲ နိုင်ငံတကာမှာရှိတဲ့ စာကောင်း ပေကောင်းတွေ ဘာသာပြန်ပြီးထည့်သွင်းနိုင်ရင်လဲ စာပေဟာပြည့်စုံလာမယ်၊ ကြွယ်ဝလာတဲ့ သဘော ဖြစ်နိုင်တာပေါ့နော်၊ စာပေနဲ့ပတ်သက်တဲ့လှုပ်ရှားမှုအစုံပေါ့နော်၊ အစုံလုပ်ထားတဲ့ ခါကျတော့ ဒီပွဲဟာပွဲတော်လို့ခေါ်လို့ရတဲ့အနေအထား ဖြစ်နေတာပေါ့နော်၊ ဖြစ်လာတော့ အနည်းနဲ့အများစိတ်ဝင်စားလာတယ်၊ စိတ်ဝင်စားပြီးလာကြည့်ကြတယ်၊ လူငယ်လူရွယ်တွေတော်တော်မြန်မာပြည်မှာ စာမဖတ်ကြဘူး၊ အထူးသဖြင့် ရသစာပေက ဖတ်မယ့်သူမရှိဘူး၊ အားနည်းနေတယ်၊ ပြောကြဆိုကြတာပေါ့နော်၊ စာပေပွဲတော်ဆိုရင် လူတွေဘယ်လောက်ပဲလာမှာလဲ ထင်ရတဲ့အနေအထားပေါ့နော်၊ ဒါပေမယ့် တကယ်လုပ်ကြည့်တဲ့အခါကျတော့ ထင်တာထက်အများကြီးလာကြတယ်၊ စိတ်ဝင်တစားနဲ့ နားထောင်ကြတယ်၊ နောက်ဆွေးနွေးပွဲတွေမှာလဲ ဝင်ပြီးတော့ ဆွေးနွေးတယ်၊ အမျိုးသားဇာတ်ရုံခန်းမကြီးမှာလုပ်နေတဲ့ ဝတ္တုရေးဆရာတွေရဲ့ ဆွေးနွေးပွဲဆိုရင် အပေါ်ထပ်၊ အောက်ထပ် အကုန်လုံးပြည့်သွားတယ်၊ အဲ့ချိန်မှာပဲ ဒီခြံဝန်းကြီးထဲမှာ တပြိုင်နက်ထဲ အခြားစာတမ်းဖတ်ပွဲတွေ၊ ဆွေးနွေးပွဲတွေ၊ ကဗျာ ရွတ်တာတွေ၊ ဝတ္တုဖတ်တာတွေရှိနေတယ်၊ အဲ့ဒါတွေလုပ်နေတဲ့ နေရာတွေမှာလဲ ပရိတ်သတ်ကသူ့ဟာနဲ့သူရှိနေတယ်၊ စာအုပ်ဈေးပွဲတော်လုပ်ထားတယ်၊ စာအုပ်ဆိုင် ၁၀၀ ဝန်းကျင်လောက်ရှိတယ်၊ အဲ့ဒါတွေမှာလဲ လူတွေကတိုးဝှေ့စည်ကားနေတယ်၊ ဘာပဲပြောပြောဒါ မြန်မာစာပေအတွက်ပြောမယ်ဆိုရင် စာအုပ်စာပေကိုစိတ်ဝင်စား တယ်၊ ဒါကြောင့်မို့လို့ပိုပြီးတော့ တိုးတက်ဖြစ်ထွန်းလာမယ်လို့ မြင်ပါတယ်၊ စာပေသမားတွေအတွက်ဆိုရင် အင်မတန်မှ ကြည်နူးစရာကောင်းပါတယ်၊
ခက်မာ။ ။ ဒီလိုမျိုးစာပေပွဲတော်မျိုး ရှေ့လျှောက်စီစဉ်ဖို့ ဆရာတို့စိတ်ကူးစိတ်သန်း ရှိလားဆရာ။
ဖေမြင့်။ ။ ဘာစိတ်ကူး ၁ ခုရလဲဆိုရင် နောက်နှစ်ကိုလဲ ဒီလိုပွဲတော်မျိုးလုပ်မယ်၊ လုပ်ရင်အဓိက ခေါင်းစဉ်က ကလေးစာပေအဓိက အာရုံစိုက်တဲ့ပွဲလုပ်မယ်၊ လူငယ် လူရွယ်တွေ ငယ်ငယ်တည်းက စာဖတ်ဝါသနာပါအောင် ပျိုးထောင်တဲ့ အနေနဲ့ပေါ့နော်၊ ကလေးစာပေပွဲတော်ကို ပိုပြီးတော့ စည်စည်ကားကားသိုက်သိုက် ဝန်းဝန်းဖြစ်မယ်၊ လူကြီးတွေလဲစိတ်ဝင်စားမယ်၊ စသည့်ဖြင့် စဉ်းစားနေတာရှိတယ်။
ခက်မာ။ ။ ဆရာရေ၊ အခုလိုမျိုးဖြေကြားပေးတာကျေးဇူးပါနော်။
ဖေမြင့်။ ။ အေး..၊ အေး.....