ရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည် ဖွဲ့စည်းပေး ဖို့ တောင်းဆိုတဲ့ လက်မှတ်ရေး ထိုးပွဲ


2015.01.25

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပြီး အသစ်ပြန်လည် ဖွဲ့စည်းပေးဖို့ တောင်းဆိုတဲ့ လက်မှတ်ရေး ထိုးပွဲကို ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေး ကွန်ရက်က ဦးဆောင်ပြီး ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် အမေ့အိမ်ကျောင်း ခန်းမမှာ ဒီနေ့ကျင်းပခဲ့ပါတယ်။

အဲ့ဒီလက်မှတ်ရေးထိုးပွဲမှာ တက်ရောက်ဟောပြောခဲ့တဲ့ ဥပဒေပညာရှင် ဦးဌေးှဦးကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

မဝေယံမိုးမြင့်။           ။ ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေး ကွန်ရက်ကနေပြီးတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်ကို တရားမဝင်တဲ့အတွက်ကြောင့် ဖျက်သိမ်းပေးဖို့ဆိုပြီးတော့ ဒီနေ့ ဟောပြောပွဲပြုလုပ်တယ်လို့ သိရပါတယ်ရှင့်၊ အဲ့ဒီဟောပြောပွဲမှာ ဆရာ့အနေနဲ့ ဘာတွေကို အဓိကထားပြီးတော့ ဟောပြောခဲ့ပါသလဲရှင့်။

ဦးဌေးှဦး။                  ။ဘာတွေကို အဓိကထားပြီးတော့ ဟောပြောခဲ့သလဲဆိုတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရကို ဒီနေ့ ရွေးကောက်ပွဲကော်မရှင်ကို ခန့်တော့လည်း သမ္မတက ခန့်ခွင့်ပေးထားတယ်၊ ဖြုတ်တော့လည်း သမ္မတသဘောနဲ့ ဖြုတ်ခွင့်ပေးထားတယ်၊ ပြီးရင် အဲ့ဒီရွေးကောက်ပွဲကော်မရှင်ကိုလည်း ရွေးကောက်ပွဲအငြင်းပွားမှုတွေ ကို အပြီးအပြတ်ဆုံးဖြတ်ခွင့် ပေးထားတဲ့အတွက် ဒီရွေးကောက်ပွဲကော်မရှင်ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရကို အန္တရာယ်ရှိတဲ့ပုံစံဖြစ်နေတယ်၊ ဆိုတော့ ဒီအန္တရာယ်ကဘယ်မှာ ကျရောက်နိုင်သလဲဆိုတော့ ၂ဝ၁၅ ရွေးကောက်ပွဲရဲ့ တရားမျှတမှုအပေါ်မှာ ပြောင်းပြန်လှန်သွားနိုင်တယ်ပေါ့၊ ဒါကဥပဒေသဘော ပြီးရင် လက်ရှိရွေးကောက်ပွဲကော်မရှင် ဥက္ကဌကြီးက လာတာကိုက ဘယ်ပါတီနဲ့မှမပတ်သက်ပဲ သမာသမတ်ကြားကလာတာ မဟုတ်ဘူး၊ သူကကြံ့ခိုင်ရေးပါတီ ရဲ့ နာယက၊ စစ်ဗိုလ်ချုပ်ကြီးဟောင်း၊ ဦးပိုင်ရဲ့ဥက္ကဌ အဲ့ဒီကနေပြီးတော့ လာတဲ့လူဖြစ်တဲ့အပြင် နောက်တစ်ခါ သမ္မတနဲ့ လည်း အင်မတန်ရင်းနှီးတဲ့ပုဂ္ဂိုလ်၊ အတူတူသွားလာနေတဲ့လူ ဖြစ်နေတယ်၊ အဲ့လိုလူမျိုးဆိုတာ ပေါ်လွင်အောင်လို့ ကျနော်တို့ ပြောခဲ့ပါတယ်။

မဝေယံမိုးမြင့်။             ။ဟုတ်ကဲ့ပါရှင့် လက်ရှိရွေးကောက်ပွဲကော်မရှင်က တရားမဝင်ဘူးဆိုတာ ဘယ်လိုအချက် အလက်တွေကြောင့် တရားမဝင်ဘူးလို့ပြောနိုင်တာလဲရှင့်။

ဦးဌေးှဦး။                  ။လက်ရှိရွေးကောက်ပွဲကော်မရှင်က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဒီဥပဒေအရ လုပ်ထားတဲ့ကော်မရှင်လေ၊ ရွေးကောက်ပွဲကော်မရှင်ဥပဒေကို ၂ဝ၁၂ ခုနှစ်မှာ အသစ်ပြန်ပြီးတော့ ပြဌါန်းတယ်၊ အဲ့ဒီဥပဒေအရဆိုရင် ရွေးကောက်ပွဲကော်မရှင်က တရားမဝင်တော့ဘူး၊ အသစ်ပြန်ပြီးတော့ ဖွဲ့ရမယ့်သဘောမှာရှိတယ်၊ အဲ့ဒါကြောင့်မို့ တရားမဝင်တဲ့ကော်မရှင် အသစ်ပြန်မဖွဲ့ရသေးဘူးပေါ့နော်၊ ဥပဒေအသစ်အရ ပြန်ဖွဲ့ရမှာကတော့ သမ္မတပဲ၊ ဒါပေမယ့်လည်း အဲ့ဒီဟာကို အသစ်ပြန်မဖွဲ့ပဲနဲ့ ဆက်သုံမယ်လည်းမဟုတ်ဘူး၊ ဘာမှလည်းမကြေညာပဲနဲ့ ဥပဒေသာအသစ်ထွက်လာပြီးတော့ ဒီကော်မတီကပြောမယ်ဆို ၂ဝ၁ဝ ရွေးကောက်ပွဲမှာတင် ပြီးသွားတဲ့ ကော်မ ရှင်ဖြစ်နေတယ်၊ အဲ့ဒါကြောင့် တရားမဝင်ဘူးဆိုတာပြောတယ်။

မဝေယံမိုးမြင့်။             ။ဟုတ်ကဲ့ပါရှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးကိုလည်း ဥက္ကဌတစ်ယောက်မှာရှိ တဲ့ သက်မှတ်ချက်နဲ့ကိုညီမှုမရှိဘူးလို့ ဝေဖန်နေတာတွေလည်း ရှိနေတာတွေ့ရပါတယ်၊ အဲ့ဒီဥစ္စာက ဘယ်လိုအချက်တွေ ကိုက်ညီမှု မရှိတာပါလဲရှင့်။

ဦးဌေးှဦး။                  ။ရွေးကောက်ပွဲကော်မရှင် ဥက္ကဌလုပ်တယ်ဆိုတာဟာ ရှင်းရှင်းပြောရရင်တော့ ပါတီတွေ အားလုံးနဲ့မပတ်သက်ပဲနဲ့ ကြားလူပဲဖြစ်သင့်တယ်၊ သူကပါတီတွေဆိုတဲ့နေရာမှာ လက်ရှိအာဏာရပါတီရဲ့ ပါတီဝင် နာယကတစ်ယောက်လုပ်နေပြီးတော့ အဲ့ဒီကနေပြီးတော့ နှုတ်ထွက်ပါတယ်လို့ ပြောရုံလောက်နဲ့ သူကရွေးကောက် ပွဲကော်မရှင် ဥက္ကဌတစ်ယောက် တက်လုပ်နေတာနော်၊ နောက်တစ်ခါ သူ့ရဲ့ပြောဆို လုပ်ကိုင်နေတာတွေအားလုံးက ကြံ့ခိုင်ရေးပါတီက လုပ်တဲ့ဟာတွေတော့ ဘာမှအပြစ်မပြောဘူး၊ ပြီးရင် အဲ့ဒီကြံ့ခိုင်ရေးပါတီက ခေါင်းဆောင်တွေနဲ့ကို တစ်နိုင်ငံလုံး လှည့်လည်ပြီးသူက သွားလာနေတာ လုပ်ကိုင်နေတယ်၊ ကျန်တဲ့ပါတီတွေဆိုရင်တော့ အထူးသဖြင့် NLD ဆိုရင်တော့ အကြောင်းမရှိအကြောင်းရှာ၊ အပြစ်မရှိအပြစ်ရှာပြီးတော့ သူနဲ့မဆိုင်တဲ့ကိစ္စတွေလည်းဝင်ပြော ဥပမာ ဒေါ်အောင်ဆန်းစုကြည်က ဘားမားလို့သုံးတဲ့ကိစ္စကို သူကသူနဲ့မဆိုင်ပဲ ဝင်ပြောလိုပြော၊ ပြီးရင် NLD မှာလုပ်နေ တဲ့ သင်တန်းတွေနဲ့ ပတ်သက်ပြီးတော့ အဲ့ဒီသင်တန်းတွေက ကြံ့ခိုင်ရေးမှာလည်း လုပ်နေပါလျှက်နဲ့ NLD မှာလုပ်နေတဲ့ လုပ်နေတဲ့လုပ်ငန်းတွေကို လက်ညှိးထိုးပြီးတော့ တရားမဝင်ဘူးတို့ဘာတို့ ပြောလိုပြော၊ NLD ရဲ့ပြည်သူတွေ ရဲ့ ထောက်ခံအားပေးတက်ကြွမှုတွေအပေါ်မှာ သူကအပြစ်တင်ချင်တဲ့သဘောမျိုးနဲ့ ၂ဝ၁၂ တုန်းကသာ တိုင်တဲ့သူမရှိလို့ ရှိလို့ရှိရင်အဲ့ဒီတုန်းက အရေးယူပြီးပြီတို့ဘာတို့ ဒါမျိုးတွေပေါ့၊ အဲ့ဒီတော့ ပြောမယ်ဆို လူတွေကအယုံအကြည်မရှိဘူး၊ ဘာဖြစ်လို့ အယုံအကြည်မရှိဘူးလည်းဆိုတော့ ပြည်သူတွေက ၈၈ တုန်းက တက်တက်ကြွကြွ လုပ်ကိုင်ဆောင်ရွက်တဲ့ လူအားလုံးသည် ပြည်သူတွေရဲ့တက်ကြွတဲ့စိတ်ဓါတ်နဲ့ တက်ကြွတဲ့လှုပ်ရှားမှုအပေါ်မှာ အားလုံးကနားလည်ပြီးသားပဲ၊ သို့သော် အဲ့ဒီတုန်းက ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေကတော့ ပြည်သူတွေရဲ့ တက်ကြွမှုကို သူတို့က ဆူပူတယ်၊ အကြမ်းဖက်တယ်၊ အပြစ်ချည်းပဲမြင်နေတယ်၊ ကြောက်စရာကြီးလို့ မြင်နေတယ်၊ အခုအဲ့ဒီအတိုင်းပဲ ဦးတင်အေး ရဲ့အမြင်ကလည်း NLD ကိုပြည်သူတွေ ထောက်ခံတဲ့အပေါ်မှာ သူကအရေးအခင်းကြီးပဲဖြစ်နေသလိုလို၊ ကြောက် စရာကြီးလိုလို အဲ့ဒီတော့ ပြည်သူတွေရဲ့ တကယ့်သဘောကို နားမလည်ပဲနဲ့ သူ့အမြင်လောက်ကလေးနဲ့ ဒီလိုပြော ဆိုလုပ်ကိုင်နေတဲ့ပုံစံ ပြောမယ်ဆိုရင်တော့ ရိုးသားမှုမရှိဘူး၊ မျှတမှုမရှိဘူး၊ မှန်ကန်တဲ့ဟာကိုမသိတဲ့ လူဖြစ်နေတယ်၊ စိတ်ဓါတ်ကလည်း မမှန်ကန်ဘူး၊ အမြင်ကလည်း မကျယ်ဘူး အဲ့ဒီသဘောမျိုးကြောင့် ကျနော်တို့ကတော့သူ့ ကို ရွေးကောက်ပွဲကော်မတီဥက္ကဌအနေနဲ့က လုံးဝမသင့်တော်ဘူးလို့ ကျနော်တို့ကတော့ ယုံကြည်ပါတယ်။

မဝေယံမိုးမြင့်။             ။ဟုတ်ကဲ့ပါရှင့် ဒီရွေးကောက်ပွဲကော်မရှင်ကို ဘယ်လိုပုံစံမျိုးနဲ့ ကန်ကွက်ဖို့ စီစဉ်ထားပါ သလဲရှင့်။

ဦးဌေးဦး။                  ။NNAN ပေါ့၊ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်ကနေပြီးတော့ ဒီနေ့လုပ်တာပေါ့နော်၊ သူတို့က အခုလက်မှတ်တွေကောက်တယ်၊ ဒီလိုပွဲမျိုး နောက်ထပ်တစ်ခုလုပ်ဦးမယ်၊ လုပ်ပြီးတော့လက်မှတ်တွေ ထပ်ကောက်ဦးမယ်၊ ပြီးရင်ဆန္ဒဖော်ထုတ်ပွဲတွေ သူတို့ထပ်လုပ်ဦးမယ်၊ သတင်းစာရှင်းလင်းပွဲလုပ်မယ်၊ သူတို့မှာ အဲ့ဒီလိုအစီအစဉ်ရှိပါတယ်၊ ဒီလုပ်ငန်းတွေကို သူတို့ ၂ လလောက်အတွင်း အပြီးလုပ်မယ်လို့ ပြောပါတယ်။

မဝေယံမိုးမြင့်။             ။ဟုတ်ကဲ့ပါရှင့် ဒီလိုမျိုးကန့်ကွက်မှုတွေအပြင် တခြားဘယ်လိုနည်းလမ်းတွေနဲ့ရော ဖျက်သိမ်းပေးဖို့ တောင်းဆိုနိုင်မလဲရှင့်၊ ဥပမာ ဒီရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းဖို့အတွက် ဥပဒေနည်း၊ နည်းဥပဒေတွေနဲ့ ပြဌါန်းထားတာရှိပါသလားရှင့်။

ဦးဌေးဦး။                  ။မရှိဘူးခင်ဗျ ဘာဖြစ်လို့လည်းဆိုတော့ အဲ့ဒီ ၂ဝဝ၈ အခြေခံဥပဒေမှာ အဲ့ဒီရွေးကောက် ပွဲကော်မရှင်ဥက္ကဌနဲ့ အဖွဲ့ဝင်အားလုံးကို နိုင်ငံတော်သမ္မတပဲ သူ့စိတ်တိုင်းကျ ခန့်ခွင့်ရှိသလို၊ အဲ့ဒီအဖွဲ့ကလူတွေကို ပြစ် တင်ရှုတ်ချမယ်ဆိုလည်း နိုင်ငံတော်သမ္မတတစ်ယောက်တည်းရဲ့ သဘောနဲ့ပဲ ပြစ်တင်ရှုတ်ချနိုင်တဲ့သဘောကို ပြဌါန်း ထားတယ်၊ အဲ့ဒီတော့ ဥပဒေအရ အဲ့ဒီကော်မရှင်အဖွဲ့ကို ဖြုတ်ဖို့ဆိုတာ ပါတီတရားဝင်ထောင်ထားတဲ့အဖွဲ့အစည်းတွေက ဝိုင်းပြောကြဖို့လိုတယ်၊ ဒီကော်မရှင်ဥက္ကဌထွက်ပေးဖို့ အခုဟာက ပြည်သူတွေနဲ့ NLD နဲ့ပဲပြောနေတဲ့အနေအထား၊ အဲ့အတွက် ကျနော်တို့ ကော်မရှင်ဥက္ကဌ နှုတ်ထွက်သွားဖို့ဆိုတာ လွယ်လွယ်လေးတော့ မရနိုင်သေးဘူး၊ အမျာကြီး ကျနော်တို့ ပြောဆိုလုပ်ကိုင်ကြရဦးမယ်လို့ ကျနော်တော့ ဒီလိုမြင်ပါတယ်၊ ပြည်သူတွေထဲမှာတော့ ပြောမယ်ဆိုရင်တော့ ဆန္ဒဖော်ထုတ်တာတို့၊ ကန့်ကွက်ရှုတ်ချတာတို့ ဒီလောက်ပဲလုပ်နိုင်တယ်၊ အဲ့ဒီအနေအထားပဲရှိပါတယ်။

မဝေယံမိုးမြင့်။             ။ဟုတ်ကဲ့ပါရှင့် ဒီနေ့ရရှိတဲ့လက်မှတ်တွေကို ဘယ်ကိုပေးပို့သွားဖို့ရှိပါသလဲရှင့်။

ဦးဌေးှဦး။                  ။အဲ့ဒီလက်မှတ်တွေကို ပြည်ထောင်စုလွှတော်ကိုလည်းပို့မယ်၊ နိုင်ငံတော်သမ္မတဆီကိုလည်းပို့မယ်၊ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းပေးဖို့ အဲ့ဒီလိုလုပ်မယ်၊ တောင်းဆိုမယ်။

မဝေယံမိုးမြင့်။             ။ပြည်သူ့လှုပ်ရှားမှုမြှင်တင်ရေး ကွန်ရက်ကနေပြီးတော့ ဆက်လက်ကျင်းပသွားမယ့် ဟောပြော ပွဲတွေမှာ ဆရာ့အနေနဲ့ ဘယ်လိုပါဝင်သွားဖို့ရှိပါသလဲရှင့်။

ဦးဌေးှဦး။                  ။ကျနော်ကတော့ တက်နိုင်တဲ့ဘက်ကနေပြီးတော့ အားပေးထောက်ခံ ကူညီပါဝင်ဆောင်ရွက် သွားမယ်၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်တဲ့ဟာတွေဆိုလည်း ကိုယ်တိုင်ပါဝင်ဆောင်ရွက်သွားပါမယ်ဗျ။

မဝေယံမိုးမြင့်။             ။ဟုတ်ကဲ့ဆရာ ကျေးဇူးအများကြီးတင်ပါတယ်၊ အခုလိုဖြေကြားပေးတဲ့အတွက်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။