အမျိုးစောင့် ဥပဒေမူကြမ်းလေးခု ဥပဒေပြဌာန်းနိုင်ရေး မေးမြန်းချက်

မျိုးစောင့်ဥပဒေ မူကြမ်းလေးခုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့ ကိုက်ညီတယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောပါတယ်။

မျိုးစောင့်ဥပဒေ မူကြမ်းလေးခုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့ ကိုက်ညီတယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောပါတယ်။ ဒါ့ကြောင့် ဇန်နဝါရီလ ဒုတိယပတ်မှာ ပြန်စမယ့်လွှတ်တော်မှာ ဆွေးနွေးမှာဖြစ်ပြီး ဥပဒေနဲ့ ပတ်သက်တဲ့ စကားလုံးအသုံးအနှုန်းတချို့ ပြင်ဆင်တာကလွဲရင် မျိူးစောင့်ဥပဒေမူကြမ်းတွေကို လွှတ်တော်က အတည်ပြုပြဌာန်းနိုင်မှာ ဖြစ်တယ်လို့လည်းဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ အတွင်းရေးမှူး ဦးစောလှထွန်းကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်၊

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ အတွင်းရေးမှူး ဦးစောလှထွန်း နဲ့မေးမြန်းချက်အပြည့်အစုံ

မသင်းသီရိ။         ။ ပြည်ထောင်စုလွှတ်တော်ကို မျိုးစောင့်ဥပဒေမူကြမ်း ၄ ခုကို ဖွဲ့စည်းထားတဲ့ ဥပဒေမူကြမ်းရေးဆွဲရေး ကော်မတီက ပေးပို့ထားပြီဆိုတော့ ဒီမူကြမ်း ၄ ခုကို ပြန်စမယ့် လွှတ်တော်တွေအတွင်းမှာ ဆွေးနွေးမှာပါလားရှင့်၊ ဘယ်လောက်ထိ ဒါကိုဆွေးနွေးဖို့ အချိန်ကန့်သတ်ထားတာများ ရှိလားရှင့်၊

ဦးစောလှထွန်း။     ။ ထုံးစံကတော့ ကျနော်တို့က အချိန်ကန့်သတ်ထားတာမရှိပါဘူး၊ အဲ့ဒီပြည်ထောင်စုလွှတ်တော်မှာ ရောက်ရှိနေပြီဆိုတဲ့ ဟာကတော့ ကျနော်တို့ တွေ့လဲတွေ့ခဲ့ပါတယ်၊ အဲ့တော့ လုပ်ထုံးလုပ်နည်းအရဆိုရင်တော့ ပြည်ထောင်စုလွှတ်တော်ကနေ ဘယ်ဥပဒေ၊ ဘယ်ဥပဒေကတော့ ပြည်သူ့ လွှတ်တော်က စပြီးဆွေးနွေးမယ်၊ ဘယ်ဥပဒေ၊ ဘယ်ဥပဒေကတော့ အမျိုးသားလွှတ်တော်က စတင်ဆွေးနွေးမယ် ဆိုပြးီချပေးရမှာပေါ့ဗျ၊ အဲ့တော့ချပေးတဲ့ အတိုင်းပဲ နာယကကြီးက ချပေးတဲ့အတိုင်း ကျန်တဲ့လွှတ်တော်များက ဆက်လက်ဆွေးနွေးပြီးတော့ ဒီဥပဒေ၊ နည်းဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက် သွားရမှာပါ၊

မသင်းသီရိ။         ။ ဟုတ်ကဲ့ရှင့်၊ ဒီဥပဒေကြမ်းထဲက တစ်ချို့ကိုလဲ သတင်းစာထဲမှာပေါ့လေတရားဝင်အများလေ့လာနိုင်အောင်ဆိုပြီး ဖော်ပြနေတာလဲရှိပါတယ်၊ အဲ့တော့ လက်ရှိဖော်ပြပြီးသားပေါ့နော်၊ တရားဝင်ဖော်ပြလာတဲ့ ဒီမူကြမ်းတွေ နဲ့ပတ်သက်ပြီး ဦးစောလှထွန်းရဲ့ အမြင် နဲ့သဘောထား သိချင်ပါတယ်ရှင့်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေမူကြမ်းတွေ နဲ့ပတ်သက်ပြီး ဒါဟာလွတ်လပ်မှုတွေကို ထိန်းချုပ်တယ်ဆိုတဲ့ ထောက်ပြချက်တွေလဲရှိနေပါတယ်ဆိုတော့လေ ဦးစောလှထွန်းအနေနဲ့ ဒီဥပဒေမူကြမ်းတွေကို ဖတ်ကြည့်တဲ့ အခါမှာ ဘယ်လိုမြင်လဲ၊ ဘယ်လိုသုံးသပ်ပါလဲရှင့်

ဦးစောလှထွန်း။     ။ ကျနော်တို့ ဆီကတော့ရောက်လာတဲ့ ဟာတွေကို အခြေခံဥပဒေ နဲ့ညီမညီပေါ့၊ နောက်ကျနော်တို့ဆီမှာလဲ အဓိက ကတော့ဘာသာရေး နဲပတ်သက်လို့ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကိုလဲ ကျနော်တို့က မထိခိုက်စေချင်ဘူး၊ နောက်တခြားဘာသာတွေရဲ့ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ကိုလဲ မထိခိုက်စေချင်ဘူး၊ နောက်တစ်ပိုင်းလဲ ဥပဒေရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ မိမိဘာသာ အမျိုးဘာသာ၊ သာသနာ နဲ့ပတ်သက်တဲ့ဟာတွေကိုလဲ ခိုင်ခိုင်မာမာရပ်တည်ဖို့ ကိစ္စတွေရှိပါတယ်၊ အဲ့ဒါတွေရှိတယ်ဆိုတော့ သီးခြားပုဒ်မကြီးတစ်ခုလုံး အလိုက် ပြောင်းဖို့ဖြည့်ဖို့ဆိုတာထက် စာလုံးလေးတွေ၊ ဥပဒေအရေးအသား အသုံးအနှုန်းလေးတွေ ပြောင်းဖို့လိုနေတယ်ဆိုတာတော့ ယေဘုယျတွေ့ပါတယ်ဗျ၊ ပြီးတော့မှ ဟိုကြမှဘဲ ပညာရှင်တွေရော၊ ဥပဒေပညာရှင်တွေရော၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူတွေရော၊ သူတို့အမြင်တွေကို ကျနော်တို့က လက်ခံနားထောင်ပြီးတော့လေ ကြားနာပြီးတော့မှ ကျနော်တို့က အကောင်းဆုံး ဖြစ်အောင်တော့ ဆောင်ရွက်ပေးသွားပါမယ်၊ ကျနော်အမြင်ကတော့ အခြေခံ ဒီအချက်မှာ မူတည်ပြီးတော့ ဆက်ဆောင်ရွက်သွားရင်တော့ ဥပဒေကောင်းတွေရရှိမယ်လို့ ကျနော်တော့ သုံးသပ်ပါတယ်

မသင်းသီရိ။         ။ ဟုတ်ကဲ့ ဒီအမျိုးသားဥပဒေမူကြမ်း ၄ ခုဟာ ဖွဲ့စည်းပုံအခြေခံ နဲ့ကိုက်ညီမှု ရှိ၊ မရှိဆိုတာမှာရော ဦးစောလှထွန်းအနေ နဲ့ကိုက်ညီတယ် လို့ပြောနိုင်မလား၊ မကိုက်ဘူးလို့ပြောနိုင်မလားရှင့်

ဦးစောလှထွန်း။     ။ ကိုက်တယ်လို့ပြောလို့ရပါတယ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာပါရှိတဲ့ ပြဌာန်းချက်တွေ နဲ့ကိုက်ပါတယ်ဗျ၊ လောလောဆယ် အကုန်လုံး ကျနော်တို့ အကြမ်းမျဉ်းကြည့်ပြီးပါပြီ

မသင်းသီရိ။         ။ ဟုတ်ကဲ့ရှင့်၊ ဒီမျိုးစောင့်ဥပဒေ မူကြမ်း ၄ ခုထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ကိုက်ညီတဲ့အတွက် စကားလုံးအသုံးအနှုန်းပြင်ဆင်တာကလွဲရင် ကျန်တာကတော့ ဒီမူကြမ်း ၄ ခုကို ပြဌာန်းနိုင်မယ်ဆိုတဲ့ သဘောပေါ့နော်

ဦးစောလှထွန်း။     ။ ဟုတ်ပါတယ်၊ လောလောဆယ် ကျနော်အဲ့လိုမြင်ပါတယ်၊ နောက်ပိုင်း သီးခြားအားလုံးဝိုင်းဆွေးနွေးကြတဲ့ အခါမှာ အမြင်သစ်တွေပေါ်လာ တဲ့ အချိန်မှာပဲ နဲနဲပြင်ဆင်တာ၊ ဖြည့်စွက်တာရှိကောင်းရှိနိုင်ပါတယ်၊ ကျန်တာကတော့ အခုအခြေအနေတိုင်းပဲ ဥပဒေကောင်းတစ်ရပ်ဖြစ်ဖို့ သိပ်ပြီးတော့ ခက်ခက်ခဲခဲလုပ်ရမယ့် အနေအထားမရှိဘူးလို့ သုံးသပ်တာပါ၊

မသင်းသီရိ။         ။ ဒီအမျိုးစောင့် ဥပဒေမူကြမ်းတွေအပေါ်မှာ ဒီအရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေက ဒါအမျိုးသမီး အခွင့်အရေးတွေကို ထိခိုက်နိုင်တာတွေရှိတယ်ပေါ့နော်၊ ကန့်သတ်ချက်တွေရှိတယ် ဆိုပြီးတော့ဒီဝေဖန်နေ ကြတာ၊ ထောက်ပြနေကြ တာတွေရှိပါတယ်၊ အဲ့ဒီအပေါ်မှာရော လွှတ်တော်က ဘယ်လောက်ထိစဉ်းစားပေးနိုင်မယ်ဆိုတာ ဦးစောလှထွန်းအနေ နဲ့ပြောနိုင်လဲရှင့်

ဦးစောလှထွန်း။     ။ ဟာ၊ အဲ့ဒါကတော့ တစ်ကယ်လို့များအဲ့ အပေါ်မှာ ကျနော်တို့က ပြန်ပြုဖို့ အတွက် သတင်းစာထဲမှာလဲ ကြေညာထားတာဖြစ်တဲ့အတွက် တစ်ကယ်လို့များအဲ့လို အမြင်ရှိတယ်ဆိုရင် လွှတ်တော်ကတော့ ကြိုဆိုပါတယ်လို့၊ ဒီအမြင် နဲ့ဒီလမ်းဟာဘယ်လိုရှိတယ်ဆိုတဲ့ အဖွဲ့အစည်းတွေ RFA ကိုပဲအကူအညီတောင်းပြီးတော့ ဒါကိုတော့ကျနော်တို့ကိုပြောပေးပါ၊ ဖိတ်ခေါ်ပါတယ်၊ အကြံပြုချက်တွေလဲ တိုက်ရိုက်ရေးနိုင်ပါတယ်၊ လာရောက် ပြီးတော့ ဆွေးနွေးပွဲတွေမှာ ဆွေးနွေးခွင့် တက်ချင်ဆိုရင်လဲ သက်ဆိုင်တဲ့ လွှတ်တော်ဥက္ကဌတွေကနေတဆင့် ခွင့်ပြုချက်တောင်းပြီးတော့ လှမ်းပြီးတော့ လုပ်ရင်လဲ ကျနော်တို့ လက်ခံပြီးဆောင်ရွက်ပေးသွားမယ်လို့ အဲ့ဒါလေးလဲပြောချင်ပါတယ်ဗျာ

မသင်းသီရိ။         ။ ဟုတ်ကဲ့ ဦးစောလှထွန်းအနေ နဲ့ရော ဒီအမျိုးစောင့် ဥပဒေမူကြမ်းတွေဟာ နိုင်ငံအတွက် တစ်ကယ်ကိုပြဌာန်းဖို့ လိုတဲ့ ဥပဒေတွေဖြစ်တယ်လို့ရော ပြောနိုင်မလားရှင့်

ဦးစောလှထွန်း။     ။ ဟုတ်ကဲ့ဗျ၊ အဲ့လိုလဲခံယူထားပါတယ်၊ ခံယူထားပါတယ်၊ အဲ့တော့ ဒီဥပဒေကြမ်း နဲ့ပတ်သက်လို့ကတော့ နိုင်ငံသားအများစုက ဒါကိုစိတ်ဝင်စားနေတော့ ကျနော်တို့က ဒါကိုအလေးထားဆောင်ရွက်ဖို့ဆိုတဲ့ ဟာလေးကိုတော့ ကျနော်တို့ကို နာယကကြီးက လမ်းညွှန်ထားပါတယ်၊

မသင်းသီရိ။         ။ ဟုတ်ကဲ့ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီအနေ နဲ့ရှေ့လထဲမှာ ပြန်စတော့မယ့် လွှတ်တော် အစည်းအဝေး အတွင်းမှာ ဒီမျိုးစောင့်ဥပဒေ မူကြမ်း ၄ ခုဆွေးနွေးတာ အပြင်ပေါ့လေ တစ်ခြားဘယ်လိုအရေးကြီးတဲ့ ဥပဒေကြမ်းတွေကိုရော ဆွေးနွေးဖို့ရှိလဲရှင့်၊ ဘာတွေများ ဆက်ပြီးတော့ လုပ်ဖို့တွေရှိပါလဲရှင်၊

ဦးစောလှထွန်း။     ။ သူကလာမယ့် အခန်းကတော့ ဘက်ဂျက်အခန်းဆိုတော့ တော်တော်လေးအရေးကြီးပါတယ်၊ ပြည်ထောင်စုလွှတ်တော်က အဆို တင်ပြထားတဲ့ လစာတိုးရေးကိစ္စ၊ နောက်တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးတွေ နဲ့သက်ဆိုင်တဲ့ကိစ္စ၊ နောက်အနိမ့်ဆုံးလုပ်ခလစာ ကိစ္စ အလုပ် သမားတွေအတွက်လေ၊ အဲ့ဒီအပြင် ကျနော်တို့က ဘက်ဂျက်ကိုရေးဆွဲရင် ဘယ်လိုရေးဆွဲရမယ်ဆိုတဲ့ ဥပဒေကြမ်းကိုလဲ တင်ပြထားတာလဲရှိတော့ ဒီဥပဒေ နဲ့အညီပေါ့နော်၊ ဘက်ဂျက်ကို စီစစ်တဲ့နေရာ၊ ပြန်လည်ပြီးတော့ အတည်ပြုနိုင်တဲ့ နေရာတွေမှာတော့ တော်တော်လေးအကျိပ်အနယ် ညှိုနှိုင်းဆွေးနွေးဆောင် ရွက် ရမယ်လို့ထင်ပါတယ်၊ အဲ့ဒီဟာတွေကတော့ အရေးကြီးပါတယ်၊ အဲ့ဒီအပြင် ပထမအကြိမ် ၁၁ ကြိမ်မြောက်အစည်းအဝေးမှာ ကျန်ခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်က အတည်မပြုနိုင်သေးတဲ့ ဥပဒေကြမ်းတွေလဲရှိတယ်၊ အသစ်ရောက်လာမယ့် ဥပဒေကြမ်းတွေလဲရှိတယ်၊ အဲ့တော့ကျနော်တို့ဆီမှာတော့ အမြဲတမ်း ပုံမှန်အားဖြင့်တော့ အစိတ်၊ သုံးဆယ်လောက် ဥပဒေကြမ်းကော်မတီရဲ့ လက်ထဲမှာရောက်ရှိ နေတာရှိပါတယ်၊ အဲ့တော့ အခြအနေပေးရင်ပေးသလို၊ အရေး ကြီးရင်ကြီးသလို ဦးစားပေးပြီးတော့ အချိန်ရသလောက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ဗျ

မသင်းသီရိ။         ။ ဟုတ်ကဲ့ ဦးစောလှထွန်းအခုလို ဖြေပေးတာကျေးဇူးအများကြီးတင်ပါတယ်ရှင်

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org