"ပြည်သူနဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်အောင် ကြိုးစားမယ်"လို့ ဦးမြအေးပြောကြား
ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ ကွပ်မျက်ခံရမှုနဲ့ ပတ်သက်ပြီး အခုတစ်ခေါက် ထောင်ကလွတ်လာချိန်မှာ ခါတိုင်းလို မပျော်ဘဲ သူငယ်ချင်းတွေကို ထောင်ထဲမှာ ထားခဲ့ရပြီလို့ ခံစားမိကြောင်းလည်း RFA ကို ပြောပါတယ်။
- 2022-11-18
-
-
-
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့မှာ အင်းစိန်အကျဉ်းထောင်က လွတ်လာတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမြအေးက ပြည်သူတွေနဲ့အတူ ဒုက္ခတွေကို ခါးစည်းရင်ဆိုင်ရင်း မြန်မာပြည်ကို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်အောင် ကြိုးစားမယ်လို့ ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ ကွပ်မျက်ခံရမှုနဲ့ ပတ်သက်ပြီး အခုတစ်ခေါက် ထောင်ကလွတ်လာချိန်မှာ ခါတိုင်းလို မပျော်ဘဲ သူငယ်ချင်းတွေကို ထောင်ထဲမှာ ထားခဲ့ရပြီလို့ ခံစားမိကြောင်းလည်း RFA ကို ပြောပါတယ်။
ရန်ကုန်မြို့နေအိမ်ကို ပြန်လည်ရောက်ရှိလာတဲ့ ဦးမြအေးကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ ဦးမြအေးရေ ပြန်လွှတ်လာတာ သိရလို့ ဝမ်းသာတယ်ခင်ဗျ။ လက်ရှိ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိပါသလဲခင်ဗျ။
ဖြေ။ ။ ကျွန်တော့် ကျန်းမာရေးက Bypass လည်း လုပ်ထားတော့လေ ညာဘက်ခြေထောက်မှာ အရေပြား ပိုးဝင်တဲ့ဟာဖြစ်ပြီးတော့ ၂၀၂၁ မှာ ဆေးရုံတစ်ခါ တက်ရတယ်။ ၂၀၂၂ မှာတစ်ခါ အပြင်ဆေးရုံပေါ့နော် ၂ ခါ ကျွန်တော်တက်လိုက်ရတယ်။ အခုထက်ထိတော့ ခြေထောက်က ပုံမှန် အခြေအနေ မရောက်သေးဘူးဗျ။ ခြေထောက်ကိုတော့ တော်တော်ဆေးကုရမယ်လို့တော့ ထင်ပါတယ်ဗျ။
မေး။ ။ တစ်ခြား ကျန်းမာရေးအခြေအနေကော။
ဖြေ။ ။ တစ်ခြား ကျန်းမာရေးအခြေအနေကတော့ ကောင်းပါတယ်။ နှလုံးနဲ့ပတ်သက်ပြီးတော့ ဆေးတွေလည်း ပုံမှန်သောက်နေတာပေါ့နော်။
မေး။ ။ ကိုမြအေးက အခု အင်းစိန်ထောင် ဘယ်နေရာက လွတ်လာတာလဲခင်ဗျ။
ဖြေ။ ။ ကျွန်တော် အင်းစိန်ထောင် ၁ တိုက် အခန်း ၇ ကနေ ပြန်လွတ်လာတာပါခင်ဗျ။
မေး။ ။ ကိုဂျင်မီတို့ ကိုဖြိုးဇေယျာသော်တို့ ကွပ်မျက်ခံရတဲ့အချိန်က ကိုမြအေးက ဘယ်မှာလဲ။
ဖြေ။ ။ ကျွန်တော် ၁ တိုက်မှာပဲခင်ဗျ။
မေး။ ။ အဲဒီနေ့က အဖြစ်အပျက်နဲ့ပတ်သက်ပြီး ဘာများ ကျွန်တော်တို့ကို ပြောနိုင်မလဲခင်ဗျာ။
ဖြေ။ ။ ဒီအဖြစ်အပျက်က ကျွန်တော်ရဲ့ နိုင်ငံရေးဖြတ်သန်းမှုတစ်လျှောက်လုံးမှာ အရမ်း စိတ်အထိခိုက်ဆုံးနဲ့ လုံးဝကို Shock တော်တော်ရသွားတယ်။ ဒီလိုမျိုးကြီးဖြစ်လိမ့်မယ်လို့လည်း ကျွန်တော် မထင်ထားခဲ့မိဘူးဗျ။ ပြောမယ်ဆိုလို့ရှိရင်။ နောက်တစ်ခုက မြန်မာပြည်မှာ ကြိုးမပေးတာ နှစ်ပေါင်း ၃၀ ကျော်သွားပြီ။ တိတိကျကျပြောမယ်ဆိုလို့ရှိရင် ၈၈ ခုနှစ်နောက်ပိုင်းကတည်းက တစ်ခါမှ ကြိုးမပေးခဲ့တော့တာ။ မရှိတော့ပဲနဲ့ ဒိန်းဆိုပြီး ဖြစ်သွားတဲ့အခါကျတော့ ကျွန်တော်တို့ ပထမ စစချင်းမှာ ယုံလည်းမယုံနိုင်ဘူး။ နောက်တစ်ခုက ပုဂ္ဂိုလ်ရေးအရ ကျနော်နဲ့ ညီအကိုလို ဖြစ်တာတစ်ကြောင်း နောက်တစ်ချက်က လုပ်ဖော်ကိုင်ဖက် ပြောမနာဆိုမနာ ဖြစ်တာကြောင့် သံယောဇဉ်ကြီးတာလည်း ပါတယ်။ ပြန်ကြည့်လိုက်တဲ့ အခါကျတော့ ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ကို ဒီလိုကြိုးပေးလိုက်တဲ့ကိစ္စက သေးသေးလေးလို့ ထင်ရပေမယ့် နိုင်ငံရေးမှာ Impact က အကြီးကြီးဖြစ်သွားပြီဗျ။ အဲဒီတော့ ကိုဂျင်မီတို့အတွက် ပုဂ္ဂိုလ်ရေးအရ စိတ်ထိခိုက်မှုလည်းပါသလို တိုင်းပြည်အတွက်လည်း ကျွန်တော် တော်တော်စိတ်ထိခိုက်မိတယ်။
မေး။ ။ အဲဒီနေ့က ကိုမြအေးတို့ ဘယ်လိုသိလဲ။
ဖြေ။ ။ ပြောမယ်ဆိုရင်တော့ သတင်းက လုံးဝအမှောင်ချထားတယ် ဆိုတော့ ဒီလိုကြိုးပေးလိုက်တဲ့ကိစ္စကို ကျွန်တော်တို့ ချက်ချင်းလက်ငင်း မသိပါဘူး။ ကျွန်တော်တို့ သတင်းရနိုင်တဲ့ဟာက နေ့စဉ်အစိုးရထုတ် မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာ အဲဒီသတင်းစာတွေကပဲ သိရတော့ ကျွန်တော်တို့ ဇူလိုင် ၂၅ ရက်နေ့ကျမှပဲ သတင်းစာထဲက သိရတာပေါ့ဗျာ။ တစ်စတစ်စနဲ့ တဖြည်းဖြည်း ဒီကိစ္စတွေကို ပြန်ကြားလာတာပေါ့။ အခုပြန်ပြောရင် အခုထက်ထိ စိတ်ထဲမှာ ဘယ်လိုမှ ခံစားလို့ မရဘူးပေါ့နော်။ အထူးသဖြင့် ဒီလိုမျိုးဖြစ်စဉ်မျိုးဆိုတာ မဖြစ်လည်းမဖြစ်အပ် မဖြစ်လည်း မဖြစ်သင့်တဲ့ ကိစ္စမျိုးပါ။ အဲဒီလိုမျိုးပြောလို့လည်း ဒီလိုမျိုး အသတ်ခံရအပြုခံရတဲ့ သူတွေကျတော့ မစာနာဘူးလားဆိုတဲ့ အဲ့လိုမျိုးသဘောမျိုးနဲ့ ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ တိုင်းပြည်တစ်ခုရဲ့ နိုင်ငံရေးအခြေအနေကို ကြည့်မယ်ဆိုရင် ဒီကိစ္စတွေက Impact က အရမ်းကြီးတယ်ဗျ။ ကြီးတော့ ဆုံးရှုံးမှုလည်းများတယ်။ ကျွန်တော် ထောင်ကလွတ်တဲ့နေ့ ခံစားမှုက အရင်တစ်ခေါက် ထောင်ကလွတ်တဲ့ ခံစားမှုနဲ့ လုံးဝမတူဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ထောင်ထဲမှာပဲ ကျွန်တော်ရဲ့ သူငယ်ချင်း၊ ကျွန်တော်ရဲ့ ညီအစ်ကိုတွေဖြစ်တဲ့ ကိုဂျင်မီတို့ ကိုဇေယျာသော်တို့ကို ကျွန်တော်ထောင်ထဲမှာပဲ ထားခဲ့လိုက်ရသလိုမျိုး အဲ့လိုမျိုးပဲ ကျွန်တော့်စိတ်ထဲမှာ ခံစားရတယ်။ လုံးဝမပျော်ပါဘူး။ ဒါပွင့်ပွင့်လင်းလင်း ပြောတာပါ။
မေး။ ။ သူတို့ကို ကြိုးပေးကွပ်မျက်တဲ့ဟာက ဘယ်တိုက်ကနေ ထုတ်သွားတာလဲ။
ဖြေ။ ။ ကိုဂျင်မီတို့ကတော့ အထူးတိုက်မှာ ထားတာဗျ။ အဲ့တော့ အထူးတိုက်ကနေပဲ ထုတ်ပြီးတော့ ကြိုးပေးကွက်မျက်လိုက်တယ်လို့ ထင်ပါတယ်။
မေး။ ။ ဟုတ်ကဲ့ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေကို ကိုမြအေး ဘယ်လိုသုံးသပ်သလဲခင်ဗျ။
ဖြေ။ ။ ကျွန်တော် မနေ့ကမှ ထောင်ကလွတ်တယ်ဆိုတော့ အပြင်အခြေအနေကို ဂဃနဏသိရတဲ့ အခြေအနေတော့ မရှိသေးဘူး။ ဒါပေမဲ့ ကြားရတဲ့ဟာတွေအရ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံရေးအခြေအနေက အကောင်းဘက်ကို မမြင်သေးဘူး။ တိုင်းပြည်က ၁၉၄၈ လွတ်လပ်ရေး ရပြီးကတည်းက ရန်တွေဖြစ်နဲ့ တိုင်းပြည်က လုံးဝ Failed State ကို ရောက်သွားပြီ။ ဒီနိုင်ငံရေး အခြေအနေကြီးကို ကျော်လွှားဖို့ ကျွန်တော်တို့အားလုံး ဘယ်လိုသွားမလဲဆိုတာကတော့ တော်တော်ခက်ခက်ခဲ ရှာရမယ်လို့ ထင်ပါတယ်ဗျ။
မေး။ ။ စစ်ကောင်စီက လာမယ့်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ အဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကိုမြအေး အမြင်ကို သိပါစေခင်ဗျ။
ဖြေ။ ။ ဒီနေ့တိုင်းပြည်ရဲ့ အဖြေကိုရှာမယ်ဆိုရင် ရွေးကောက်ပွဲ တစ်ခုတည်းနဲ့ အဖြေရှာလို့ မရဘူးလို့ ကျွန်တော်ကတော့ မြင်တယ်ဗျ။ ကျွန်တော်မြင်တာလေ။ လက်ရှိ ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေဆိုရင် အရမ်းကို ခက်ခဲလိမ့်မယ် နောက်တစ်ခုက တစ်နိုင်ငံလုံး အကြားအလတ်မရှိဆိုတာ မဖြစ်နိုင်ဘူးလို့လည်း ကျွန်တော်မြင်တယ်ဗျ။ တကယ်တမ်း အဖြေရှာရမယ့်ကိစ္စက တိုင်းပြည်ကို ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်မလဲ။ ကျွန်တော်တို့ကတော့ ဖက်ဒရယ်နဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံတစ်ခုလိုမယ်။ ဒီမိုကရေစီ ရှင်သန်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ပေါ်ပေါက်ဖို့လိုမယ်။ အဲဒါကို ဘယ်လိုလုပ်မလဲဆိုတဲ့ဟာကို ကျွန်တော်တို့က တပ်ရောပြည်သူရော ကျွန်တော်တို့ ဒီမိုကရက်တစ် အင်အားစုတွေရော ဒီနေရာမှာ တိတိကျကျ ကျွန်တော်ပြောချင်တာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အားလုံး ကျွန်တော်တို့က ထည့်ပြီးစဉ်းစားရမှာ အဲ့တော့ ဒီလိုမျိုး စဉ်းစားရတော့မယ့် အချိန်လို့ ကျွန်တော်ထင်တယ်။
မေး။ ။ ဟုတ်ကဲ့ လေးစားပါတယ်။ ဒါပေမဲ့ လက်တွေ့အပြင်မှာကတော့ ကိုမြအေးက အခုမှ ထွက်လာတာဆိုတော့ အခုအပြင်မှာရှိတဲ့ ဒီမိုကရေစီလိုလားတဲ့ ဒီမိုကရေစီရရှိရေး ဆောင်ရွက်နေတဲ့ အဖွဲ့အားလုံးကတော့ စစ်တပ်ရဲ့ နိုင်ငံရေးမှာပါဝင်မှုကဏ္ဍကို လုံးဝ လက်မခံတဲ့သဘောရှိပါတယ်။ တစ်ပြိုင်နက်ထဲမှာ စစ်တပ်က ညှိုနှိုင်းဆွေးနွေးရေး လမ်းစဉ်ထက် အမြစ်ပြတ်ချေမှုန်းရေးလမ်းစဉ်ကို စစ်တပ်ဖက်က လျှောက်လှမ်းနေတာမြင်ရပါတယ်။ အဲဒီတော့ တွေ့ဆုံဆွေးနွေးရေးတွေက ဖြစ်လာနိင်ပါ့မလား။
ဖြေ။ ။ သေချာတာပေါ့။ မလွယ်ဘူးလေ။ မှန်တာပေါ့ဗျာ ဦးခင်မောင်စိုး မေးလိုက်တာက အမှန်ပါပဲ။ အရေးကြီးတာက တိုင်းပြည်သာယာဝပြောဖို့ တိုင်းပြည်အေးချမ်းဖို့နဲ့ တိုင်းပြည်က တကယ့်ကို ဖက်ဒရယ်ပြည်ထောင်စု တိုင်းရင်းသားတွေရဲ့ မျှတတဲ့ အခွင့်အရေးတွေကို ဖော်ဆောင်ပေးနိုင်တဲ့ ဖက်ဒရယ် ဖွဲ့စည်းပုံတစ်ခုပေါ်ဖို့ ဒီမိုကရေစီရှင်သန်ဖို့ ဒါအရေးကြီးတယ်လေ။ ကျွန်တော်လည်း အခုမှ ရောက်တာဆိုတော့ ဒါကျွန်တော် အရင်ရှိခဲ့တဲ့ အခြေအနေနဲ့ သုံးသပ်ပြီးပြောရတာဖြစ်တဲ့အတွက် ပြောရတဲ့ စကားတွေကလည်း အမှားတွေပါနိုင်ပါတယ်။ ခက်ပါတယ်။
မေး။ ။ ကိုမြအေး အခု ဘာတွေဆက်ပြီး လုပ်မလဲခင်ဗျ။ လတ်တစ်လောမှာလေ။
ဖြေ။ ။ ကျွန်တော်အခု နံပါတ် ၁ ကတော့ ကျွန်တော့်ခြေထောက်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးကို စပြီးတော့ ဆေးကုသမှုတွေ လုပ်ရပါလိမ့်မယ် လုပ်ပြီးတော့မှ အပြင်အခြေအနေတွေ အကုန်လုံးကို ကျွန်တော် သိအောင်ပြန်ပြီး လေ့လာရမှာပေါ့။ ပြီးတော့မှ ရှေ့ကို ကျွန်တော် ဘယ်လိုသွားမလဲဆိုတဲ့ဟာပေါ့။ ကျွန်တော် အချုပ်အားဖြင့် ပြောနိုင်တာကတော့ ကျွန်တော်သည် ပြည်သူနဲ့အတူ ဒုက္ခတွေကို ခါးစည်းရင်ဆိုင်ပြီး မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်အောင် ကြိုးစားသွားပါမယ်လို့ပဲ ပြောချင်ပါတယ် ဒီလောက်ပါပဲ။