ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဘယ်လောက်ထိ အရေးယူနိုင်ခြေရှိသလဲ

ပုဒ်မ ငါးခုနဲ့ စွပ်စွဲတရားစွဲခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်ကောင်စီဘက်က နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့်ရပ်နားခိုင်းတဲ့အထိ အဆိုးဆုံးအရေးယူနိုင်ခြေရှိတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကို RFA ဝိုင်းတော်သား စောဖိုးခွားက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လိုင်စင်မဲ့ walkie-talkie လမ်းလျှောက်စကားပြောစက် လက်ဝယ်တွေ့ရှိမှု၊ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်စည်းကမ်းတွေ ဖောက်ဖျက်မှု၊ ဆက်သွယ်ရေးဥပဒေ ချိုးဖောက်မှုနဲ့ အများပြည်သူ မငြိမ်မသက်ဖြစ်အောင်ကြံရွယ်မှု စတဲ့ စွပ်စွဲချက်တွေအပြင် အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ နဲ့ပါ စစ်ကောင်စီက စွဲချက်တင်ထားပါတယ်။