မကွေးမြို့သစ်စီမံကိန်းကို ကျေးရွာ ၃ဝ ကျော် ကန့်ကွက်နေတဲ့အကြောင်း မေးမြန်း ချက်

မကွေးတိုင်းဒေသကြီးအစိုးရက မြေဧက ၃သောင်းကျော်မှာ အကောင်အထည်ဖော်မယ့် မကွေးမြို့သစ် စီမံကိန်းအတွက် တောင်သူတွေထံက လယ်ယာမြေတွေ သိမ်းယူပြီး လျော်ကြေး၊ နစ်နာကြေးတွေပေးဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ ညွှန်ကြားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်းဒေသကြီးအစိုးရက မြေဧက ၃သောင်းကျော်မှာ အကောင်အထည်ဖော်မယ့် မကွေးမြို့သစ်စီမံကိန်းအတွက် တောင်သူတွေထံက လယ်ယာမြေတွေ သိမ်းယူပြီး လျော်ကြေး၊ နစ်နာကြေးတွေပေးဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ ညွှန်ကြားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လယ်ယာမြေသိမ်းယူခံရမယ့် ကျေးရွာ ၃ဝ ကျော်က ဒေသခံတောင်သူတွေက အဲ့ဒီမကွေးမြို့သစ်စီမံကိန်းကို ကန့်ကွက်ကြောင်း လက်မှတ်တွေ ရေးထိုးနေကြပါတယ်။

အဲ့ဒီလက်မှတ်တွေကို မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကောက်ယူနေပြီး အမျိုးသားလွှတ်တော်ထံ တင်ပြသွားမယ်လို့သိရပါတယ်။

မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖဲ့ွချုပ် တောင်သူလယ်သမားရေးရာကော်မတီ ဥက္ကဌ ဦးနေမျိုးကျော်ကို RFA သတင်းထောက် မစန်းမော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

တောင်သူလယ်သမားရေးရာကော်မတီ ဥက္ကဌ ဦးနေမျိုးကျော်နဲ့ မေးမြန်းချက်အပြည့်အစုံ

စန်းမော်အောင်။    ။ မကွေးမြို့တိုးချဲ့မယ့်စီမံကိန်းနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က တောင်သူတွေကို ဘယ်လိုအကြောင်းကြား မှု တွေရှိပါလဲရှင့်။

 

ဦးနေမျိုးကျော်။     ။ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဌာနကပေါ့နော်၊ ခရိုင်အုပ်ချုပ်ရေးမှူးတွေဆီကို စာပို့တယ်ပေါ့၊ အဲ့ဒီမှာ မြို့နယ်နမိတ်တိုးချဲ့ သတ်မှတ်ရန်ဆိုပြီးတော့ မကွေးမြို့ကိုမူလဧရိယာ၊ လက်ရှိဧရိယာထက် ၆ ဆတိုးမယ်ပေါ့နော်၊ ပခုက္ကူမြို့ကိုကျတော့ ၉ ဆ တိုးမယ်လို့ပြောတယ်၊ အဲ့တော့ မကွေးမြို့ဆိုရင် မူဧရိယာ ၄၉၁၆ ဧက ကနေမှ ၃၁၄၁၈ ဧရိယာထိ တိုးချဲ့မယ်ပြောတယ်၊ မကွေးမြို့ဆိုတာနှစ် ၃၀ မြို့ပြစီမံကိန်းလို့ သူတို့တင်ပြ တယ်ပေါ့နော်၊ ပြီးရင်မြေသိမ်းဆောင်ရွက်ရမယ်ဆိုပြီး လယ်ယာမြေလျော်ကြေး၊ နစ်နာကြေးပေးချေရန်ဆောင်ရွက်ထားမှု အခြေအနေနှင့် လုပ်ပိုင်ခွင့် ရတောင်သူများရဲ့ဆန္ဒသဘောထားနှင့်ပတ်သက်ပြီး တင်ပြခြင်းမရှိဘဲ ကျေးရွာလိုက်ပါဝင်မည့် တောင်သူအရေအတွက်နှင့် မြေဧရိယာကိုသာ စီစစ်တင်ပြ ချက်၊ နောက်ဖော်ပြပါ လိုအပ်ချက်များအား ပြည့်စုံစွာ စနစ်တကျပြုစုပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ကိုယ်တိုင်လာရောက်ရှင်းလင်းရမယ်ဆိုပြီးမှ အုပ်ချုပ်ရေးမှူးပေါ့နော် ဦးနေမျိုးအောင်ဆိုတာ တိုင်းဒေသကြီးကနေမှ ညွှန်ကြားထားချက်ရှိတယ်၊

 

စန်းမော်အောင်။    ။ မကွေးမြို့တိုးချဲ့စီမံကိန်းအတွက် ဘယ်နေရာတွေကို အကောင်အထည်ဖော်သွားမှာလဲ၊ သိမ်းဆည်းခံရတဲ့လယ်ယာမြေဧက ဘယ်လောက်ထိပါလဲရှင့်။

 

ဦးနေမျိုးကျော်။     ။ အဓိက ကတော့ မကျည်းကန်တို့၊ သပြေစန်းတို့ နောက်ပုထိုးတို့ပေါ့နော်၊ အားလုံးပေါင်း ၁၃ အုပ်စုရှိမယ်ဗျ၊ နောက်ဆုံးသိရှိရတဲ့ စီမံကိန်းနေမြေသတ်မှတ်မှုရဲ့တွေ့ရှိချက်က မကွေးမြို့နယ်ရဲ့ကျေးရွာအုပ်စု ၁၃ အုပ်စုမှာ လယ်မြေဧကပေါင်း ၂၅၅၀၂ ကိုမြို့တိုးချဲ့တဲ့စီမံကိန်းမြေအဖြစ် သတ်မှတ်လိုက်တယ်။

 

စန်းမော်အောင်။    ။ ဒီစီမံကိန်းကြောင့် သိမ်းဆည်းခံရတဲ့ကျေးရွာတွေက ဒေသခံတွေနဲ့ တွေ့ဆုံမှုတွေရှိပါသလား၊ ဒေသခံတွေရဲ့သဘောထားကရော ဘယ်လိုရှိပါလဲရှင့်။

 

ဦးနေမျိုးကျော်။     ။ ဒေသခံတွေရဲ့သဘောထားမေးတဲ့အခါမှာ သူတို့ရဲ့လုပ်စားကိုင် စားယာခင်းတွေဟာ နှစ်ပေါင်းများစွာ သူတို့လုပ်လာ ခဲ့တာ၊ ဒေသခံတွေပြောတာ ကတော့ လူဦးရေတိုးတက်လာတာနဲ့အမျှ လယ်ယာမြေတွေကို တိုးချဲ့ရမယ့်အစား အခုလိုသိမ်းဆည်းပြီးတော့မှ မြို့ပြဧရိယာတိုးချဲ့မယ်ဆိုတာ သူတို့ လုံးဝလက်သင့် မခံနိုင်ဘူးတဲ့၊ ဒီအတွက် သူတို့နဲ့ ကျနော်တို့နဲ့ပူးပေါင်းပြီး ဘာလုပ်လဲဆိုရင် သက်ဆိုင် ရာအဲ့ဒီဒေသက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို သိမ်းဆည်းခံရနိုင်တဲ့ ယာပိုင်တွေ လက်မှတ်ထိုးပြီးတော့မှ ဒီမြို့ပြတိုးချဲ့စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ မှ နိုင်ငံတော်က သော်လည်းကောင်း၊ တိုင်းဒေသကြီးအဆင့်လောက်သော်လည်းကောင်း ဆောင်ရွက် မယ်ဆိုရင် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ က ဒေသခံတောင်သူ၊ ရွာသူတွေ သဘောတူ ခြင်းမရှိပဲနဲ့ ဆွေးနွေးခြင်းတို့၊ ညှိနှိုင်းခြင်းတို့၊ ဆုံးဖြတ်ခြင်းတို့ လက်မှတ်ရေးထိုး အတည် ပြုလုပ်တာကို လုံးဝလက်သင့်မခံဘူး ဆိုတာကို လက်မှတ်ရေးထိုးပြီးတော့မှ ဒီမံကိန်းမှာ ယာတွေကိုသိမ်းမယ့်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကန့်ကွက်မှုတွေကိုပြုတယ်ပေါ့၊ ကန့်ကွက်တဲ့လက်မှတ်တွေကို စုဆောင်းပြီးတော့မှ ဒေါက်တာအောင်မိုးညိုမှတဆင့် လွှတ်တော်မှာ ကျနော်တို့မေးခွန်းမေးဖို့ပြင်ဆင် ထားတယ်ခင်ဗျ၊

 

စန်းမော်အောင်။    ။ ဒီစီမံကိန်း အကောင်အထည်ဖော်နိုင်မှုနဲ့ ပတ်သက်ပြီး ဘယ်လို များဆက်လက်ဆောင်ရွက်သွားဖို့ရှိပါလဲရှင့်။

 

ဦးနေမျိုးကျော်။     ။ မကွေးမြို့ကိုတိုးချဲ့မယ်၊ ပခုက္ကူမြို့ကိုတိုးချဲ့မယ်ဆိုတဲ့နေရာမှာ မြေလွတ်၊ မြေရိုင်းတွေအများကြီးကျန်ပါသေးတယ်၊ အဲ့လိုမြေ လွတ်တွေကို ပြင်ဆင် ပြောင်းလဲတိုးချဲ့မယ်ဆိုရင်ပိုကောင်းပါတယ်၊ မြေယာအသုံးချမှုမူဝါဒ မူကြမ်းမှာလဲ ကျနော်တို့တွေ့ထားတဲ့အချက်ရှိတယ်၊ အဲ့ဒါဘာလဲဆိုတော့ ဒီလိုစီမံကိန်းတွေကိုလုပ်တဲ့ အခါမှာ အောက်ခြေမှ အထက်ကိုတင်ပြမှုကို သူတို့လက်ခံရမယ်လို့ပြောထားတဲ့ အချက်တစ်ချက် ရှိတယ်၊ နစ်နာသူဒေသခံတွေက သဘောမတူဘူးဆိုရင် နေရာပြောင်းတာတို့ လုပ်ရမယ်ဆိုတဲ့ မူကြမ်းမှာရှိတယ်ဗျ၊ မကွေးမြို့နယ်နဲ့ ပခုက္ကူမြို့နယ် မှာတွေ့ရှိရတဲ့ အချက်အရကတော့ ယာပိုင်ရှင်တွေ ရဲ့လယ်ယာမြေတွေကို သိမ်းဆည်းပြီးမှ မြို့ပြဧရိယာတိုးချဲ့တယ်ဆိုတာ လုံးဝမဖြစ်သင့် တဲ့ကိစ္စမို့လို့ ကျနော်တို့တွေကတော့ ဒေသခံတောင်သူတွေရဲ့ဆန္ဒနဲ့ အညီ ပူးပေါင်းပြီး တော့မှ ဒါကိုကန့်ကွက်သွားမယ်၊ သက်ဆိုင်ရာမှာ ဥပဒေနဲ့အညီတင်ပြီးတော့ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ကန့်ကွက်သွားမှာဖြစ်တယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org