ကိုးကန့်ဒေသတိုက်ပွဲ သမ္မတပြောခွင့်ရ ဝန်ကြီး ဦးရဲထွဋ်နဲ့ မေးမြန်းချက်


2015.02.28

ကိုးကန့်ဒေသတိုက်ပွဲတွေမှာ တရုတ်နယ်စပ်အခြေစိုက် အဖွဲ့အစည်းတစ်ချို့ ပါဝင်ပတ်သက်မှုရှိနေကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်လို့ တရုတ်အစိုးရအနေနဲ့ ချမှတ်ထားတဲ့မူဝါဒအတိုင်း တိတိကျကျရပ်တည်ဆောင်ရွက်ဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ဝန်ကြီး ဦးရဲထွဋ်ကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဒေါ်ခင်ခင်အိ။            ။ဟုတ်ကဲ့ ဒီကိုးကန့်ဒေသတွင်းက တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ နောက်ဆုံးအခြေ အနေသိချင်လို့ပါရှင်၊ အထိအခိုက်အကျအဆုံး နောက်ဆုံးအခြေအနေက ဘယ်လိုများရှိပါသလဲရှင့်။

ဦးရဲထွဋ်။                  ။မနေ့က တပ်မတော်က ထုတ်ပြန်လိုက်တဲ့ သတင်းအထိပဲ ကျနော်တို့က ရပါသေးတယ် ၊ နောက်ထပ် ထပ်ပြီးတော့နောက်ဆုံးရတဲ့ သတင်းတွေရှိရင်တော့ နောက်ဆုံးရတဲ့သတင်းတွေ အချိန်မီ ထုတ်ပြန်ပေးပါ့မယ်၊ လောလောဆယ်တော့ သတင်းအချက်အလက် ထပ်မရသေးဘူးဗျ။

ဒေါ်ခင်ခင်အိ။            ။ဟုတ်ကဲ့ ကိုးကန့်အဖွဲ့တွေဘက်က ဒီတိုက်ပွဲတွေအတွင်းမှာ သူတို့ဘက်က ကျဆုံးတာ ၉ ဦးပဲရှိတယ်ဆိုပြီးတော့ မနေ့က ကျမတို့ကို ပြောတာတွေရှိပါတယ်၊ ကျမတို့ကြားတာကလည်း သူတို့အဖွဲ့ဘက်က လည်း အကျအဆုံးများတယ်လို့ကြားရတယ်၊ အခုပြောတာနဲ့ဆိုရင် သိပ်ပြီးတော့ သူတို့ပြောတာ နည်းလွန်းနေ တယ်ပေါ့ရှင်၊ ဒီကိုးကန့်အဖွဲ့ဘက်က အကျအဆုံးနဲ့ပတ်သက်ပြီးတော့ ဘယ်လိုများဝန်ကြီးတို့ သိရပါလဲရှင့်။

ဦးရဲထွဋ်။                  ။ကျနော်တို့က နောက်ဆုံးတပ်ကရတာနဲ့ပဲ သတင်းထုတ်မယ်၊ တပ်ကတော့ဗျာ သူ့လက်ထဲ မှာ ရရှိတဲ့အလောင်းဘာညာပေါ်မူတည်ပြီးတော့မှ ကျနော်တို့ ပြေတာဆိုတော့ ဖြစ်နိုင်ချေတွေတော့ အများဆုံး နီးစပ်ပါတယ်၊ သူတို့ကတော့ ဆန့်ကျင်တဲ့အဖွဲ့ဆိုတော့ဗျာ သူတို့မှာ ထိခိုက်ဒဏ်ရာရတယ် ဆိုတဲ့ကိစ္စမျိုးတွေတော့ သူတို့လူတွေစိတ်ဓါတ်ကျမှာစိုးတော့ ဘယ်ဝန်ခံပါ့မလဲ။

ဒေါ်ခင်ခင်အိ။            ။ဟုတ်ကဲ့ အခုကိုးကန့်လက်နက်ကိုင်အဖွဲ့နဲ့ ဒီတိုက်ပွဲတွေအတွင်းမှာ အစိုးရဘက်က လူအများကြီးထိခိုက်စေနိုင်တဲ့ ဗုံးတွေအသုံးပြုခဲ့တယ်ဆိုပြီး ပြောတာတွေရှိပါတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုများပြောနိုင်ပါလဲရှင်။

ဦးရဲထွဋ်။                  ။ကျနော်တို့ ပထမဆုံးတော့ဗျာ တကယ်တော့ ကိုးကန့်တိုင်းရင်းသားတွေနဲ့ ဖြစ်တာမဟုတ် ပါဘူး၊ ဖုန်ကြားရှင် ခေါင်းဆောင်တဲ့ သောင်းကျန်းသူ အဖွဲ့အစည်းနဲ့ဖြစ်တာပေါ့၊ အဓိကကတော့ ကျနော်တို့က လက်နက်ကိုင်ပဋိပက္ခတစ်ခုမှာ နိုင်ငံတကာဥပဒေတွေနဲ့အညီ သုံးခွင့်ရှိတဲ့လက်နက်ကိုပဲ သုံးပါတယ်။

ဒေါ်ခင်ခင်အိ။            ။ဟုတ်ကဲ့ ကိုးကန့်တိုက်ပွဲမှာ ဦးဖုန်ကြားရှင်တို့ဘက်က တရုတ်ကြေးစားတွေ ပါဝင်တယ် ဆိုပြီး ပြောတာတွေရှိပါတယ်၊ ဒါပေမယ့် ဦးဖုန်ကြားရှင်ကတော့ သူတို့ဒီတရုတ်နဲ့ ပတ်သက်မှုမရှိဘူးဆိုပြီး ငြင်းတာ လည်းရှိပါတယ်၊ ဒီအပေါ်မှာရော ဝန်ကြီးတို့အနေနဲ့ ဘယ်လိုများပြောနိုင်ပါလဲရှင့်။

ဦးရဲထွဋ်။                  ။ပထမတစ်ချက်ကတော့ဗျာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အစိုးရအနေနဲ့ ကျနော်တို့ ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်နိုင်ရေး မူကြီး ၅ ချက်အတိုင်း လိုက်နာဆောင်ရွက်ဖို့ မူဝါဒချမှတ်ထားတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်၊ သို့သော်နယ်စပ်ဒေသမှာ ရောက်ရှိနေတဲ့ ဒေသအာဏာပိုင်အဖွဲ့အစည်းနဲ့ အောက်ခြေ စီးပွားရေး အဖွဲ့အစည်းတွေကတော့ ဒီမူဝါဒအပေါ်မှာ ဘယ်လောက်တိတိကျကျ လိုက်နာတယ်ဆိုတာကိုတော့ ကျနော်တို့ မေးခွန်းထုတ်ဖို့ အခြေအနေတွေဖြစ်နေတာပေါ့၊ နောက်တစ်ခုက ဦးဖုန်ကြားရှင်ကသာ ပြောသေး တယ်လေ၊ ကျနော်တို့ ပြတဲ့အထောက်အထားတွေထဲမှာလည်း သူ့တပ်ဖွဲ့တွေ ရိက္ခာ၊ လက်နက်ခဲယမ်း၊ ဆေးကုသ တာတွေကို မြန်မာနိုင်ငံထဲမှာ မလုပ်တာတော့ သေချာတယ်ဗျာ၊ ဒါကြောင့်မို့လို့ ကျနော်တို့က ဒေသဟိုဘက် အခြမ်းမှာရှိတဲ့ ဒေသအဆင့်မှာတော့ ဘယ်လောက်အထိ ထိန်းသိမ်းနိုင်လဲပေါ်မှာတော့ မူတည်တာပေါ့။

ဒေါ်ခင်ခင်အိ။            ။ဟုတ်ကဲ့ ကူညီကယ်ဆယ်ရေး ယာဉ်တန်းတွေအပစ်ခံရတာ၊ အကျဉ်းသားတွေတင်လာ တဲ့ မော်တော်ယာဉ်အပစ်ခံရတာတွေမှာ မြန်မာအစိုးရဘက်က ကိုးကန့်အဖွဲ့ ပစ်တာလို့ပြောတယ်၊ ကိုးကန့်အဖွဲ့ ဘက်ကလည်း သူတို့လုပ်တာ မဟုတ်ဘူးဆိုပြီးတော့ ငြင်းနေတာတွေရှိပါတယ်၊ ဆိုတော့အဲ့ဒေသမှာ တခြား ဘယ်အဖွဲ့အစည်းတွေများ ရှိတယ်လို့ရော ဝန်ကြီးတို့ သိရပါလားရှင့်။

ဦးရဲထွဋ်။                  ။မရှိပါဘူးဗျာ အဲ့မှာကြက်ခြေနီအဖွဲ့တွေကို သွားကယ်တဲ့တပ်တောင် အပစ်ခံရတယ် ဆိုရင်တော့ ကျနော်တို့ လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့ ဒီဒေသမှာ ခြေကုတ်ယူဖို့ ကြိုးစားထားတယ်လို့ အတိအလင်းကြေညာပြီးဝင်လာတာ ဖုန်ကြားရှင်ရယ်၊ သူ့ကိုကူညီနေတဲ့ အဖွဲ့တွေရယ်ပဲရှိပါတယ်၊ နောက်တစ်ခု ကတော့ ဖုန်ကြားရှင်တို့အဖွဲ့က ဘာမှနိုင်ငံတကာ စည်းမျဉ်းစည်းကမ်းလည်း နားလည်တဲ့သူတွေမဟုတ်ဘူး၊ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုမှုကနေ ပေါက်ဖွားလာတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီလိုမျိုးကြက်ခြေနီကို ပစ်တဲ့အလုပ်မျိုး၊ ရက်စက်တဲ့အလုပ်မျိုးလုပ်တာလည်း ဘယ်လိုမှအံ့သြစရာမရှိပါဘူး၊ သူတို့အဆင့်အတန်းကို သူတို့ဖော်ပြတာပါပဲ။

ဒေါ်ခင်ခင်အိ။            ။အခု ဦးဖုန်ကြားရှင်ကလည်း သမ္မတကြီးကို အိပ်ဖွင့်ပေးစာတစ်စောင် ပေးပို့ထားတယ်လို့ သိရပါတယ်၊ သူတို့ ဆွေးနွေးလိုတဲ့သဘောမျိုးပေါ့ရှင့်၊ ဆိုတော့ မြန်မာအစိုးရဘက်ကရော ဒီကိစ္စအပေါ်မှာ ဘယ်လို သဘောထားရှိပါလဲရှင့်။

ဦးရဲထွဋ်။                  ။ရာဇဝတ်မှု ကျူးလွန်ထားပြီးမှ မူးယစ်ဆေးဝါးတို့၊ လက်နက်မှေင်ခိုတို့ လုပ်နေတဲ့လူတွေ၊ လူသတ်ဓါးမြတိုက်နေတဲ့အဖွဲ့တွေနဲ့ ကျနော်တို့ဆွေးနွေးစရာ အကြောင်းမရှိပါဘူး။

ဒေါ်ခင်ခင်အိ။            ။ဟုတ်ကဲ့ မြန်မာအစိုးရအနေနဲ့ အခုဒီတိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ အခုနကပြောသလို တရုတ်ဘက်က ပါဝင်ပတ်သက်မှုရှိတယ်ဆိုပြီး ပြောထားတာတွေရှိတော့ တရုတ်အစိုးရကိုရော ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောဆိုဆောင်ရွက်မှုတွေရော ရှိပါလားရှင်။

ဦးရဲထွဋ်။                  ။တရုတ်ဘက်လို့ပြောမယ့်အစား နယ်စပ်မျဉ်းရဲ့ တစ်ဘက်မှာရှိနေတဲ့ အဖွဲ့အစည်းတချို့ လို့ပြောတာ ပိုပြီးတော့မှန်မယ်၊ အဓိကကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအနေနဲ့ သူတို့ရဲ့မူဝါဒအတိုင်း တိတိကျကျရပ်တည်နိုင်ဖို့အတွက် ကျနော်တို့ဘက်က လိုအပ်တဲ့သတင်းနဲ့ အချက်အလက်တွေပေးတာမျိုး၊ ပူးပေါင်းဆောင်ရွက်တာမျိုးတွေ လုပ်ဖို့ရှိပါတယ်၊ လုပ်လည်းလုပ်နေပါတယ်၊ သို့သော် သံတမန်ကိစ္စတွေဖြစ် တာကြောင့်မို့လို့ အသေးစိတ်တော့ ကျနော်ပြောပြလို့မရပါဘူး။

ဒေါ်ခင်ခင်အိ။            ။ဟုတ်ကဲ့ပါရှင့် အခုလိုဖြေကြားပေးတာ ကျေဇူးတင်ပါတယ်ရှင်။

ဦးရဲထွဋ်။                  ။ဟုတ်ကဲ့ပါဗျာ၊ ဟုတ်ကဲ့ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။