ရန်ပုံငွေဒေါ်လာ သန်း ၁ဝဝ ခန့်ရရှိခဲ့ပြီး နောက်ထပ် သန်း ၂၅ဝ ရရှိဖို့ NUG ရည်မှန်း

အမျိုးသားညီညွတ်ရေးအစိုးရ NUG စီမံဘဏ္ဏာဝန်ကြီး ဦးတင်ထွန်းနိုင်က ပြည်တွင်းပြည်ပ မြန်မာတွေရဲ့ တော်လှန်စိတ်ပြင်းပြမှုကြောင့် အခုအချိန်အထိ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ခန့် ရှာဖွေနိုင်ခဲ့ပြီဖြစ်ပြီး လက်ရှိ ဘဏ္ဏာရေးနှစ်အတွင်း ဒေါ်လာ သန်း ၂၅ဝ ထပ်မံရရှိဖို့ ရည်မှန်းဆောင်ရွက်နေတယ်လို့ ပြောကြားလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG စီမံဘဏ္ဏာဝန်ကြီး ဦးတင်ထွန်းနိုင်က ပြည်တွင်းပြည်ပ မြန်မာတွေရဲ့ တော်လှန်စိတ်ပြင်းပြမှုကြောင့် အခုအချိန်အထိ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ခန့် ရှာဖွေနိုင်ခဲ့ပြီဖြစ်ပြီး လက်ရှိ ဘဏ္ဏာရေးနှစ်အတွင်း ဒေါ်လာ သန်း ၂၅ဝ ထပ်မံရရှိဖို့ ရည်မှန်းဆောင်ရွက်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ နေ့စဉ်ပေးဆပ်မှုတွေနဲ့ ကြံ့ကြံ့ခံနေတဲ့ပြည်သူတွေကို သူကချီးမွမ်းလိုက်ပြီး တော်လှန်ရေး အမြန်ဆုံးအောင်မြင်ရေးအတွက် တတ်စွမ်းသမျှ ဆက်လက်ပါဝင်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ ဝန်ကြီး ဦးတင်ထွန်းနိုင်ကို ထိုင်းနိုင်ငံရောက် RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။
_____________

မေး။ ။ ဝန်ကြီး ဦးတင်ထွန်းနိုင်ခင်ဗျ၊ အခုအချိန်အထိ တော်လှန်ရေးရန်ပုံငွေစုစုပေါင်း ဘယ်လောက်စုဆောင်းလို့ ရပြီလဲခင်ဗျာ။

ဖြေ။ ။ တော်လှန်ရေးစတင်စဉ်ကတည်းက NUG (MOPFI) ဆောင်ရွက်ခဲ့တဲ့ Program တွေ Project တွေ ရှိပါတယ်။ အဲဒီအထဲမှာဆို ငွေတိုက်စာချုပ်ရောင်းခဲ့တာတွေ ရှိတယ်။ မကြာတင်ကဆိုလည်း ကျွန်တော်တို့ အနေနဲ့ တပ်ပိုင်မြေတွေကို ပြန်ယူပြီး ထုခွဲရောင်းချနေတာ တွေရှိတယ်၊ နောက်တစ်ခုက အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပိုင်တဲ့ ပိုင်တယ်ဆိုတာထက် မတရားလုယူထားတဲ့ အိမ် ၂ လုံးကို ရောင်းချခဲ့တာရှိတယ်။ အစုစုအရပ်ရပ်ပေါ့ ကျွန်တော်တင်ပြခဲ့တဲ့ စီမံကိန်းတွေ အားလုံးပေါင်းလိုက်လို့ရှိရင် ဒီနေ့ ဒီအချိန်မှာ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ပြည့်လုပြည့်ခင်အထိ ကျွန်တော်တို့ရှာဖွေစုဆောင်းနိုင်ခဲ့ပြီလို့ ပြောလို့ရပါတယ်ဗျ။

မေး။ ။ အဲဒီငွေတွေကို ဘယ်လိုခွဲဝေသုံးစွဲပါသလဲခင်ဗျ။

ဖြေ။ ။ အဓိကကတော့ ဒီတော်လှန်ရေးက စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ်မှန်သမျှ ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးဖြစ်တယ်။ စစ်အာဏာရှင် ပြုတ်ကျပြီးတဲ့အလွန်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ချီတက်သွားမယ့် တော်လှန်ရေးဖြစ်တယ်။ ပြောရမယ်ဆိုရင် ပြည်သူ့ခုခံတော်လှန်စစ်ဆိုပြီးတော့ ကျနော်တို့ NUG အစိုးရက တရားဝင်ထုတ်ပြန်ပြီးတော့ ဆင်နွှဲနေတဲ့ တော်လှန်ရေးဖြစ်တဲ့အတွက် ဒီတော်လှန်ရေးရဲ့ အရေးကြီးဆုံးဆိုတဲ့ ကဏ္ဍဖြစ်တဲ့ ကာကွယ်ရေးကိုတော့ ကျွန်တော်တို့ အထူးအလေးပေးပြီး ဒီအသုံးစရိတ်တွေကို ပြန်ခွဲပါတယ်။ သို့သော် ဒီတော်လှန်ရေးအတွက် ကျန်တဲ့အသုံးစရိတ်တွေလည်း ရှိပါတယ်။ ဥပမာ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေ၊ ကူညီကယ်ဆယ်ရေး ဆိုင်ရာကိစ္စရပ်တွေ၊ နောက်တစ်ခုက တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထိန်းချုပ်ထားတဲ့ အုပ်ချုပ်ရေးယန္တရားထူထောင်တဲ့ ကိစ္စရပ်တွေ၊ ပညာရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေ၊ တရားစီရင်ရေးကိစ္စရပ်တွေ စသဖြင့်ပေါ့နော် အဲ့ဒါတွေအတွက်ကိုလည်း ကျွန်တော်တို့ မဖြစ်မနေ သုံးစွဲလျှက် ရှိပါတယ်။ ပြန်ချုပ်ပြီးပြောရမယ်ဆိုရင်တော့ ခုခံတော်လှန်စစ် ဆင်နွှဲနေတဲ့ ကာလမှာတော့ အများစုကတော့ ကာကွယ်ရေးအသုံးစရိတ်အတွက်ပဲ စီမံခန့်ခွဲ သုံးစွဲလျှက်ရှိပါတယ်ခင်ဗျ။

မေး။ ။ အခု ခုခံတွန်းလှန်စစ်ဒုတိယနှစ် ဘဏ္ဍာရေးနှစ်အတွက်ပေါ့နော်။ ဒီစက်တင်ဘာလက စခဲ့တဲ့ ဒုတိယနှစ်အတွင်း ရန်ပုံငွေ ဘယ်လောက်လောက်ရရှိဖို့ ရည်မှန်းထားပါသလဲခင်ဗျ။

ဖြေ။ ။ ကျွန်တော်တို့အနေနဲ့က ခုခံတော်လှန်စစ် ဒုတိယနှစ် ဒီနှစ်မှာ NUG( MOPFI) ရည်မှန်းထားတဲ့ စုစုပေါင်း ဘဏ္ဍာငွေလိုအပ်ချက်ကတော့ အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ကျော်လောက် ရည်မှန်းပြီးတော့ ဆောင်ရွက်လျှက်ရှိပါတယ်။ ခုခံတွန်းလှန်စစ် ဒုတိယနှစ်ပေါ့နော်။ ဒီ ၃ လတာကာလမှာ အမေရိကန် ဒေါ်လာ သန်း ၅၀ လောက် ကျွန်တော်တို့အနေနဲ့ ရည်မှန်းပြီးတော့ ရှာဖွေထားတာ ဖြစ်ပါတယ်။ နောက်ထပ် ၉ လတာ ကာလအတွင်း ကျန်နေတဲ့ လိုအပ်တဲ့ နောက်ထပ် သန်း ၂၅၀ ပတ်ဝန်းကျင်လောက်ကို ကျွန်တော်တို့ ဆက်လက်ပြီး ရှာဖွေစီစဉ်ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ပြန်လည်ဖြေကြားလိုပါတယ်။

မေး။ ။ အဲဒီပိုက်ဆံတွေကို ဘယ်လိုနည်းလမ်းတွေသုံးပြီး ရှာမှာလဲခင်ဗျ။

ဖြေ။ ။ ကျနော်တို့ အခု NUG- MOPFI အနေနဲ့ စီစဉ်ဆောင်ရွက်နေတဲ့ စီစဉ်ဆောင်ရွက်ဆဲပေါ့ Project တွေရှိပါတယ်။ အဲ့ဒီ Project တွေထဲမှာ အားလုံးသိကြတဲ့ တပ်ပိုင်မြေတွေကို ပြန်လည်ပြီးတော့ သိမ်းဆည်းပြီးတော့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဦးမူပြီးတော့ ကြိုတင်ရောင်းချတဲ့ Early Partnership Program လို့ခေါ်တဲ့ ကိစ္စရပ်တွေ ရှိပါတယ်။ နောက်တစ်ခုက ငွေတိုက်စာချုပ်တွေ ရောင်းနေရတာ ရှိတယ်၊ နောက်တစ်ခုက အကြမ်းဖက်စစ်ခေါင်းဆောင်တွေ ပိုင်ဆိုင်မှုတွေကို ပြန်လည်ထုခွဲပြီးတော့ ရောင်းချနေတဲ့ ကိစ္စရပ်တွေ ရှိတယ်၊ အလားတူပဲ ကျွန်တော်တို့အနေနဲ့က နိုင်ငံတကာရောက်ကော ပြည်တွင်းပြည်ပ ဒီတော်လှန်ရေးကို သက်ဝင်ယုံကြည်ကြတဲ့ ကျွန်တော်တို့ ချစ်ခင်လေးစားရတဲ့ ပြည်သူလူထုရဲ့ လစဉ်ထည့်ဝင်ငွေဆိုတဲ့ PROGAM မျိုးကိုလည်း ဒီ ဒီဇင်ဘာလထဲမှာ ပြည်သူက တစ်နိုင်တစ်ပိုင်ပေါ့ သူတတ်နိုင်တဲ့ တော်လှန်ရေးပေါ်မှာ သူပါဝင်နိုင်လောက်တဲ့ ပမာဏတစ်ခုကို သူ့ဘက်ကလည်း ဝင်ထုတ်ဝင်ပိုး မဖြစ်စေဘဲနဲ့ လစဉ်ထည့်ဝင်နိုင်လောက်တဲ့ အစီအမံကိုလည်း စီစဉ်ဆောင်ရွက်လျှက်ရှိသလို နောက်တစ်ခုက တိုင်းပြည်ရဲ့ သယံဇာတတို့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တို့နဲ့ စပ်လျဉ်းတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ Project တွေကိုလည်း မကြာခင်မှာ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ တရားဝင် EOI တို့ ခေါပြီးတော့ ဒီအချိန်မှာ တော်လှန်ရေးကို သက်ဝင်ယုံကြည်ပြီးတော့ စစ်အာဏာရှင်ကို တကယ်ကို ကျဆုံးစေလိုတဲ့ ပြည်တွင်းပြည်ပက ရင်းနှီးမြှုပ်နှံတဲ့လူတွေကိုလည်း ကျွန်တော်တို့ ဖိတ်ခေါ်ပြီးတော့ ဆောင်ရွက်သွားမှာ ရှိပါတယ်လို့။ အဲ့တာတွေအားလုံး ကျွန်တော်တို့အနေနဲ့က မတူကွဲပြားတဲ့ စီမံကိန်းပေါင်းစုံ၊ ပရောဂျက်ပေါင်းစုံနဲ့ ပြည်သူလူထုအားကိုးရယ်၊ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေရဲ့ တော်လှန်ရေးပေါ်မှာ လိုက်ပါဆောင်ရွက်မှုကို အခြေအနေတွေ မူတည်ပြီးတော့ ပရောဂျက်တွေ အားလုံးကို တချို့ဟာတွေက တစ်ပြိုင်နက်ထဲ ဆောင်ရွက်သွားမှာရှိတယ်၊ တချို့ဟာ တစ်ခုပြီးတစ်ခုဆောင်ရွက်သွားမှာ ရှိပါတယ်။ အဲ့တာတွေ အားလုံးပေါင်းလိုက်ရင်တော့ ကျွန်တော်ယုံကြည်ပါတယ် ကျွန်တော်တို့ရည်မှန်းထားတဲ့ ခုခံတွန်းလှန်စစ်ရဲ့ ဒုတိယတစ်နှစ်တာမှာ ကျွန်တော်တို့ ရည်မှန်းထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဆိုတဲ့ ကိစ္စ ပြည့်မှီသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံကို ယူကရိန်းနိုင်ငံလို နိုင်ငံတကာက အကူအညီပေးမယ်ဆိုရင် ဘယ်လိုပြောင်းလဲနိုင်ပါသလဲ ခင်ဗျ။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံတကာ အကူအညီရဖို့ ဝန်ကြီးတို့ အစိုးရအဖွဲ့က တစ်စုံတစ်ရာလုပ်ဆောင်နေတာ ရှိပါသလားခင်ဗျာ။

ဖြေ။ ။ ကျွန်တော်တို့အနေနဲ့ကတော့ ကျွန်တော်တို့ကို ယူကရိန်းလို ကူညီစေချင်တာပေါ့။ သို့သော် ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံတကာကနေ ကူညီထောက်ပံ့တာ ဘာမှ မရသေးဘူးပြောရမှာပဲ ဖြစ်ပါတယ်။ တကယ်သာ နိုင်ငံတကာကနေပြီးတော့ ဒီတိုင်းပြည်မှာ ဒီမိုကရေစီယဉ်ကျေးမှုနဲ့ ဒီမိုကရေစီပြည်ထောင်စုကို အခြေတည်စေချင်တယ်ဆိုလို့ ရှိရင် ဒီထက်ပိုပြီး ကူညီဖို့လိုအပ်ပါတယ်။ ကူလည်း ကူပါဆိုတဲ့ ဥစ္စာကို ကျွန်တော်တို့ရဲ့ ယာယီသမ္မတကအစ ဝန်ကြီးချုပ်ကအလယ်ပေါ့ ကျန်တဲ့သက်ဆိုင်ရာ ဝန်ကြီးတွေ အကုန်လုံးကလည်း ကျွန်တော်တို့ရဲ့ ထိစပ်မိသမျှပေါ့လေ မိတ်ဖက် မဟာမိတ်နိုင်ငံတွေ ဒီမိုကရေစီနိုင်ငံကြီးတွေအားလုံးကို တဖွဖွတောင်းဆိုနေတာပဲ ဖြစ်ပါတယ်။

မေး။ ။ နွေဦးတော်လှန်ရေးမှာပေါ့နော် NUG ကို တိုက်ရိုက် ထောက်ပံ့နေတဲ့သူတွေရှိသလို တချို့ ရန်ပုံငွေ ရှာနေတဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေကလည်း အဓိကကတော့ ပြည်ပပေါ့နော် အဲ့ဒီအဖွဲ့အစည်းတွေက တခြားတော်လှန်ရေးအဖွဲ့တွေကို တိုက်ရိုက်လှူဒါန်းနေတာတွေ ရှိပါတယ်။ အကောင်းဘက်က ကြည့်မယ့်ဆိုရင် NUG က မကူညီနိုင်တဲ့သူတွေကို ပံ့ပိုးကူညီတာဖြစ်တဲ့အတွက် ဝမ်းသာစရာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ပြိုင်နက်မှာပဲ ဒီလိုအကူအညီရတဲ့အဖွဲ့တွေက NUG ရဲ့ဦးဆောင်မှု့ကို မခံယူတော့ဘဲနဲ့ သူတို့ဘာသာသူတို့ ရပ်တည်နေကြတဲ့ အတွက် NUG နဲ့ EAO ပူးပေါင်းဆောင်ရွက်နေတဲ့ တော်လှန်ရေးဦးဆောင်မှုကို မထိခိုက်ဘူးလား၊ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် တော်လှန်ရေးရဲ့ ညီညွတ်မှုကို မထိခိုက်စေဘူးလားလို့ တစ်စုံတစ်ယောက်က မေးမယ်ဆိုရင် ဦးတင်ထွန်းနိုင် ဘာများပြောနိုင်မလဲခင်ဗျာ။

ဖြေ။ ။ ဒီတော်လှန်ရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့က ပြန်ကြည့်ဖို့လိုပါတယ်။ ပထမဦးဆုံးက ဒီတော်လှန်ရေးသည် ပြည်သူလူထုထဲက ပေါက်ဖွားလာတဲ့ တော်လှန်ရေးဖြစ်တယ်။ ဒီနေရာမှာ NUG မပေါ်ပေါက်ခင်ကတည်းက ပြည်သူက ဒီတော်လှန်ရေးကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆင်နွှဲခဲ့တာဖြစ်တယ်။ ဒါတော်လှန်ရေးရဲ့ ပေးထားချက်ဖြစ်ပါတယ်။ အဲဒီ့နောက်မှာတော့ NUG ဆိုတာ ပေါ်ပေါက်လာတယ်။ NUG ဆိုတာ ပေါ်ပေါက်လာတဲ့နောက်မှာတော့ ဒီတော်လှန်ရေးရဲ့တပ်ဦးပေါ့ ဦးဆောင်မှုအခန်းကဏ္ဍကို တာဝန်ယူရတယ်။ တာဝန်ယူရတဲ့ အချိန်မှာကိုပဲ ရှေ့မှာရှိခဲ့တဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြည်သူလူထုကလည်း သူတို့တိမ်းညွတ်ရာကို ကူကြတာတွေရှိတယ်၊ လှူကြတာတွေရှိတယ်၊ ထောက်ပံ့ကြတာတွေရှိတယ် ဒါပေမဲ့ ဒီဘက်နောက်ပိုင်းမှာ တော်လှန်ရေးရဲ့တပ်ဦးဖြစ်တဲ့ NUG ဆိုတာ ပေါ်ပေါက်လာတဲ့ နောက်ပိုင်းမှာ NUG ကိုယ်တိုင်လည်း တော်လှန်ရေးရံပုံငွေရရှိဖို့အတွက် ကျွန်တော်တို့ ကြိုးစားပြီး ဆောက်ရွက်နိုင်ခဲ့တယ်။ တစ်ဖက်မှာလည်း လိုအပ်ချက်တွေ များစွာရှိနေတယ်ဆိုသော်ငြားလည်းပဲ ပြည်သူလူထုက မိမိတို့ တိမ်းညွတ်ရာလှူတယ် ကူတယ်ဆိုတာလည်း တဖြည်းဖြည်းနဲ့ပေါ့နော် NUG ဘက်က ဆောင်ရွက်နိုင်စွမ်းအား ရှိလာတဲ့အခါမှာ တော်လှန်ရေးရဲ့ ကနဦးကာလမှာ ဖြစ်တည်ခဲ့တဲ့ အခြေအနေတွေကလည်း တဖြည်းဖြည်း ပြောင်းလာ ပြီဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ တော်လှန်ရေး ရန်ပုံငွေပွဲတွေဆိုတာ သီးသန့် တစ်ဦးချင်း တစ်ယောက်ချင်း၊ တစ်စုတစ်ဖွဲ့ထဲ ဆောင်ရွက်နေတာတွေ ရှိပေမယ့်လို့ ဒီနောက်ပိုင်းမှာတော့ ပြည်သူလူထုက NUG ကို အဓိကချိတ်ဆက်ပြီး ဆောင်ရွက်လာတာတွေ တွေ့နေရတယ်။ ဦးခင်မောင်စိုးပြောသလို ဒီဟာတွေက တစ်ဖက်ကကြည့်ရင် အပြုသဘောဆောင်တယ်၊ တစ်ဖက်မှာကြည့်ရင်လည်း NUG ရဲ့ Chain Of Command ပေါ့ တပ်ဦးအလံနဲ့ ဦးဆောင်မှု အခန်းကဏ္ဍမှာရှိတဲ့ အဖွဲ့အစည်းရဲ့ စုစည်းညီညွတ်မှု၊ စည်းလုံးမှုကို အကောင်အထည်ဖော်နိုင်ဖို့က အရမ်းအရေးကြီးပါတယ်။ အရမ်းအရေးကြီးတယ် သို့သော်ပေးထားချက်အရ ရှေ့မှာ ဖြစ်တည်ခဲ့တဲ့ ကိစ္စရပ်တွေကလည်း ဒါသည်အရှိတရားတစ်ခုအနေနဲ့ မဖြစ်မနေ ကျွန်တော်တို့အားလုံး လက်ခံကြရမှာပဲ ဖြစ်တယ်။ တစ်ပြိုင်နက်တည်းမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့အတိုင်း ဒီတော်လှန်ရေးကို အမှန်တကယ်အောင်မြင်လိုကြတယ် တကယ်လည်း ယုံကြည်တယ်၊ ဒီပေါ်မှလည်း စိတ်ပိုင်းဖြတ်မှု သံဓိဌာန်အရလည်း ပြတ်သားခိုင်မာတယ်ဆိုလို့ရှိရင် ဗဟိုဦီးဆောင်မှု့လို့ပဲပြောပြော ဒီဟာရဲ့ နောက်ကို လိုက်ပါပြီးတော့ ဆောင်ရွက်နိုင်အောင်လည်း ပြည်သူတွေကတော့ ကြိုးစားနေကြတယ်။ ကြိုးလည်းကြိုးစားနေပြီလို့ ကျွန်တော်ထင်ပါတယ်။ ဒီကိစ္စက သိပ်ကို အရေးကြီးပါတယ်။ ကျွန်တော်တို့လည်း ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက်ပေါ့နော် နေ့နေ့ညည ကျွန်တော်တို့ရဲ့ ဘဏ္ဍငွေရှာဖွေရေးကိစ္စရပ်တွေကို စီစဉ်ဆောင်ရွက်နေတယ်။ ဒီအပေါ်မှာလည်း ပြည်သူရဲ့ ယုံကြည်မှုနဲ့ လိုက်ပါမှုအရပေါ့လေ ဒီချိန်ထိဆိုလို့ရှိရင်လည်း စောစောက ပြောခဲ့သလိုပဲ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ဆိုတာက ကမ္ဘာ့သမိုင်းမှာကို ဒါကပြောရမယ်ဆိုရင် အံ့ဩမှင်သက် ချီးကျုးရမယ့် တော်လှန်ပြည်သူတွေရဲ့ ပါဝင်မှုဖြစ်ပါတယ်။ အဲ့တော့ပြည်သူကသည်ပင် အဓိကဖြစ်ပါတယ်။ ပြည်သူက သူယုံကြည်တဲ့လမ်းကြောင်းကို ကျွန်တော်တို့ ဦးဆောင်တဲ့ အဖွဲ့အစည်းများနဲ့ ပုဂ္ဂိုလ်များက ရှေ့ကနေ မှန်မှန်ကန်ကန်နဲ့ တပ်ဦးအလံကို ချီတက်ပြီးသွားမယ် ဆိုခဲ့လို့ ရှိရင်တော့ ခုနက ကျွန်တော်တို့ ပြောခဲ့တဲ့ ဦးခင်မောင်စိုးမေးခဲ့တဲ့ ကိစ္စရပ်တွေက ကျွန်တော်တို့အနေနဲ့ စိုးရိမ်စရာ မဟုတ်ဘဲနဲ့ အားလုံးဖြစ်သင့်ဖြစ်ထိုက်တဲ့ လမ်းကြောင်းမှန်အတိုင်းကို အချိန်အတိုင်းအတာတစ်ခု၊ သူ ပြောင်းလဲသင့်တဲ့ အချိန်ရောက်လို့ရှိရင် ခုနက စိန်ခေါ်မှုတွေက အလိုလိုပပျောက်သွားပြီတော့ ဒီတော်လှန်ရေးရဲ့ အားကောင်းခိုင်မာတဲ့ ထုတစ်ခု အင်အားတစ်ခုအနေနဲ့ ကျွန်တော်တို့ စုစည်းမိပြီး ဆက်လက်ပြီး ချီတက်သွားနိုင်မယ်ဆိုတာ အကြွင်းမဲ့ယုံကြည်ကြောင်း ပြန်လည်ရှင်းလင်းဖြေကြားလိုပါတယ်။

မေး။ ။ မြန်မာနဲ့ ကမ္ဘာက ပြည်သူတွေကို ဘာများ ပြောလိုပါသေးလဲခင်ဗျာ။

ဖြေ။ ။ ပထမဆုံးကတော့ ဒီတော်လှန်ရေးရဲ့ ၁ နှစ်နဲ့ ၉ လတာကာလအထိ ကြံ့ကြံ့ခံပြီးတော့ မဆုတ်မနစ် ဇွဲနပဲ ကြီးစွာနဲ့ ဒီတော်လှန်ရေးကို ဆင်နွှဲနေကြတဲ့ ပြည်တွင်းပြည်ပ ကျနော်တို့ နိုင်ငံသူ နိုင်ငံသားတွေအားလုံးကို ကျနော်တို့ အနေနဲ့ လေးစားဂုဏ်ယူကြောင်းရယ်၊ အထူးလှိုက်လှိုက်လှဲလှဲနဲ့ ကျေးဇူးတင်ဝမ်းမြောက်မိကြောင်း ဒါလေးကို ပထမတချက်အနေနဲ့ ပြောချင်ပါတယ်။ ဒုတိယတချက်က ကျနော်တို့ ဒီတော်လှန်ရေးက မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မကြုံဖူးတဲ့ ရှေ့မှာဖြစ်ပေါ်ခဲ့တဲ့ တော်လှန်ရေးတွေနဲ့ သဘောသဘာဝအရရော၊ လက်ရှိ ရောက်ရှိနေတဲ့ အခြေအနေအရကော လုံးဝကို ကွဲပြားတဲ့ တော်လှန်ရေးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့က မြန်မာ့မြေပေါ်မှာ နှစ်ပေါင်း ၇၀ နီးပါး အမြစ်တွယ်ခဲ့ စစ်အာဏာရှင်ကို အပြီးတိုင်ဖြုတ်ချဖို့ အလားလာကောင်းဆုံး တော်လှန်ရေးဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော့်အနေနဲ့ အပြောတင်မဟုတ်ပါဘူး လက်တွေ့ တော်လှန်ရေးရဲ့ ရောက်ရှိနေတဲ့ တော်လှန်ရေးရဲ့အရွေ့ကိုကြည့်ရင်လည်း အားလုံးထင်သာမြင်သာ ဖြစ်ပါလိမ့်မယ်။ တစ်ပြိုင်နက်ထဲမှာ ကျွန်တော်တို့အနေနဲ့ ပွင့်ပွင့်လင်းလင်း ဝန်ခံရမယ်ဆိုလို့ရှိရင်လည်း နေ့စဉ်နဲ့အမျှ ပေးဆပ်နေရတာတွေ၊ စွန့်စားနေရတာတွေ ကြုံနေရဆဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ တော်လှန်ရေးက ဒီနေ့ဒီချိန်ဒီကာလမှာပေါ့နော် စခဲ့တဲ့အချိန်က ပြန်ပြောင်းအောင့်မေ့ နှိုင်းယှဉ်ကြည့်မယ်ဆိုလို့ရှိရင် ဒီတော်လှန်ရေးရဲ့အရွေ့က ပန်းတိုင်ဆီကို တစ်ရွေ့ရွေ့နဲ့တစ်ဖြည်းဖြည်းနဲ့ တစ်နေ့ထက်တစ်နေ့ နီးသထက်နီးလာတဲ့ တော်လှန်ရေးဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့လည်း တော်လှန်ရေးစမခင်ကတည်းက စိတ်ပိုင်းဖြတ်မှုသံဓိဌာန်နဲ့ပေါ့လေ အဲ့တာကို အလုံးအထည်အရကော အင်အားအရကော မဆုတ်မနစ်နဲ့ လိုက်ပါပြီးတော့ တော်လှန်ရေးပန်းတိုင် ရောက်တဲ့အထိ ချီတက်ဖို့ အရမ်းအရေးကြီးပါတယ်။ ချီတက်လိမ့်မယ်လို့လည်း အကြွင်းမယ့် ယုံကြည်တယ်၊ ချီတက်ကြပါလို့ မေတ္တာရပ်ခံ လေးစားစွာ တိုက်တွန်းလိုတယ်။ တစ်ပြိုင်နက်ထဲမှာ မိမိတို့ပါဝင်ရတဲ့ ကျရာနေရာ အခန်းကဏ္ဍကို လုံးဝ လျော့မတွက်ပါနဲ့။ ဒီတော်လှန်ရေးဟာ တကယ်တမ်းပြောရမယ်ဆိုရင် ခွန်အားမျှပေး တော်လှန်ရေး ဖြစ်ပါတယ်။ ဘာကြောင့်ပြောရလဲဆိုရင် ဒီတော်လှန်ရေးမှာ ငွေကြေးခွန်အားတတ်နိုင်တဲ့သူတွေက ငွေကြေးခွန်အားတွေကို မျှပေးနေတယ်။ စိတ်ခွန်အားတတ်နိုင်တဲ့သူတွေက စိတ်ခွန်အားကို မျှပေးနေကြတယ်။ လုပ်အားတတ်နိုင်တဲ့သူတွေက လုပ်အားကိုပါဝင်ပြီးပေးနေကြတယ်။ အသိပညာနဲ့ ဗဟုသုတကို မျှဝေပေးနိုင်တဲ့သူတွေက ဒါကို မျှဝေပေးနေကြတယ်။ တစ်ပြိုင်နက်ထဲမှာ ကျွန်တော်တို့ မျိုးဆက်သစ်လူငယ်တွေပေါ့နော် ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေက လူငယ်တွေက တောထဲတောင်ထဲမှာ တကယ်ကို ကြမ်းတမ်းတဲ့ စစ်မြေပြင်မှာ သူတို့ရဲ့ အသက်နဲ့ခန္ဓာကို စွန့်လွှတ်ပြီးတော့ ဒီတော်လှန်ရေးကို မျှဝေပြီးတော့ ပါဝင်ပေးနေကြတယ်။ အလားတူပဲ CDM သူရဲကောင်းများဆိုရင်လည်း ၁ နှစ်နဲ့ ၉ လာတာ ကြာတဲ့အထိ အဆုံးတိုင် CDM ဆိုတဲ့ စိတ်ဓာတ်နဲ့ ဒီတော်လှန်ရေးကို ပန်းတိုင်ရောက်တဲ့အထိ ချီတက်နေကြတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့က ပြည်သူတစ်ဦးချင်းစီ တစ်ယောက်ချင်းစီက ဒီတော်လှန်ရေးမှာ ကဏ္ဍပေါင်းစုံကနေ ပါဝင်ပေးနေကြတာဖြစ်ပြီး အားလုံးက တူညီတဲ့ တန်ဖိုးရှိတဲ့ အားထုတ်မှုတွေပဲ ဖြစ်ပါတယ်။ Click to Donate ကလစ်လုပ်နေတဲ့သူတွေလည်း ဒီတော်လှန်ရေးမှာ ကျရာနေရာက ပါဝင်နေတာတွေပဲ စစ်တပ်ထုတ်ကုန်တွေ သပိတ်မှောက်ရေး စစ်တပ်ထုတ်ကုန်ဆို မသုံးစွဲဘူး အားမပေးဘူး အကြမ်းဖက်စစ်တပ်နဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေဆိုရင် Boycott လုပ်တယ်ဆိုတဲ့ ကိစ္စရပ်တွေကလည်း ဒီတော်လှန်ရေးရဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ ဒါကြောင့်မို့လို့ မိမိတို့ ကျရာနေရာအခန်းကဏ္ဍက ပါဝင်မှုအားလုံးကို ကျွန်တော်တို့အားလုံးက တန်းတူတန်ဖိုးထားသလို လေးလည်းလေးစားတယ် ဂုဏ်လည်းဂုဏ်ယူတယ်။ ပြီးတော့ စိတ်ဓာတ်မကျပါနဲ့ ငါတို့တတ်နိုင်တာလေးက ဒီလောက်ကလေးပဲ ရှိတယ်ဆိုပြီးလည်း ကိုယ့်ကိုကိုယ် မချင့်မရဲမဖြစ်ပါနဲ့ အားမလိုအားမရမဖြစ်ပါနဲ့ ကိုယ်တတ်နိုင်တဲ့ ကျရာလက်လှမ်းမှီရာ အခန်းကဏ္ဍကနေ ဒီတော်လှန်ရေးကို ဆက်လက်ပြီး ပါဝင်ပေးခြင်းအားဖြင့် အဲဒီလိုလည်း ဆက်လက်ပါဝင်မှသာလျှင် ဒီတော်လှန်ရေးက အားလုံးရည်မျှော်မှန်းတဲ့ ပန်းတိုင်ကို အမြန်ဆုံးရောက်မှာ ဖြစ်ပါတယ်လို့ ပြည်သူလူထုကို လေးစားစွာ မေတ္တာရပ်ခံ အသိပေးတိုက်တွန်းလိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org