အာဏာသိမ်းစစ်အစိုးရကို နိုင်ငံတကာအရေးယူဖို့ အလားအလာ
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာဟာ ဖွံ့ဖြိုးစပြုနေတဲ့ ဒီမိုကရေစီကို အညွန့်ချိုးလိုက်တာ ဖြစ်တဲ့အတွက်၊ စစ်ခေါင်းဆောင်တွေကို သူတို့ရဲ့ လုပ်ရပ်တွေအတွက် ပြန်ပြီး ပေးဆပ်ခိုင်းဖို့ လိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အင်ဒရူးက RFA နဲ့ သီးသန့် ဆက်သွယ်မေးမြန်းရာမှာ ပြောလိုက်ပါတယ်။
-
ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2021-02-08 -
-
-
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာဟာ ဖွံ့ဖြိုးစပြုနေတဲ့ ဒီမိုကရေစီကို အညွန့်ချိုးလိုက်တာ ဖြစ်တဲ့အတွက်၊ စစ်ခေါင်းဆောင်တွေကို သူတို့ရဲ့ လုပ်ရပ်တွေအတွက် ပြန်ပြီး ပေးဆပ်ခိုင်းဖို့ လိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အင်ဒရူးက RFA နဲ့ သီးသန့် တွေ့ဆုံ မေးမြန်းရာမှ ပြောလိုက်ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာက အရေးယူဖို့ အလားအလာ ဘယ်လို ရှိသလဲဆိုတာကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
RFA - လူကြီးမင်း ခင်ဗျား။ အခုဆိုရင် မြန်မာပြည်သူတွေဟာ မြန်မာစစ်တပ်က အာဏာသိမ်းလိုက်တာနဲ့ ပတ်သက်ပြီး နိုင်ငံတကာကနေ အရေးယူပေးဖို့ အရမ်းကို မျှော်လင့်နေကြပါတယ်။ လူကြီးမင်းအနေနဲ့လဲ မြန်မာစစ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ လုပ်ရပ်အတွက် ပြန်ပြီးပေးဆပ်ရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ဘယ်လိုပုံစံနဲ့ မြန်မာ စစ်ခေါင်းဆောင်တွေကို အရေးယူ တုံ့ပြန်ဖို့ ရှိနေသလဲ ဆိုတာ သိချင်ပါတယ်။
■ ကျွန်တော် ပထမဆုံးတိုက်တွန်းနေတာက နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို ဆန့်ကျင် ရှုတ်ချကြောင်း ပြတ်ပြတ်သားသား ပြောဖို့ပါ။ အခုဆိုရင် အဲဒါကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြပါပြီ။ မြန်မာစစ်တပ်က အာဏာသိမ်းတာကို နိုင်ငံတော်တော်များများက ဆန့်ကျင်ရှုတ်ချကြောင်း ပြတ်ပြတ်သားသား ပြောဆိုကြတဲ့ အတွက် ဝမ်းမြောက်မိပါတယ်။ ဒုတိယ အချက်ကတော့ တိကျခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ ဆက်လုပ်ကြဖို့ပါ။ မြန်မာစစ်ခေါင်းဆောင်တွေကို သူတို့လုပ်ရပ်တွေအတွက် ပြန်ပြီးပေးဆပ်ခိုင်းဖို့ လိုပါတယ်။ မြန်မာ စစ်ဗိုလ်ချုပ်တွေဟာ ဖွံ့ဖြိုးစ ပြုနေတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကို အညွန့်ချိုးလိုက်တာပါ။ ဒါ့အပြင် မြန်မာ ပြည်သူတွေရဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် အခွင့်အရေးကိုပါ ဖျက်ဆီးလိုက်တာပါ။ အခုဆိုရင် မြန်မာပြည်သူတွေဟာ အိုးတွေ တီးပြီး ဆန္ဒထုတ်ဖော်တာကနေ၊ Civil Disobedience လုပ်တဲ့ CDM လှုပ်ရှားမှုတွေ နဲ့ အာဏာဖီဆန်ကြောင်း ပြသတာလို လုပ်ရပ်တွေနဲ့ အာဏာရှင်ကို တွန်းလှန်ဖို့ ကြိုးစားနေကြတာ တွေ့ရတဲ့အတွက် တကယ်ပဲ အားရဖို့ ကောင်းပါတယ်။ ကျွန်တော် ပြောချင်တာကတော့ ဒီဖြစ်ရပ်တွေ အားလုံးကို နိုင်ငံတကာကလည်း အနီးကပ် စောင့်ကြည့်နေပြီး၊ မြန်မာ ပြည်သူတွေနဲ့ အတူ ရှိနေတယ် ဆိုတာကိုပါ။ ကျွန်တော်တို့ အားလုံး မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ပြီး၊ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် အရေးယူ ဆောင်ရွက်ဖို့ ဆန္ဒရှိနေပါကြပါတယ်။ အခုအချိန်မှာ ဒီအာဏာသိမ်းပွဲအတွက် တာဝန်ရှိတဲ့ ဗိုလ်ချုပ်တွေကို ပစ်မှတ်ထား အရေးယူတာတွေ လုပ်ဖို့နဲ့ နိုင်ငံတကာက မြန်မာစစ်တပ်ကို လက်နက်ရောင်းချတာ ပိတ်ပင်ဖို့တောင်းဆိုထားပါတယ်။ ခုချိန်မှာ အာဏာသိမ်းပွဲရဲ့ သားကောင်ဖြစ်ရတဲ့ မြန်မာပြည်သူတွေကို မထိခိုက်စေပဲ၊ တာဝန်ရှိတဲ့သူတွေကိုပဲ ပစ်မှတ်ထားအရေးယူမှာ ဖြစ်တဲ့အကြောင်း ပြောချင်ပါတယ်။ ဒီလို အရေးယူတာတွေကို ဘယ်လိုပုံစံနဲ့ လုပ်သွားမလဲ ဆိုတာရယ်၊ ဘယ်လောက်ကြာကြာ လုပ်မလဲ ဆိုတာတွေကို သက်ဆိုင်သူတွေ၊ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ပါတယ်။ မကြာတော့တဲ့ အချိန်အတွင်းမှာ မြန်မာ စစ်ခေါင်းဆောင်တွေကို အရေးယူမှုတွေ စတင်ကြောင်း ကြေညာချက်တွေ ထွက်ပေါ်လာတော့မှာါ။ နိုင်ငံတကာက မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ကြောင်း လက်တွေ့ပြသတဲ့ လုပ်ဆောင်ချက်တွေလည်း မြင်လာရတော့မှာပါ။
RFA- ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူး မစ္စတာ အန်တိုနီယို ဂူတာရက်စ်က ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ မအောင်မြင်အောင် လုပ်သွားမယ်လို့ ပြောထားပါတယ်။ မြန်မာ အစိုးရဘက်ကလည်း နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ မချိုးဖောက်ဖို့ဆိုတဲ့ အချက်ကို အမြဲပြောလေ့ရှိပါတယ်။ အခု မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အာဏာသိမ်းမှုကို နိုင်ငံတကာက ဝင်ရောက်စွက်ဖက်နိုင်လောက်အောင် ခိုင်မာတဲ့ အကြောင်းပြချက် ရှိပါသလား။
■ သေချာတာကတော့ မြန်မာနိုင်ငံမှာ အလွန်ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ရာလည်း ရောက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သုံးလို့ ရသမျှ လုပ်ပိုင်ခွင့် ယန္တရားအားလုံးကို ထိထိရောက်ရောက် အသုံးပြု သွားမှာ ဖြစ်ပါတယ်။ ကုလအထွေထွေ အတွင်းရေးမှူးချုပ်အနေနဲ့ ခုလို ပြတ်ပြတ်သားသားနဲ့ ပြင်းပြင်းထန်ထန် ပြောလိုက်တာ ကျွန်တော် ဝမ်းမြောက်မိပါတယ်။ ဒီလို ပြောဖို့ လိုအပ်နေတာ အမှန်ပါပဲ။ အခုဆိုရင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဥရောပသမဂ္ဂက ခေါင်းဆောင်တွေ အပြင် အခြား နိုင်ငံ တော်တော်များများ ကလည်း မြန်မာစစ်တပ်ကို အရေးယူဆောင်ရွက်မှာ ဖြစ်တဲ့အကြောင်း ထုတ်ပြောထားပြီးပါပြီ။ ဒါတွေဟာ ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်။ အဲဒီနောက် ထိရောက်ပြင်းထန်ပြီး၊ အောင်မြင်မယ်လို့လဲ မျှော်လင့်ရတဲ့ ပိတ်ဆို့အရေးယူမှုတွေ နဲ့ ဖိအားပေး လုပ်ဆောင်မှုတွေကို တစ်ခုပြီးတစ်ခု ချမှတ်သွားမှာပါ။
RFA - ပြီးခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ညီလာခံမှာဆိုရင် အစပိုင်းမှာ တရုတ်နဲ့ ရုရှား နိုင်ငံတွေဟာ အခြားနိုင်ငံတွေနဲ့ ရှုမြင်ပုံ မတူတဲ့အတွက် မြန်မာ စစ်တပ်က အာဏာသိမ်းတာကို ရှုတ်ချကြောင်း ကြေညာချက် မထုတ်နိုင်ပဲ ရှိနေခဲ့ပါတယ်။ ဒီလို တရုတ်နဲ့ ရုရှားနိုင်ငံဟာ မြန်မာ စစ်ခေါင်းဆောင်တွေဘက်က အကာအကွယ်ပေးနေတဲ့ အခြေအနေကနေ ပြောင်းလဲလာမယ်လို့ ထင်ပါသလား။
■ အဲဒီလိုပဲ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ လုံခြုံရေးကောင်စီညီလာခံမှာ မြန်မာနိုင်ငံအကြောင်း တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ စိုးရိမ်ပူပန်ကြောင်း ကြေညာချက် ထုတ်နိုင်ခဲ့တာဟာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာ မတူညီတဲ့ ရှုမြင်ပုံတွေ ရှိပါတယ်။ အစဉ်အလာအရ တရုတ်နိုင်ငံဟာ စစ်ခေါင်းဆောင်တွေကို စစ်လက်နက်အနေနဲ့ကော၊ ကုန်သွယ်ရေးအရပါ ထောက်ပံ့ကူညီခဲ့ပါတယ်။ လုံခြုံရေးကောင်စီ ညီလာခံမှာလည်း စစ်အစိုးရဘက်က အမြဲ ခုခံကာကွယ်ပေးခဲ့ပါတယ်။ ဒီလို ဆိုးဝါးတဲ့ လုပ်ရပ်တွေဟာ တရုတ်နိုင်ငံအတွက် ဘာအကျိုးမှာ မဖြစ်ထွန်းစေပါဘူး။ မြန်မာနဲ့ တရုတ် နှစ်နိုင်ငံ နယ်စပ်တ-လျှောက်မှာ ဥပဒေစိုးမိုးမှု မရှိတဲ့ အခြေအနေတွေ ဖြစ်လာစေတာဟာ မြန်မာနိုင်ငံအတွက်ကော၊ ဒေသတစ်ခုလုံးအတွက်ကော ၊ ကမ္ဘာကြီးအတွက်ပါ ဘာကောင်းကျိုးမှာ မရှိပါဘူး။ ဒါကြောင့်မို့ စစ်ခေါင်းဆောင်တွေကို သူ့တို့ လုပ်ရပ်တွေအတွက် တာဝန်ခံခိုင်းဖို့နဲ့ ဒီအာဏာသိမ်းမှု မအောင်မြင်အောင် တားဆီးတာဟာ အားလုံးအတွက် အကောင်းဆုံး ဖြစ်ပါတယ်လို့ ယုံကြည်ပါတယ်။
RFA - နိုင်ငံတကာရဲ့ အမြင်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဝေဖန်ဖို့ ပျက်ကွက်ခဲ့ပြီး ပြီးခဲ့တဲ့ နှစ်က အိုင်စီဂျေတရားရုံး ကြားနာ စစ်ဆေးမှုတွေမှာ စစ်တပ်အတွက် ကာကွယ်ပြောဆိုတာတွေတောင် လုပ်ခဲ့တဲ့အတွက် သူမရဲ့ ပုံရိပ်ကျဆင်းခဲ့တယ်လို့ ရှုမြင်ကြပါတယ်။ ဒီလို အခြေအနေမှာ ကမ္ဘာ့နိုင်ငံတွေက သူမရဲ့ နောက်ကနေ ရပ်တည်ပြီး၊ အားပေးထောက်ခံဖို့ ဆန္ဒရှိဦးမယ်လို့ ထင်ပါသလား။
■ အခုအချိန်မှာ အရေးကြီးတာက တစ်ကမ္ဘာလုံးက ပြည်သူတွေဟာ မြန်မာပြည်သူတွေရဲ့ နောက်မှာ ရပ်တည်ပြီး၊ အားပေးထောက်ခံကြဖို့ပါ။ ဒါဟာ ပါတီ တစ်ပါတီ ဒါမှမဟုတ် နိုင်ငံရေး ခေါင်းဆောင်တစ်ဦးတစ်ယောက်ရဲ့ ကိစ္စမဟုတ်ပါဘူး။ အာဏာသိမ်းလိုက်တာဟာ ပြည်သူတစ်ရပ်လုံးအပေါ်ကို စော်ကားလိုက်တာပါ။ ဒါဟာ မြန်မာနိုင်ငံမှာ ဖြစ်ထွန်းစ ပြုနေတဲ့ ဒီမိုကရေစီကို ခိုးယူလိုက်တာပါ။ ဒါကြောင့် နိုင်ငံတကာအနေနဲ့လည်း မြန်မာ ပြည်သူတွေ အကျိုးအတွက်ကိုပဲ အာရုံစိုက်ပြီး အလုပ်လုပ်ကြဖို့ လိုတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
RFA - တပ်မတော်က အာဏာသိမ်းတဲ့နေရာမှာ ရွေးကောက်ပွဲမှာ မဲမသမာမှု စွပ်စွဲချက်တွေကို အကြောင်းပြထားတာနဲ့ ပတ်သက်ပြီး၊ ဒါဟာ ခိုင်လုံတဲ့ အထောက်အထားမရှိဘူး၊ ကျိုးကြောင်းဆီလျော်ခြင်းလဲ မရှိဘူးလို့ လူကြီးမင်းက ပြောခဲ့တာ တွေ့ရပါတယ်။ ဘာကြောင့် ဒီလို ပြောနိုင်တာလဲ အကျယ်တဝင့် ရှင်းပြပေးနိုင်မလား ခင်ဗျ။
■ ပထမဆုံးအနေနဲ့ သူတို့ဘက်က ပုံမှန်မဟုတ်တဲ့ မဲအရေအတွက် ၈.၆ သန်းအထိတွေ့ခဲ့တယ်လို့ စွပ်စွဲထားပေမယ့် အဲဒီ မဲ ၈.၆ သန်းကို တိတိကျကျ ထုတ်ပြန်ပြီး သက်သေပြတာမျိုး မလုပ်ထားပါဘူး။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ နေအိမ်မှာ ဆက်သွယ်ရေးစက်တွေ တွေ့တယ်ဆိုတဲ့ စွဲချက်မှာလည်း ပိုပြီး တိကျခိုင်မာတဲ့ အထောက်အထား ပြဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ ဒီစွပ်စွဲချက်တွေဟာ လုံးဝကျိုးကြောင်း ဆီလျှော်မှုမရှိဘဲ လူရယ်စရာ ဖြစ်နေပါတယ်။ သူတို့ရဲ့ စွဲချက်တွေဟာ ကိုယ်လိုရာဆွဲ အဓိပ္ပါယ်ဖွင့်ထားပြီး၊ ကမ္ဘာ့နိုင်ငံတွေရဲ့ အမြင်မှာ ဘယ်လောက်တောင် လူရယ်စရာ ဖြစ်နေသလဲ ဆိုတာ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေ သဘောပေါက်ပုံ မရပါဘူး။ အမှန်က ရွေးကောက်ပွဲ ရလဒ်တွေနဲ့ ပတ်သက်ပြီး၊ မကျေနပ်တာ ရှိတယ်ဆိုရင်လဲ၊ ဒီပြဿနာတွေကို နည်းမှန်လမ်းမှန်နဲ့ ကိုယ်တွယ်ဖြေရှင်းလို့ ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒါပေမယ့် ခုလိုအာဏာသိမ်းပြီး၊ မြန်မာ နိုင်ငံရဲ့ ဖြစ်ထွန်းစ ဒီမိုကရေစီကို ပြောင်းပြန်လှန်ပြီး၊ ဖျက်ဆီးလိုက်တာ၊ တစ်နိုင်ငံလုံးက နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေး ရပိုင်ခွင့်တွေကို ကန့်သတ်လိုက်တာတွေကတော့ လုံး၀ မှားယွင်းတဲ့ တုံ့ပြန်မှုမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကိစ္စ၊ မဲစာရင်းကိစ္စ မကျေနပ်ချက်တွေ ဘယ်လိုပဲရှိရှိ အာဏာသိမ်းပြီး ဖြေရှင်းဖို့ ကြိုးစားတာဟာ ခွင့်လွှတ်နိုင်စရာ၊ လက်ခံနိုင်စရာ မရှိတဲ့ လုပ်ရပ်လို့ပဲ ပြောချင်ပါတယ်။
RFA- မြန်မာနိုင်ငံဟာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် စစ်ပြေး ဒုက္ခသည်တွေ သိန်းနဲ့ချီ ရှိနေပြီး၊ Covid 19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုတွေလည်း ရင်ဆိုင်နေရပါတယ်။ ဒီလို အချိန်မှာ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ပြည်သူတွေအပေါ်မှာ ဘယ်လိုထိခိုက်လာမယ် ထင်ပါသလဲ။
■ သေချာပြောနိုင်တာကတော့ လောလောဆယ်မှာ ထိခိုက်အလွယ်ဆုံး အခြေအနေမှာ ရှိနေတဲ့ သူတွေဟာ အထိခိုက်ဆုံးသူတွေ ဖြစ်လာမှာပါ။ တကယ်ဆိုရင် ဒီကမ္ဘာပေါ်မှာ စစ်တပ်က အာဏာသိမ်းတာကို ထပ်မကြုံသင့်ဆုံးသူတွေဟာ မြန်မာနိုင်ငံက ပြည်သူတွေပါပဲ။ မြန်မာပြည်သူတွေဟာ အာဏာရှင်စနစ်ရဲ့ အောက်မှာ နှစ်ပေါင်းများစွာ နေခဲ့ရတဲ့အပြင်၊ လက်ရှိ အချိန်မှာ ကပ်ရောဂါနဲ့ တိုင်းပြည်စီးပွားရေး ကျဆင်းနေတာကို ကြုံနေရတယ်။ နိုင်ငံတစ်ဝှမ်းမှာလဲ ပဋိပက္ခတွေကြောင့် ပြည်သူတော်တော်များများ နေအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ ဒီလိုအခြေအနေမှာ အာဏာသိမ်းလိုက်တာဟာ အဆိုးတကာ့ အဆိုးဆုံး အပြောင်းအလဲ တစ်ခု ဖြစ်သွားပါတယ်။ ဒါကြောင့်မို့လည်း နိုင်ငံတကာ အနေနဲ့ မြန်မာ ပြည်သူတွေဘက်က မားမားမတ်မတ် ရပ်တည်ပြီး၊ သူတို့ ကိုယ်စား၊ ခိုင်မာပြင်းထန်ပြီး စူးစိုက်မှု ရှိတဲ့ လုပ်ဆောင်ချက်တွေကို ဆက်လုပ်သွားရမှာ ဖြစ်ပါတယ်။