ထောင်တွင်းမှာသိခဲ့ရသမျှ ခဲရာခဲဆစ်ရေးမှတ်ခဲ့တယ်လို့ ဂျပန်သတင်းထောက်ပြော
မြန်မာနိုင်ငံမှာ အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို အင်အားသုံး ဖြိုခွင်းမှုတွေအတွင်း သတင်းရယူခဲ့တဲ့ ဂျပန် သတင်းထောက် ယုကိ ခိတဇုမိ ကို အာဏာသိမ်း စစ်ကောင်စီက သတင်းမှား ဖြန့်ဝေမှုစွဲချက်နဲ့ ဖမ်းဆီးခဲ့ပြီးတဲ့နောက်၊ ဂျပန် သံအမတ်ရဲ့ စေ့စပ်ညှိနှိုင်းမှုနဲ့ ပြန်လွတ်လာခဲ့ပြီး မေလ ၁၄ရက်က ဂျပန်နိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။
-
ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2021-05-27 -
-
-
မြန်မာနိုင်ငံမှာ အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို အင်အားသုံး ဖြိုခွင်းမှုတွေအတွင်း သတင်းရယူခဲ့တဲ့ ဂျပန် သတင်းထောက် ယုကိ ခိတဇုမိ ကို အာဏာသိမ်း စစ်ကောင်စီက သတင်းမှား ဖြန့်ဝေမှု စွဲချက်နဲ့ ဖမ်းဆီးခဲ့ပြီးတဲ့နောက်၊ ဂျပန် သံအမတ်ရဲ့ စေ့စပ်ညှိနှိုင်းမှုနဲ့ ပြန်လွတ်လာခဲ့ပြီး မေလ ၁၄ရက်က ဂျပန်နိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ အာဏာသိမ်းစစ်ကောင်စီရဲ့ ဖမ်းဆီး ထိန်းသိမ်းခံရစဉ်အတွင်း အတွေ့အကြုံတွေကို မစ္စတာ ယုကိ ခိတဇုမိ က RFA နဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောပြခဲ့ပါတယ်။
RFA - မစ္စတာ ယူကီ ဒုတိယအကြိမ် အဖမ်းခံခဲ့ရပုံ နဲ့ စစ်ဆေးမေးမြန်းတဲ့ အကြောင်း ပြောပြပါ။
■ ဧပြီလ ၁၈ရက်က ည ၇နာရီခွဲလောက်မှာ ရန်ကုန်မြို့က ကျွန်တော့် နေအိမ်ကို တံခါးလာခေါက်ပါတယ်။ တံခါးဖွင့်လိုက်တော့ ရဲတပ်ဖွဲ့တံဆိပ် ပါတဲ့ ဂျာကင်တွေ ဝတ်ထားတဲ့ လူ ၆ယောက်လောက်ကို တွေ့ပါတယ်။ အဲဒီ လာဖမ်းတဲ့ အဖွဲ့ကို စစ်တပ်က ထောက်လှမ်းရေးအရာရှိက ဦးဆောင်လာတယ်လို့ နောက်မှ သိရပါတယ်။ ကျွန်တော်လဲ ပြဿနာ မဖြစ်ချင်တာနဲ့ သူတို့ကို အိမ်ထဲဝင်လာပြီး စကားပြောဖို့ ခွင့်ပြုလိုက်ပါတယ်။ သူတို့က အိမ်ထဲဝင်လာပြီး ကျွန်တော့် အခန်းကို ရှာဖွေကြပါတယ်။ သူတို့ ကျွန်တော့ ကင်မရာရယ်၊ ပီစီ ကွန်ပျူတာရယ်၊ အခြား စာရွက်စာတမ်းတွေကို သိမ်းယူသွားပါတယ်။ နောက်ပြီး ကျွန်တော့်ကို ရဲကားဆီကို ခေါ်သွားပါတယ်။ မြန်မာနိုင်ငံမှာ ရဲ နဲ့ စစ်သားတွေက ဆန္ဒပြပွဲမှာ ပါဝင်သူတွေကို လူမသိပဲ လျှို့ဝှက် ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ မိသားစုဝင်တွေက သွားမေးရင်လည်း အာဏာပိုင်တွေက မသိကြောင်းဘဲ ပြောလွှတ်တဲ့ ဥပမာတွေ ရှိတဲ့အတွက် ကျွန်တော်လည်း ထိတ်လန့်သွားပါတယ်။ ကျွန်တော့်ကိုလည်း အဲဒီလို မျက်မြင်သက်သေ မရှိဘဲ လျှို့ဝှက်ပြီး ဖမ်းသွားမှာ စိုးရိမ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အိမ်နီးချင်းတွေ၊ ရပ်ကွက်ထဲကလူတွေ ကျွန်တော့်ကို ဖမ်းခေါ်သွားတာ သိအောင် လက်နှစ်ဖက်ကို မြှောက်ပြီး လိုက်သွားပါတယ်။ သူတို့က ကျွန်တော့်ကို အင်းစိန်ထောင်ကို တိုက်ရိုက်ခေါ်သွားပါတယ်။ ကျွန်တော့်ကို ဘာကြောင့် ဖမ်းသလဲ၊ ဘာအမှုနဲ့ စွဲချက်တင်ထားသလဲ ဆိုတာလဲ အဲဒီအချိန်မှာ မသိရသေးပါဘူး။ အဲဒီနောက် ကျွန်တော့်ကို သုံးရက်လောက် စစ်ဆေးမေးမြန်းပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီး မေးပါတယ်။ ကျွန်တော်က သူတို့မေးသမျှ ဘာမှ မဖြေသေးဘဲ သံရုံးနဲ့ ဆက်သွယ်ပေးဖို့နဲ့ ရှေ့နေခေါ်ပေးဖို့ပဲ ပြောပါတယ်။
သူတို့ ရှာတွေ့ထားတဲ့ ကျွန်တော် ရိုက်ထားတဲ့ ဗွီဒီယိုဖိုင်တွေကို ပြန်ပြပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီ ၁ရက် နောက်ပိုင်း ရိုက်ကူးထားတဲ့ ဗွီဒီယို ဖိုင် တစ်ခုမှ သူတို့ မတွေ့ပါဘူး။ ကျွန်တော့် ကွန်ပျူတာက password ထည့်ထားတဲ့အတွက် သူတို့ ဝင်လို့ မရခဲ့ပါဘူး။ ကျွန်တော်ကလည်း သူတို့ကို ကွန်ပျူတာ password မပေးပါဘူး။ သူတို့မှာ ကွန်ပျူတာကို password ကို ကျော်ပြီး ဝင်ကြည့်လို့ရမယ့် နည်းပညာ မရှိဘူးလို့ ထင်ပါတယ်။
ကျွန်တော့်ကို စုံစမ်းစစ်ဆေးတဲ့နေရာမှာ စကားပြန် လုပ်ပေးတဲ့သူတွေကလဲ အကျဉ်းသားတွေပါပဲ။ ပထမ က ဂျပန်စကား နည်းနည်း တတ်တဲ့ အကျဉ်းသားတစ်ဦးကို ခေါ်ပြီး စကားပြန်ခိုင်းပါတယ်။ သူ့ရဲ့ ဂျပန် စကားပြောက မကျွမ်းကျင်တဲ့အတွက် ပြောဆိုရတာ တော်တော်ခက်ပါတယ်။ နောက်တော့ အင်္ဂလိပ်လို ကောင်းကောင်းပြောနိုင်တဲ့ အကျဉ်းသားတစ်ယောက်နဲ့ လဲလိုက်တော့ အဆင်ပြေသွားပါတယ်။
တစ်ကြိမ်မှာ မြန်မာလူမျိုး မိတ်ဆွေ တစ်ယောက်က ကျွန်တော့်ဆီကို ဗွီဒီယိုဖိုင် တစ်ခုပေးပို့ထားပြီး၊ ကျွန်တော်က သူ့ဆီကို ဒေါ်လာ ၂၀၀၀ ပြန်ပို့ပေးခဲ့တာ သိထားတယ်လို့ သူတို့က ပြောလာပါတယ်။ အဲဒါကတော့ လုံး၀ မမှန်ပါဘူး။ ဒါကြောင့် မဟုတ်တဲ့အကြောင်း သူတို့ကို ပြန်ပြောလိုက်ပါတယ်။ အရာရှိတစ်ယောက်က ကျွန်တော်ဖြေတဲ့ အဖြေတွေကို ဘေးမှာ လက်ပ်တော့ ကွန်ပျူတာနဲ့ ရေးမှတ်နေပါတယ်။ ရေးမှတ်နေတဲ့ သူက ကျွန်တော် ဖြေတဲ့အတိုင်း မရေးတဲ့အကြောင်း စကားပြန် လုပ်တဲ့ သူက ကျွန်တော့်ကို ပြန်ပြောပါတယ်။ ဒါကြောင့် ကျွန်တော် ဘယ်တုန်းကမှ ဗွီဒီယိုဖိုင်ကို ငွေပေးမဝယ်ခဲ့ဘူးလို့ ပြောပြီး ပြန်ပြင်ရေးပေးဖို့ ပြောလိုက်ပါတယ်။ အဲဒီအခါမှာ စစ်ဆေးနေတဲ့ အရာရှိက ခင်ဗျား ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ ပြောပါတယ်။ အဲဒီ အရာရှိက ပြင်မရေးပေးပါဘူး။ နောက်ပြီး သူတို့ ရေးထားတဲ့ ကျွန်တော့ရဲ့ ဝန်ခံထွက်ဆိုချက်ကို လက်မှတ်ထိုးခိုင်းပါတယ်။ ကျွန်တော်က နာမည်နဲ့ ပတ်စပို့ နံပါတ်လို အချက်အလက်တွေကလွဲရင် ကျန်တဲ့ ထွက်ဆိုချက် အားလုံးကို လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့ပါတယ်။
RFA - အာဏာပိုင်တွေက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဘယ်လို နှိပ်စက်ညှဉ်းပန်းပြီး စစ်ဆေးတာ ကြားသိခဲ့ရသလဲ။
■ တစ်ကြိမ်မှာ ကျွန်တော့်ကို စစ်ဆေးတဲ့ အရာရှိက ဒေါသထွက်ပြီး စားပွဲကို လက်သီးနဲ့ ထုပြီး ပြောပါတယ်။ ခင်ဗျားတို့ နိုင်ငံခြားသားတွေ လုပ်ချင်သလို လုပ်လို့ မရဘူး။ ထောင်ချပစ်လိုက်လို့ရတယ် လို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို နှိပ်စက်ညှဉ်းပန်းတာမျိုး မရှိပါဘူး။ ဒါက ကျွန်တော် ဂျပန်နိုင်ငံသား ဖြစ်နေလို့ပါ။ အင်းစိန် ထောင်ထဲမှာ ကျွန်တော် တွေ့ခဲ့ဆဲ့ မြန်မာနိုင်ငံသား နိုင်ငံရေး အကျဉ်းသားတွေကတော့ သူတို့ကို အင်းစိန်ထောင်မပို့ခင် စစ်ကြောရေးစခန်းမှာ ရိုက်နှက်ပြီး စစ်ဆေးတာ ခံခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီ စစ်ကြောရေး စခန်းတွေက ရွှေပြည်သာနဲ့ ကိုးမိုင်က စစ်တပ်ထဲမှာ ရှိတယ်လို့ သိရပါတယ်။
အင်းစိန်ထောင်ထဲမှာ ကျွန်တော့်ကို တစ်ဦးတည်း အကျဉ်းခန်းတစ်ခုထဲမှာထားပါတယ်။ အချို့အချိန်တွေမှာ အခန်းအပြင်ထွက်ခွင့် ပေးပါတယ်။ ကျွန်တော် ဂျပန် လူမျိုး သတင်းထောက်မှန်း သိသွားတော့ နိုင်ငံရေးအကျဉ်းသား အချို့က လာနှုတ်ဆက်ပြီး စကားပြောပါတယ်။ သူတို့ ညှဉ်းပန်း နှိပ်စက်ခံရတဲ့အကြောင်း တွေကို ပြောပြပါတယ်။ သူတို့အကြောင်းကို အားလုံး သိအောင် ပြောပေးပါလို့ ပြောပါတယ်။ အကျဉ်းသားထဲက တစ်ယောက်ကတော့ သူလဲ သတင်းသမားပဲလို့ ပြောပါတယ်။ သူတို့ဟာ သူတို့ ကြုံခဲ့တဲ့ အဖြစ်အပျက်တွေကို ပြင်ပကမ္ဘာက သိအောင်ပြောပေးဖို့ ဆန္ဒပြင်းပြနေကြတာ တွေ့ရပါတယ်။ သူတို့ အနေနဲ့ ပြန်လွတ်ရင်တောင် စစ်အစိုးရ အုပ်ချုပ်နေသရွေ့သူတို့ အတွေ့အကြုံတွေကို အများသိအောင် လွတ်လွတ်လပ်လပ် ပြန်ပြောလို့ ရမှာ မဟုတ်တဲ့အတွက် ကျွန်တော်ကနေ အားလုံးသိအောင် ပြောပေးဖို့ လိုလားနေကြပါတယ်။။
အင်းစိန်ထောင်ထဲမှာ တွေ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြောပြတာတော့ သူတို့ကို လက်ပြန်ကြိုးတုပ်၊ မျက်နှာကို အဝတ်စည်းထာပြီး၊ သံမံတလင်းမှာ ဒူးထောက်ထိုင်ခိုင်းထားတယ်။ အဲဒီလို ပုံစံနဲ့ အကြာကြီး နေခိုင်းထားပြီး မေးခွန်းတွေ မေးတယ်လို့ ပြောပါတယ်။ အကျဉ်းသားတွေကို အဲဒီလို ပုံစံနဲ့ ၄၈ နာရီလောက်အထိ နေခိုင်းတယ်။ အစာလည်း မကျွေးဘူး ရေလဲ မတိုက်ဘဲထားတယ်လို့ ပြောပါတယ်။ အကျဉ်းသားတွေ ဖြေတဲ့ အဖြေကို မကြိုက်ရင်လည်း တုတ်နဲ့ ရိုက်နှက်တယ်လို့ ပြောပါတယ်။ စစ်ဆေးတဲ့ စစ်တပ်က အရာရှိတွေက အကျဉ်းသားတွေကို အသက်သေအောင်လုပ်တာ မဟုတ်ပေမယ့်၊ စစ်ဆေးရင်း သေသွားရင် သူတို့ ဂရုစိုက်မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ညှင်းပန်း နှိပ်စက်တာတွေကို ကျွန်တော်ကိုယ်တိုင်တော့ မမြင်တွေ့ခဲ့ပါဘူး။ အကျဉ်းသားတွေ ပြန်ပြောတာကနေ သိတာပါ။ အချို့အကျဉ်းသားတွေကို စစ်ဆေးနေတုန်း းမှာ ဒူးခေါင်းတို့ ရင်ဘတ်တို့ကို စီးကရက်မီးနဲ့ တို့ထားတဲ့ ဒဏ်ရာတွေတော့ မြင်ခဲ့ရပါတယ်။
RFA - ခင်ဗျား ပြန်လည် လွတ်မြောက်ဖို့အတွက် ဂျပန်သံရုံးက ဘယ်လို ညှိနှိုင်းခဲ့ရသလဲ။
■ ဘယ်လို ညှိနှိုင်းခဲ့ရသလဲတော့ တိတိကျကျ မသိပါဘူး။ ကျွန်တော် အဖမ်းခံရပြီး ၆ရက်မြောက် နေ့မှာ တစ်ကြိမ်၊ နှစ်ပတ်အကြာမှာ တစ်ကြိမ် သံရုံးက အင်းစိန်ထောင်ကို လာပါတယ်။ ဂျပန်သံအမတ်ကြီး ကိုယ်တိုင် အင်းစိန်ထောင်ကို လာတော့ ကျွန်တော်နဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ ဖုန်းကတဆင့် ပြောရတာပါ။ ဂျပန်အစိုးရက ကျွန်တော် လွတ်မြောက်ဖို့အတွက် အကောင်းဆုံး ကြိုးစားနေတယ်လို့ပြောပါတယ်။ အာဏာပိုင်တွေ နဲ့ စေ့စပ်ညှိနှိုင်းဖို့ နေပြည်တော်ကိုလည်း သွားနေတယ်လို့ ပြောပါတယ်။ မေလ ၁၃ရက်နေ့ ညမှာ ထောင်အရာရှိတစ်ယောက် လာပြောပါတယ်။ မနက်ဖြန် တိုကျိုကို ပြန်ရမယ်။ ပစ္စည်းတွေ အမြန်သိမ်းပါလို့ ပြောပါတယ်။ ကျွန်တော် သိကျွမ်းခဲ့တဲ့ အကျဉ်းသားတွေကိုလည်း လိုက်နှတ်ဆက်လိုက်ပါတယ်။ ကျွန်တော် ပြန်လွတ်လာတော့ ကွန်ပျူတာနဲ့ သိမ်းထားတဲ့ ပစ္စည်းအားလုံးကို ပြန်ပေးပါတယ်။ ကွန်ပျူတာထဲက ဒေတာတွေ အားလုံး ဘာမှ အရာမယွင်းပဲ ရှိနေတာ တွေ့ရလို့ တော်တော် ကံကောင်းပါတယ်။
RFA - ခင်ဗျားကို ဖမ်းဆီးတဲ့ ရည်ရွယ်ချက် အမှန်က ဘာကြောင့်လို့ ထင်ပါသလဲ။
■ ကျွန်တော် ပထမအကြိမ် အဖမ်းခံရတုန်းက မြေနီကုန်း ဆန္ဒပြပွဲကို အာဏာပိုင်တွေက ဖြိုခွင်းနေတာကို သတင်းယူနေတုန်း အဖမ်းခံခဲ့ရတာပါ။ အဲဒီတုန်းက သူတို့ ကျွန်တော် ဘယ်သူဘယ်ဝါမှန်း မသိပါဘူး။ ဒုတိယအကြိမ်မှာတော့ ကျွန်တော့်အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတဲ့အတွက် ကျွန်တော့်ကို ပစ်မှတ်ထားပြီး လာဖမ်းတာ သေချာပါတယ်။ ခုအချိန်မှာ ပြည်တွင်းမီဒီယာတော်တော်များများက ရပ်ဆိုင်းနေပါတယ်။ အာဏာပိုင်တွေက ပြည်တွင်း မီဒီယာရုံးခန်းအချို့ကို ဝင်ရောက် စီးနင်းပြီး ရှာဖွေခဲ့ပါတယ်။ သတင်းသမား တော်တော်များများလည်း အဖမ်းခံခဲ့ရပါတယ်။ ဒါပေမယ့် နိုင်ငံခြား သတင်းဌာနတွေကတော့ ဆက်အလုပ်လုပ်နေဆဲ ဖြစ်ပါတယ်။ ကျွန်တော် ပထမအကြိမ် အဖမ်းခံရတုန်းက ကျွန်တော့်ကို အာဏာပိုင် တော်တော်များများ က သတိထားမိသွားပါတယ်။ ကျွန်တော်ကလည်း ပထမအကြိမ် ပြန်လွတ်ပြီးတဲ့နောက် သတင်းလိုက်တာတွေ ဆက်လုပ်နေခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံပိုင်သတင်းစာထဲမှာ သတင်းမှားတွေ ဖြန့်ချိတယ်ဆိုပြီး ကျွန်တော့်အကြောင်း ပါလာပါတယ်။ အဓိက ကတော့ စစ်အစိုးရက နိုင်ငံခြားသတင်းထောက်တွေကို ခြိမ်းခြောက်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖမ်းဆီးခဲ့တာလို့ ထင်ပါတယ်။
RFA - မြန်မာပြည်သူတွေ နဲ့ အင်းစိန်ထောင်ထဲမှာ ကျန်ခဲ့တဲ့ အကျဉ်းသားတွေကိုရော ဘာပြောချင်ပါသလဲ။
■ ကျွန်တော် အင်းစိန်ထောင်ထဲမှာရော၊ ရန်ကုန်မှာကော မျှော်လင့်ချက်မဲ့နေတဲ့ အချိန်တွေမှာ မြန်မာပြည်သူတွေက ကျွန်တော့်ကို အားပေး ကူညီကြပါတယ်။ အထဲမှာ တွေ့ခဲ့တဲ့သူတွေ ဘယ်သူဘယ်ဝါဆိုတာကိုတော့ ပြောပြလို့ မရပေမယ့် ကျွန်တော် သိခဲ့ရတဲ့ အကြောင်းအရာတွေကို ခဲရာခဲဆစ်ကြိုးစားပြီး မှတ်တမ်းတင်ထားတဲ့အကြောင်း ပြောချင်ပါတယ်။ ထောင်ထဲမှာ ဘောပင်သုံးဖို့ ခွင့်မပြုပါဘူး။ ဒါကြောင့် ကျွန်တော်လည်း ကော်ဖီမစ်အရည်ကို မှင်အဖြစ်သုံးပြီး၊ ခိုအတောင်နဲ့ စာရေးလို့ရအောင် လေ့ကျင့်ပြီး ရေးမှတ်ထားခဲ့ပါတယ်။ မြန်မာပြည်သူတွေဟာ ရဲစွမ်းသတ္တိလည်း ရှိကြပါတယ်။ အခု မြန်မာနိုင်ငံက အဖြစ်အပျက်တွေကို ကမ္ဘာကြီးက စောင့်ကြည့်နေပါတယ်။ မြန်မာလူမျိုးတွေဟာ အားလုံးအတွက် မျှော်လင့်ချက်ပဲလို့ ပြောချင်ပါတယ်။