အချိန်မနှောင်းခင် မြန်မာစစ်တပ်အာဏာစွန့်ဖို့ တီမောသမ္မတပြောကြား

မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေမှာ အတော်လေးအရေးနိမ့်နေပြီး အချိန်နောက်မကျသေးခင် အာဏာစွန့်ဖို့လိုတယ်လို့ အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့စ် ဟိုတာက RFA နဲ့ သီးသန့်မေးမြန်းချိန်မှာ ပြောဆိုလိုက်ပါတယ်။

မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေမှာ အတော်လေးအရေးနိမ့်နေပြီး၊ တော်လှန်ရေး တပ်ဖွဲ့တွေဘက်က အနိုင်ရနေတယ်လို့ အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့စ် ဟိုတာက RFA နဲ့ သီးသန့်မေးမြန်းချိန်မှာ ပြောဆိုလိုက်ပါတယ်။ စစ်တပ်အနေနဲ့ ဒီပွဲမှာ မနိုင်တော့ဘူးဆိုတာကို လက်ခံဖို့ လိုပြီး၊ အချိန်နောက်မကျသေးခင် အာဏာစွန့်ဖို့လိုတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ အရှေ့တီမောသမ္မတကို RFA သတင်းထောက် စောဖိုးခွား သီးသန့်မေးမြန်းထားပါတယ်။

_______

RFA - သမ္မတဟိုးဆေးရာမို့စ်ဟော်တာ RFA ကို အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သမ္မတ - ကျေးဇူးတင်ပါတယ်။

RFA - ပထမဆုံးအနေနဲ့ ပြီးခဲ့တဲ့သီတင်းပတ်ကမှ ပြန်လာခဲ့တဲ့ သမ္မတကြီးရဲ့ လာအိုအပါအဝင် အနောက်နိုင်ငံတွေရဲ့ ခရီးစဉ်အကြောင်း ကျွန်တော်မေးချင်ပါတယ်ခင်ဗျာ။ လာအိုဟာဆိုရင် လက်ရှိအာဆီယံဥက္ကဋ္ဌတာဝန်ယူထားတဲ့နိုင်ငံလည်း ဖြစ်တဲ့အခါကြတော့ မြန်မာ့အရေး ဘာတွေများဆွေးနွေးဖြစ်ခဲ့လဲခင်ဗျာ့။

သမ္မတ - ကမ္ဘာတစ်ဝန်းက ခေါင်းဆောင်အကြီးအကဲတွေနဲ့ ကျွန်တော် တွေ့ဆုံဆွေးနွေးတဲ့အခါတိုင်း မြန်မာနိုင်ငံအရေးဟာ မပါမဖြစ် ပါပဲ။ အခုတစ်ခေါက်... ရောမမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့တွေ့တော့လည်း မြန်မာ့အရေး ဆွေးနွေးခဲ့ပါတယ်။ ပြင်သစ်ရောက်တော့လည်း သမ္မတ မက်ခရွန်းနဲ့ ဆွေးနွေးခဲ့သလို၊ လန်ဒန်မှာလည်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကန်မရွန်းနဲ့ ဆွေးနွေးခဲ့ပါတယ်။ လာအိုမှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နဲ့လည်း ဆွေးနွေးခဲ့ပါတယ်။ ဘာတွေဆွေးနွေးလဲဆိုတာ အကုန်လုံး ထုတ်မပြောနိုင်ပေမဲ့ အထူးကိုယ်စားလှယ်အနေနဲ့ သူတွေ့သင့်တွေ့ထိုက်တဲ့သူအားလုံးနဲ့ တွေ့ဆုံဖို့ဆန္ဒရှိနေပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ရော တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ရော မြန်မာစစ်တပ်နဲ့ပါ တွေ့ဆုံဖို့ ဆန္ဒရှိပါတယ်။

RFA - ဆိုတော့ ပြင်သစ်သမ္မတတို့၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဒေးဗစ်ကန်မရွန်းတို့နဲ့ တွေ့ဆုံချိန်မှာရော ဘာတွေဆွေးနွေးခဲ့ကြလဲ ပြောလို့ရသလောက် ပြောပြနိုင်မလားခင်ဗျာ့။

သမ္မတ - အသေးစိတ်ကိုတော့ ပြောပြလို့မရပါဘူး။ မြန်မာ့အရေး ဘယ်လိုဖြေရှင်းသင့်တယ်ဆိုတဲ့ ကျွန်တော့်ရဲ့ ထင်မြင်ယူဆချက်တွေကိုပြောခဲ့ပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် အာဆီယံခေါင်းဆောင်တွေကြားမှာ သဘောတူထားတဲ့ မြန်မာ့အရေးဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ပေါ်အောင် လုပ်ဖို့လိုတယ်ဆိုတာ ဆွေးနွေးခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အဲဒီဘုံသဘောတူညီချက်တွေကို သူကိုယ်တိုင် သဘောတူခဲ့တာပါ။ ဒါပေမဲ့ သူကိုယ်တိုင် အာဆီယံခေါင်းဆောင်တွေကို ပေးခဲ့တဲ့ကတိကို ဖျက်ပြီး၊ ဘုံသဘောတူညီချက်တွေအတိုင်း လိုက်နာ‌ဆောင်ရွက်မယ့်အစား  ကိုယ့်အရပ်သားပြည်သူတွေအပေါ် စစ်ကြေညာခဲ့တာပါ။

RFA -အဲဒီအာဆီယံ ဘုံသဘောတူညီချက် ငါးချက်ဟာ ချထားတာလည်း သုံးနှစ်လောက်ရှိပါပြီ။ ဒါပေမဲ့ အခုထိ ဘယ်တစ်ချက်မှ အကောင်အထည်ပေါ်လာတာမရှိသေးပါဘူး။ မြန်မာ့အရေးကို ဖြေရှင်းဖို့ ဘယ်နည်းလမ်းက လက်တွေ့ကြမယ်လို့ သမ္မတကြီးထင်မြင်ယူဆပါသလဲ။

သမ္မတ - အာဆီယံ ဘုံသဘောတူညီချက်တွေကို တပ်မတော်က လိုက်နာဖို့ ပျက်ကွက်နေတာပါ။ အဲဒီထဲမှာပါတဲ့ တွေ့ဆုံညှိနှိုင်းရေးဆိုတာကလည်း ဖြစ်မလာသေးပါဘူး။ ဘာကိုဆွေးနွေးကြမလဲ ဆိုတာကလည်း မေးစရာဖြစ်သလို၊ အဲဒီလို တွေ့ဆုံဖို့ဆို ရည်ရွယ်ချက်နဲ့ လမ်းပြမြေပုံတစ်ခုရှိရပါမယ်။ တပ်မတော်အနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့လိုပါတယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ် ဘယ်လိုပြန်သွားမလဲဆိုရင် ရွေးကောက်ပွဲရလဒ်ကို လက်ခံရပါမယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ဖို့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာ ချမှတ်ထားတဲ့ မတရားစွပ်စွဲချက်တွေကို ပယ်ဖျက်ပေးရပါမယ်။ သူ့အနေနဲ့ မဟုတ်မမှန်တာကို ဘာမှလုပ်ထားတာမရှိပါဘူး။ မြန်မာ့တပ်မတော်အနေနဲ့ ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် သတ္တိရှိရှိရင်ဆိုင်ဖို့ လိုပါတယ်။ ဒီလိုရင်ဆိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရယ်၊ တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တွေ အားလုံးရယ်နဲ့ ပူးပေါင်းပြီး မြန်မာ့ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် လမ်းပြမြေပုံတစ်ခုဆွဲဖို့ လိုပါတယ်။

Photo: Presidência da República Democrática de Timor-Leste/ Facebook

RFA - ဒီနှစ်မှာတော့ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို လာအိုနိုင်ငံက ယူထားပါတယ်။ ပြီးခဲ့တဲ့နှစ်တွေ ဥက္ကဋ္ဌအဆက်ဆက်ကတောင် ဘာမှမလုပ်နိုင်ခဲ့တဲ့ မြန်မာ့အရေးကို လာအိုလိုနိုင်ငံငယ်လေးကရော ဘယ်လောက်လုပ်နိုင်မယ်လို့ သမ္မတကြီးယူဆပါသလဲ။

သမ္မတ - အာဆီယံအထူးကိုယ်စားလှယ်အတွက် အချိန်တစ်နှစ်ဆိုတာက တိုတောင်းလွန်းပါတယ်။ ဒါပေမဲ့ အခု အာဆီယံအလှည့်ကျတဲ့ လာအိုနိုင်ငံဟာ ဘက်မလိုက်ဘူး၊ ငြိမ်းချမ်းတဲ့ တိုင်းပြည်လို့ လူသိများတဲ့နိုင်ငံပါ။ လာအိုဟာ မြန်မာအပေါ် ဩဇာလွမ်းမိုးတာ၊ အကျိုးအမြတ် ကြီးကြီးမားမားရှိတဲ့နိုင်ငံ မဟုတ်ပါဘူး။ ဆိုတော့ ဒီအချိန်ကတော့ တွေ့ဆုံဆွေးနွေးရေးစလို့ ကောင်းမယ့်အချိန်ပဲလို့ ကျွန်တော်ယုံကြည်တယ်။ ဒါပေမဲ့ ဒီလောက်ရှုပ်ထွေးတဲ့ကိစ္စကို ကိုင်တွယ်ဖို့ တစ်နှစ်ဆိုတာကတော့ အရမ်းနည်းလွန်းပါတယ်။ ဒါကြောင့် မြန်မာပြဿနာ ဖြေရှင်းနိုင်တဲ့အထိ လက်ရှိ အထူးကိုယ်စားလှယ် သက်တမ်းကို အာဆီယံခေါင်းဆောင်တွေက တိုးကောင်းတိုးပါလိမ့်မယ်။

RFA - အားလုံးသိကြတဲ့အတိုင်း သမ္မတကြီးတို့ အရှေ့တီမောနိုင်ငံထိပ်တန်းသံတမန်တချို့  ပြီးခဲ့တဲ့နှစ်ထဲမှာ မြန်မာစစ်တပ်ရဲ့ နှင်ထုတ်တာခံခဲ့ရပါတယ်။ ဆိုတော့ လက်ရှိရော စစ်တပ်နဲ့ အဆက်အဆံရှိကြသေးလား။

သမ္မတ - တရားဝင် ဒီမိုကရေစီအစိုးရ မဟုတ်တဲ့ စစ်အာဏာရှင်အစိုးရတစ်ရပ်က ကျွန်တော်တို့ သံတမန်တွေကို နှင်ထုတ်လိုက်တာဟာ ... ဒီမိုကရေစီရေး လူ့အခွင့်အရေး၊ တရားမျှတရေးတွေအတွက် အမှန်တရားလုပ်နေတာကို ဂုဏ်ပြုတံဆိပ်ကပ်ပေးလိုက်တယ်လို့တောင် ယူဆမိပါတယ်။ ကျွန်တော်တို့ကတော့ လူတိုင်းနဲ့တွေ့မှာပါပဲ၊ တပ်မတော်အနေနဲ့ မျက်နှာချင်းဆိုင်တွေ့ချင်တယ်လို့ ပြောလာရင်လည်း ကျွန်တော်တို့ကတွေ့ဖို့ဝန်မလေးပါဘူး တွေ့မှာပါပဲ။ ဒီလိုပဲ NUG အစိုးရနဲ့လည်း ကျွန်တော်တို့တွေ့ပါတယ်။တိုင်းရင်းသားအဖွဲ့တွေအပါအဝင် ကျွန်တော်တို့နဲ့ ထိတွေ့ဆက်ဆံလိုတဲ့ မြန်မာနိုင်ငံက ဘယ်သူ့ကိုမဆို လမ်းဖွင့်ထားပါတယ်။ တီမောလက်စတေအနေနဲ့ ဒေသတွင်းနဲ့ တစ်ကမ္ဘာလုံးမှာ ငြိမ်းချမ်းရေးမြှင့်တင်မယ်ဆိုတဲ့ ရပ်တည်ချက်က မပြောင်းလဲဘဲ တစ်သတ်မတ်တည်းရှိနေပါတယ်။

RFA - အရှေ့တီမောနိုင်ငံဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့လည်း အင်မတန်ကိုမှ နီးကပ်တဲ့ဆက်ဆံရေးရှိတာတွေ့ရပါတယ်။ အရှေ့တီမောမှာ NUG ရဲ့ ရုံးခန်းလာဖွင့်မယ်ဆိုရင်ရော ခွင့်ပြုမယ့်အစီအစဉ် ရှိပါသလား။

သမ္မတ - သိပ်ဖွင့်ခွင့်ပေးတာပေါ့ဗျာ။ ကျွန်တော်တို့ အရှေ့တီမောဆိုတာက လွတ်လွပ်တဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုပါ။ NUG အစိုးရဟာလည်း တရားဝင် ငြိမ်းချမ်းတဲ့ ဒီမိုကရေစီအဖွဲ့အစည်းတစ်ခုပါ။ ဘာကြောင့် ကျွန်တော်တို့က ရုံးဖွင့်ခွင့်မပေးရမှာလဲ။ NUG အစိုးရကသာ လာပြီးရုံးခန်းဖွင့်ချင်တယ်ဆိုရင် ကျွန်တော်တို့က ဖွင့်ခွင့်ပေးပြီးသားပါ။ ဒါတင်ဘယ်ကမလဲ မြန်မာနိုင်ငံက ပြည်သူတွေလာချင်တယ်ဆိုရင်လည်း ကျွန်တော်တို့က ကြိုဆိုပြီးသားပါ။ မြန်မာပြည်က ဘဏ်လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ၊ စိုက်ပျိုးရေး နည်းပညာ အတတ်ပညာရှင်တွေ လာမယ်ဆိုရင်လည်း ကျွန်တော်တို့ ကြိုဆိုပါတယ်။ မြန်မာပြည်မှာ မငြိမ်းချမ်းသေးလို့ တီမောမှာခဏလာနေပြီး အလုပ်လုပ်ချင်တယ်ဆိုရင်လည်း နွေးနွေးထွေးထွေးကြိုဆိုပါတယ်။  

RFA - မြန်မာပြည်သူတွေကို အခုလိုကြိုဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မြန်မာပြည်က စစ်ရေးအခြေအနေတွေလည်း မေးချင်ပါသေးတယ်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကစခဲ့တဲ့ ၁ဝ၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီအရမ်းရှုံးနိမ့်နေတယ်လို့ဆိုကြတယ်။ သမ္မတကြီးရော ဘယ်လိုအမြင်ရှိပါသလဲ။

သမ္မတ - ဒီတိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ်အဖွဲ့တွေရဲ့ လတ်တလော အောင်မြင်နေတာတွေကိုကြည့်ရင် စစ်အာဏာရှင်ကိုဘယ်လောက်ထိထိရောက်ရောက် ပြန်လည်ခုခံတိုက်ခိုက်နေလဲဆိုတာကို ပြသနေပါတယ်။ စစ်တပ်ထိပ်တန်းအရာရှိတွေအပါအဝင် ထောင်ပေါင်းများစွာသော စစ်သားတွေ လက်နက်ချလာကြတာကိုကြည့်ရင်လည်း တပ်မတော်ဟာ ဒီပွဲမှာ မနိုင်တော့ဘူးဆိုတာကို ပြနေပါတယ်။ ဒီနေ့ မြန်မာပြည်သူတွေ ခုခံတွန်းလှန်နေကြတာဟာ လွန်ခဲ့တဲ့နှစ်သုံးဆယ်လောက်ကနဲ့ လုံးဝမတူတော့ပါဘူး။ အခုတစ်ခေါက်က တိုင်းရင်းသားလူမျိုးစုတွေပဲမဟုတ်တော့ဘဲ မြန်မာပြည်သူတစ်ရပ်လုံးက စစ်အာဏာရှင်ကို ဆန့်ကျင်နေကြတာပါ။ ခုခံတော်လှန်နည်းတွေကလည်း ပိုမဟာဗျူဟာမြောက်လာရုံတင်မက ပြည်တွင်းရော ပြည်ပမှာနေကြတဲ့သူတွေကလည်း ပိုပြီးအထောက်အပံ့ပေးလာကြပါတယ်။ ဒါကြောင့်သေချာတာတစ်ခုက တပ်မတော်အနေနဲ့ ဒီပွဲမှာ မနိုင်နိုင်တော့ဘူးဆိုတာကို လက်ခံဖို့လိုပါမယ်။ ဒီလိုထပ်စစ်ဆင်နွဲနေရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးပဲ ပိုပိုအထိနာလာမယ်ဆိုတာ သဘောပေါက်ဖို့ လိုပါတယ်။

တချိန်တည်းမှာပဲ NUG အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ တပ်မတော်ကို ဆန့်ကျင်နေကြတဲ့အဖွဲ့တွေ အားလုံးဟာလည်း ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးအတွက် စည်းစည်းလုံးလုံးနဲ့ တကူတကွလက်တွဲထားဖို့ မျှော်လင့်ပါတယ်။ လက်ရှိစစ်ပွဲအဆုံးသတ်နိုင်ရေး အားလုံးသဘောတူညီတဲ့ လမ်းပြမြေပုံတစ်ခု ပေါ်ထွက်လာနိုင်ဖို့ အာဆီယံကချမှတ်ထားတဲ့ ဘောင်အတွင်းကနေ အထူးကိုယ်စားလှယ်နဲ့ လက်တွဲပြီးလုပ်ဖို့ လိုပါတယ်။  တပ်မတော်အနေနဲ့လည်း ပြည်သူတွေရဲ့ ရန်သူမဖြစ်သင့်ပါဘူး။ တပ်မတော်က ငါတို့ဟာ ပြည်သူလူထုအတွက် ရန်သူမဟုတ်တော့ဘူးဆိုတာကို ပြသဖို့လိုပါတယ်။

Photo: AFP

RFA - ဒါဆိုသမ္မတကြီးရဲ့ အမြင်အရ အခုလက်ရှိ စစ်တပ်ကနိုင်နေလား၊ တော်လှန်ရေးအဖွဲ့တွေဘက်ကနိုင်နေလား။

သမ္မတ - စစ်ကောင်စီကိုဆန့်ကျင်တော်လှန်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေ၊ အတိုက်အခံတွေဘက်က ဒီတိုက်ပွဲမှာ အောင်နိုင်နေတယ်ဆိုတာ အသေအချာပါပဲ။ ဒါပေမဲ့ စစ်ရေးအရ အပြီးအပြတ်ခြေမှုန်းနိုင်ပြီလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ နိုင်ငံရေးအရ သံတမန်ရေးအရ အနိုင်ရနေတာပါ။ စစ်အာဏာရှင်အလုံးစုံချုပ်ငြိမ်းသွားဖို့ဆိုတာကတော့ အချိန်တစ်ခုလိုပါသေးတယ်။ အဆိုးဆုံးအခြေအနေထိမရောက်အောင် ပဋိပက္ခတွေတိုးမလာအောင် တားဆီးဖို့ နှစ်ဘက်လုံးကို ကျွန်တော်တို့ တိုက်တွန်းရပါမယ်။ အထူးသဖြင့် မြန်မာစစ်တပ်ဟာ NUG အစိုးရ၊ မြောက်ပိုင်းမဟာမိတ်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေ အားလုံးနဲ့ အပစ်အခတ်ရပ်စဲဖို့ လုပ်ရပါမယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပြီး၊ တိုင်းပြည်ထဲကို လူသားချင်းစာနာမှုအကူအညီတွေဝင်ခွင့်ပေးရပါမယ်။ ဒီနေရာမှာ ရိုဟင်ဂျာတွေကိုလည်းပစ်ထားလို့မရပါဘူး။ သူတို့ဟာလည်း မြန်မာနိုင်ငံသားတွေပါ။ သူတို့တွေကို နေရပ်ပြန်ခေါ်ဖို့လိုပါတယ်။ တခြားတိုင်းရင်းသားတွေနဲ့အတူ မြန်မာပြည်သစ်ကို အတူတကွသွားဖို့လိုပါတယ်။

RFA - သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မိတ်ဆွေကောင်းတွေလည်းဖြစ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာဆိုရင် အာဏာသိမ်းကတည်းက အဖမ်းခံထားရပြီး ပြင်ပကမ္ဘာနဲ့လည်း ဖြတ်တောက်ခံထားရတော့ ကျွန်တော်ထင်ပါတယ်။ ဒီမေးမြန်းချက်ကိုတော့ ကြားနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သမ္မတကြီးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘာများပြောချင်ပါသလဲ။

သမ္မတ - မြန်မာပြည်သူလူထုရဲ့ မျှော်လင့်ချက်ကို ကိုယ်စားပြုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကျွန်တော်အရမ်းလေးစားပါတယ်။ အခုအချိန်မှာ သူပြန်လွတ်မြောက်ရေး ဘာမှအများကြီး လုပ်မပေးနိုင်လို့လည်း တောင်းပန်ချင်ပါတယ်။ ဒါပေမဲ့ သမိုင်းကိုပြန်ကြည့်လိုက်ရင် ခေါင်းဆောင်တွေဟာ ပေးဆပ်ခဲ့ရတာချည်းပါပဲ။ သူ့ရဲ့ပေးဆပ်မှုဟာလည်း မြန်မာပြည်ရဲ့ အနာဂတ်ကောင်းစားရေးအတွက်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူတွေရဲ့ ပြယုဂ်ပါ။ စစ်တပ်ခေါင်းဆောင်တွေကိုလည်း လက်နက်ချကြဖို့ ကျွန်တော်မေတ္တာရပ်ခံချင်ပါတယ်။

RFA - အဲဒါကျွန်တော် နောက်ထက်မေးမဲ့ မေးခွန်းပါ။ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုရော ဘာပြောချင်ပါသလဲ။

သမ္မတ -  ကိုယ့်တိုင်းပြည်အတွက် ကိုယ်ပြန်စဉ်းစားပေးကြပါ။ ဒုက္ခတွေခံနေရတဲ့ ကိုယ့်ပြည်သူတွေကိုယ် ပြန်ကြည့်ပေးပါလို့ပြောချင်ပါတယ်။ ဒီအချိန်ဟာ လက်နက်ချဖို့အချိန်တန်ပါပြီ။ နောက်ထပ်လူတွေကို ထပ်မသတ်ပါနဲ့တော့။ ရှေ့မှာလုပ်ခဲ့တဲ့ အမှားတွေကို သင်ခန်းစာယူပြီး အခုအချိန်မှာ အတူတကွ ပူးပေါင်းလုပ်ဖို့လိုနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်၊ တိုင်းရင်းသားအဖွဲ့တွေပါတဲ့ ဆွေးနွေးပွဲတစ်ရပ်ကို အမြန်လုပ်ဖို့ လိုပါတယ်။ စစ်တပ်တစ်ခုလုံး လုံးဝပြိုကွဲတဲ့အချိန်မရောက်ခင်၊ အချိန်နောက်မကျသေးခင် အခုအချိန်မှာ အမြန်လုပ်ဖို့လိုပါတယ်။

RFA - မြန်မာပြည်သူတွေဟာ နိုင်ငံတကာရဲ့ အကူအညီကိုတော်တော်လေးမျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီးက မြန်မာပြည်အရေးကို ထင်သလောက်ဂရုစိုက်ပုံမရတော့ စိတ်ပျက်လက်ပျက်ဖြစ်နေကြပါပြီ။ မြန်မာပြည်သူတွေကို သမ္မတကြီး ဘာပြောချင်ပါသလဲ။

သမ္မတ - ဟုတ်ပါတယ်။ စိတ်မကောင်းစရာပဲ ဒီနေ့ကမ္ဘာကြီးက ပြဿနာတွေများနေပါတယ်။ ယူကရိန်းနဲ့ ဂါဇာတို့လိုစစ်ပွဲတွေက သတင်းတွေမှာ အများဆုံးအာရုံစိုက်ခံနေရပါတယ်။ ဒါပေမဲ့ စိတ်မပျက်ကြပါနဲ့ မြန်မာပြည်အရေးကိုလည်း မေ့မထားကြပါဘူး။ ဆိုရှယ်မီဒီယာကိုကြည့်လိုက်ရင် သန်းနဲ့ချီတဲ့သူတွေ မြန်မာ့အရေးစိတ်ဝင်တစားရှိတာတွေ့ရမှာပါ။ ကမ္ဘာပေါ်မှာရှိတဲ့ အစိုးရတော်တော်များများဟာလည်း မြန်မာ့အရေး အရေးယူဆောင်ရွက်နေတာတွေရှိပါတယ်။ အာဆီယံမှာဆိုရင်လည်း စစ်တပ်ခေါင်းဆောင်ကို အာဆီယံအစည်းအဝေးမတက်ရောက်နိုင်အောင် ပိတ်ဆို့ထားပါတယ်။ ဒါဟာ သမိုင်းမှာ တကယ့်ကိုရှားပါးတဲ့ ဖြစ်ရပ်မို့ ကျွန်တော်တို့ အသိအမှတ်ပြုဖို့လိုပါတယ်။ အလားတူ ဩစတေးလျ၊ ဂျပန်၊ တောင်ကိုးရီးယား၊ တရုတ်၊ အမေရိကန်နဲ့ အီးယူတို့လိုနိုင်ငံတွေကလည်း မြန်မာ့အရေးကို မေ့မထားဘူး။ သူတို့ရဲ့ ထိပ်ဆုံးအရေးပေးတဲ့အထဲမှာပါပါတယ်။

RFA - နိုင်ငံတကာကိုရော သမ္မတကြီး ဘာများသတင်းစကားပါးချင်ပါသလဲ။

သမ္မတ - ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်ကို လက်ပိုက်ကြည့်မနေဖို့ သတိပေးချင်ပါတယ်။  ဥရောပ နေတိုးအဖွဲ့ဝင် နိုင်ငံတွေဟာ ရုရှားက ယူကရိန်းကို စစ်ထိုးတဲ့ ကိစ္စမှာ ပြင်းပြင်းထန်ထန် ရပ်တည်ရှုတ်ချတာတွေ့ရပါတယ်။ အဲဒီလိုရပ်တည်သလို ဂါဇာ၊ ပါလက်စတိုင်း၊ ယီမင်၊ ကွန်ဂို၊ ဆူဒန်၊ ဆီးရီးယား၊ အာဖဂ္ဂန်နစ္စတန်တို့လိုနေရာတွေမှာဖြစ်နေတဲ့ ပြဿနာတွေကိုလည်း ရှုတ်ချဖို့လိုပါတယ်။ မြန်မာ့အရေးကိုလည်း မျက်စိမှိတ်ထားလို့မရပါဘူး။ မြန်မာနိုင်ငံမှာ အခြေအနေတွေ ပိုဆိုးလာမယ်ဆိုရင် စစ်တပ်ဘက်က မဆင်မချင်ဆက်လုပ်တာအပြင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အရေးယူဖို့ ပျက်ကွက်တာကြောင့်လို့ အပြစ်တင်ရပါလိမ့်မယ်။ မြန်မာ့အရေးဟာ ဒီထက်ပိုဆိုးလာမယ်ဆိုရင် ကျွန်တော်တို့ ဒေသတွင်းရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ စီးပွားရေးအတွက်ပါ ဆိုးရွားလာမယ်ဆိုတာ သတိချပ်ဖို့လိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org