စစ်ကောင်စီအတွက် အဆိုးဆုံးရန်သူက သူတို့ကိုယ်တိုင်ပါပဲ

နိုင်ငံတကာကနေ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဦးဆောင်တဲ့ စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဘယ်လိုထိထိရောက်ရောက် ထောက်ခံမလဲဆိုတာ မဆုံးဖြတ်နိုင်သရွေ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာ အပြောင်းအလဲဖြစ်လာဖို့ မလွယ်ဘူးလို့ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံအရေး လေ့လာသုံးသပ်သူ တစ်ဦးက သုံးသပ်ပါတယ်။

မြန်မာ့အရေး လေ့လာသုံးသပ်သူ David Scott Mathieson ကို ဆက်သွယ်မေးမြန်းစဉ်

နိုင်ငံတကာကနေ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဦးဆောင်တဲ့ စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဘယ်လိုထိထိရောက်ရောက် ထောက်ခံမလဲဆိုတာ မဆုံးဖြတ်နိုင်သရွေ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာ အပြောင်းအလဲဖြစ်လာဖို့ မလွယ်ဘူးလို့ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံအရေး လေ့လာသုံးသပ်သူ တစ်ဦးက သုံးသပ်ပါတယ်။ စစ်ကောင်စီကနေ ဒီမိုကရေစီ အရေးလှုပ်ရှားသူတွေကို သေဒဏ် စီရင် လိုက်တဲ့နောက်မှာ မြန်မာ့နိုင်ငံရေး အခြေအနေ ဘယ်လိုဆက်ဖြစ်လာနိုင်သလဲ ဆိုတာကို မြန်မာ့အရေး လေ့လာသုံးသပ်သူ David Scott Mathieson ကို ကိုရဲခေါင်မြင့်မောင် ဆက်သွယ်မေးမြန်းထားပါတယ်။


မေး။ ။ အခုဆိုရင် မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို သေဒဏ်စီရင်လိုက်တဲ့နောက်၊ စစ်ကောင်စီကို ချေမှုန်းပြီး နွေဦးတော်လှန်ရေး ကို အမြန်ဆုံး အဆုံးသတ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ တိုက်တွန်းလိုက်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ကလည်း ဒီလို သေဒဏ်စီရင်လိုက်တာကြောင့် ပဋိပက္ခ တိုက်ခိုက်မှုတွေ ပိုပြင်းထန်လာလိမ့်မယ်လို့ ပြောထားပါတယ်။ အခုအချိန်မှာ သွေးထွက် သံယိုမှုတွေကို ရှောင်လွှဲပြီးတော့ ဒီ အကျပ်အတည်းကို အဆုံးသတ်ဖို့ ဖြစ်နိုင်ခြေရှိသေးတယ်လို့ ထင်ပါသလား။

ဖြေ။ ။ အခုအချိန်မှာ သွေးထွက်သံယိုမှု မရှိပဲနဲ့ မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ဆိုရင် စစ်ကောင်စီအနေနဲ့ အာဏာသိမ်းထားတာကို လုံးဝစွန့်လွှတ်မှပဲ ဖြစ်နိုင်ပါလိမ့်မယ်။ သူတို့ ကျူးလွန်ခဲ့တဲ့အမှားတွေကို ဝန်ခံပြီး တပ်မတော်ကို အရပ်သားအစိုးရ ထိန်းချုပ်မှု အောက်ကို လွှဲပြောင်းပေးမှပဲ ဖြစ်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် သူတို့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု တွေအတွက် တာဝန်ရှိတဲ့သူတွေကို အပြစ်ပေးစီရင်တာ ခံရပါမယ်။ အိုင်စီစီတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို စောင့်မနေပဲ၊ ပြည်တွင်းမှာပဲ စစ်ရာဇဝတ်မှုတွေအတွက် ခုံရုံးတင် စစ်ဆေးတာ သူတို့အတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုဖြစ်မှာ မဟုတ်ပါဘူး။ စစ်ခေါင်းဆောင်တွေက ဒီလို လမ်းကြောင်းကို ရွေးမယ့်သူတွေ မဟုတ်ပါဘူး။ သူတို့က သူတို့ကျဆုံးတဲ့အခါ တစ်နိုင်ငံလုံးကိုပါ အပါခေါ်သွားမယ့်သူမျိုးတွေဖြစ်ပါတယ်။ သူတို့က ပြည်သူတွေရဲ့ အသက်တွေ စတေးပြီး အာဏာတည်မြဲဖို့နဲ့ အပြစ်ပေးအရေးယူမခံရဖို့ ဆက်လုပ်မယ့် သူမျိုးတွေပါ။ ဒီ စစ်ခေါင်းဆောင်တွေဟာ စေ့စပ်ညှိနှိုင်းပြီး အပေးအယူ လုပ်ဖို့အတွက် ယုံကြည်ရတဲ့သူတွေ မဟုတ်ဘူးဆိုတာ မြန်မာပြည်သူတွေရော၊ နိုင်ငံတကာ ကပါ သိနေကြပါပြီ။ စိတ်မကောင်းစရာက အခုအချိန်မှာ သွေးထွက်သံယိုမရှိဘဲ ဒီအကျပ် အတည်းကနေ လွတ်မြောက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ နောင်တစ်ချိန်မှာ စစ်ခေါင်းဆောင် တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်လာခဲ့ရင်လည်း ဒီအကျပ်အတည်းကို မြန်မာစစ်တပ်နဲ့ စစ်ကောင်စီက စခဲ့တာဖြစ်တယ်ဆိုတာရယ်၊ အကြမ်းဖက် တိုက်ခိုက်မှုအားလုံးအတွက် သူတို့မှာ တာဝန်ရှိတယ် ဆိုတဲ့အချက်ကို အခြေခံပြီးမှ စေ့စပ်ညှိနိုင်းဖို့ လိုပါတယ်။ သူတို့ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဘယ်လို လွတ်ငြိမ်းချမ်းသာခွင့်မျိုးကိုမှ မပေးဖို့ လိုပါတယ်။ အထူးသဖြင့် စစ်ဦးစီးချုပ် မင်းအောင်လှိုင်နဲ့ အခြား အကြီးတန်း စစ်ခေါင်းဆောင် တွေကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးမယ့် သဘောတူညီချက်မျိုး မှန်သမျှ လက်ခံနိုင်စရာ မရှိပါဘူး။

မေး။ ။ အခုအချိန်မှာ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ အဖွဲ့အစည်းတွေဘက်က အနိုင်ရပြီး၊ နွေဦးတော်လှန်ရေးကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ နိုင်ငံတကာက ဘာတွေ လုပ်လို့ ရနိုင်မလဲ။

ဖြေ။ ။ တစ်ကမ္ဘာလုံး အနေနဲ့အမျိုးသား ညီညွတ်ရေး အစိုးရ NUG NUCC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အပါအဝင် စစ်ကောင်စီကို ဆန့်ကျင်တဲ့ အင်အားစု အားလုံးကို ဝိုင်းဝန်းထောက်ခံသင့်ပါတယ်။ လက်နက်တွေ ထောက်ပံ့တာ မဟုတ်တဲ့ အခြားနည်းလမ်းတွေနဲ့ ကူညီလို့ရပါတယ်။ သူတို့ဆီကို တိုက်ရိုက်ငွေကြေး ပေးပို့လှူဒါန်းတာတွေ လုပ်ကြပါ။ သူတို့တွေ အမှန်တကယ် အစိုးရတစ်ရပ်အဖြစ် အုပ်ချုပ်နိုင်တဲ့အခြေအနေ ရောက်လာဖို့ လိုအပ်နေတဲ့ ငွေကြေးတွေ၊ ကုန်ပစ္စည်းတွေ၊ အကြံညဏ်တွေ အားလုံးကို ထောက်ပံ့ကြပါ။ ဒီတော်လှန်ရေး အောင်မြင်ဖို့အပြင်၊ တော်လှန်ရေးပြီးတဲ့အခါ ဘာဆက်လုပ်ကြမလဲ ဆိုတာအတွက်လည်း အခုကတည်းက စဉ်းစားပြီးကူညီဖို့ လိုပါတယ်။ သူတို့မှာ မြန်မာနိုင်ငံကို အမှန်တကယ် အုပ်ချုပ်နိုင်တဲ့ အစွမ်းအစရှိနေမှလည်း နိုင်ငံတကာက သူတို့ကို သံသယကင်းကင်းနဲ့ ကူညီထောက်ပံ့ လာကြမှာ ဖြစ်ပါတယ်။ နောက်ပြီး၊ နိုင်ငံတကာက အလှူရှင်တွေ၊ အိမ်နီးချင်းနိုင်ငံ တွေက သူတို့ကူညီထောက်ပံ့ပေးလိုက်လို့ ပဋိပက္ခတွေ ပိုပြီးကျယ်ပြန့်လာမှာလည်း စိုးရိမ်နေကြပါတယ်။ အမှန်က ပဋိပက္ခတွေ ပိုပြီးကျယ်ပြန့်လာအောင် စစ်ကောင်စီ ကသာ လုပ်နေတာဆိုတာပါ။ တကယ်တော့ မြန်မာ့အရေးနဲ့ပတ်သက်ရင် ကမ္ဘာ့နိုင်ငံ တော်တော်များများဟာ ဘယ်ဘက်ကရပ်တည်မလဲ ဆိုတာ ရွေးခြယ်ထားပြီးသားပါ။ အဲဒီရွေးခြယ်မှုကို ငွေကြေးနဲ့ အကူအညီတွေ လက်တွေ့ပေးအပ်မှုနဲ့ သက်သေပြဖို့ လိုနေပါသေးတယ်။ အဲဒီလိုမှ မလုပ်နိုင်ရင် စစ်ကောင်စီကို အသိအမှတ်ပြုပြီး ထိတွေ့ ဆက်ဆံနေတာနဲ့ ဘာမှမထူးပါဘူး။ နိုင်ငံတကာက စစ်ကောင်စီဆန့်ကျင်ရေးလုပ်ငန်း တွေကို ဘယ်လို ထိထိရောက်ရောက် ထောက်ခံမလဲဆိုတာ မဆုံးဖြတ်နိုင်သရွေ့ အပြောင်းအလဲ ဖြစ်လာဖို့ မလွယ်ပါဘူး။ ဒီလို မတင်မကျအခြေအနေဆက်ဖြစ်နေမယ် ဆိုရင် တော်လှန်ရေးလုပ်နေတဲ့ အင်အားစုတွေအကြားမှာ စိတ်ဓာတ်ရေးရာ ထိခိုက်ပြီး၊ အင်အားလျော့ကျလာနိုင်ပါတယ်။ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုတွေကို ထောက်ခံတယ်ဆိုရင်လည်း တော်လှန်ရေး အောင်မြင်တဲ့အထိ အကူအညီပေးပြီး ထောက်ခံကြောင်း ပြသင့်ပြီလို့ ထင်ပါတယ်။

မေး။ ။ မကြာခင်ကလည်း စစ်ခေါင်းဆောင်ဟာ ရုရှားနိုင်ငံကို သွားရောက်ခဲ့ပါသေးတယ်။ ရုရှားနိုင်ငံက သူ့ကို လာရောက်ခွင့်ပြုခဲ့ပေမယ့် နိုင်ငံ့ခေါင်းဆောင်တစ်ဦးလို အသိအမှတ်ပြု ကြိုဆိုတာ မရှိခဲ့ပါဘူး။ စစ်ကောင်စီအနေနဲ့ နိုင်ငံတကာအသိအမှတ်ပြုလက်ခံမှု အခြေအနေကိုရော ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ။ ။ တစ်ကမ္ဘာလုံးမှာ စစ်ကောင်စီအတွက် မိတ်ဆွေဆိုလို့ ရုရှား၊ တရုတ်နဲ့ မြောက်ကိုရီးယား သုံးနိုင်ငံပဲ ရှိမယ်ထင်ပါတယ်။ အရင်ကတည်းက စစ်တပ်က အာဏာ သိမ်းလိုက်တာနဲ့ နောက်ဆက်တွဲ ပြဿနာတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေအားလုံးက စိတ်ပျက်နေကြပါတယ်။ အာဆီယံနိုင်ငံတွေဆိုရင်လည်း သူတို့ ကြားဝင်ပြီး ညှိနှိုင်းပေးဖို့ ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီဘက်က တုံ့ပြန်မှုမရှိတဲ့အတွက် တော်တော်လေး စိတ်ပျက်နေကြပါတယ်။ စစ်ကောင်စီဟာ လက်နက်အရောင်းအဝယ်နဲ့ ဆက်ဆံရေး တည်ဆောက်ထားတဲ့ ရုရှားနိုင်ငံနဲ့ အကြီးစား အခြေခံအဆောက်အအုံ စီမံကိန်းတွေ လုပ်နေတဲ့ တရုတ်နိုင်ငံတို့ရဲ့ ထောက်ခံမှုတွေနဲ့ နိုင်ငံတကာ ဖိအားတွေကို ဆက်ပြီး တောင့်ခံထားနိုင်မယ်လို့ တွက်ထားတာ တွက်ကိန်းမှားတာပဲ။ အချိန်ကြာလာတာနဲ့ အမျှ တော်လှန်ရေး အင်အားစုတွေ ဘက်က နိုင်ငံတကာရဲ့ ထောက်ခံမှုနဲ့ တရားဝင် ဖြစ်မှုတွေ ပိုပြီး ရလာဖို့ပဲ ရှိပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ လတွေ အတွင်းမှာ ဒီမိုကရေစီ အရေးလှုပ်ရှားသူနှစ်ဦးကို သေဒဏ် စီရင်လိုက်တာ၊ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်တွေ ထပ်ပြီးချမှတ်တာနဲ့ အရပ်သားပြည်သူတွေ ရဲ့ နေအိမ်တွေ မီးရှို့တာလိုလုပ်ရပ်တွေ ဆက်လုပ်နေပါတယ်။ အစကတည်းက သူတို့မှာ တရားဝင်ဖြစ်မှု လုံးဝမရှိတဲ့အပြင်၊ ဒီလို လုပ်ရပ်တွေကြောင့် သူတို့ကို နိုင်ငံတကာက လက်ခံဖို့ ဘယ်လိုမှ မဖြစ်နိုင်တာ ပိုပြီး သေချာစေပါတယ်။ စစ်ကောင်စီဘက်ကလည်း သူတို့ရဲ့ ဂုဏ်သိက္ခာကို ပြန်မြှင့်တင်ဖို့ မကြိုးစားတော့ပါဘူး။ အခုအချိန်မှာ နိုင်ငံတကာ က ဘယ်လိုထင်ထင် ဂရုမစိုက်တော့ပါဘူး။ သူတို့ ကိုယ်တိုင် အသက်ရှင်သန်ဖို့အတွက်ပဲ ဂရုစိုက်တော့တာ ထင်ရှားလာပါတယ်။ SAC စစ်ကောင်စီအတွက် အဆိုးဆုံးရန်သူက သူတို့ ကိုယ်တိုင်ပဲ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org