ဘာသာရေးအတွက် စစ်တိုက်ရမယ်ဆိုပြီး ရိုဟင်ဂျာတွေကို စစ်တပ် စည်းရုံး

ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာတွေကို ဘာသာရေးအတွက် စစ်တိုက်ရမယ် ဆိုပြီး ခမရ ၅၃၅ တပ်ရင်းက အဓမ္မစစ်သားစုဆောင်းနေတယ်လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ ရိုဟင်ဂျာတွေက ပြောပါတယ်။

စစ်ကောင်စီနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းတွင် တွေ့ရစဉ်။ Photo: AFP

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာတွေကို ဘာသာရေးအတွက် စစ်တိုက်ရမယ်၊ ရပ်ကွက်ကျေးရွာတွေကို ကာကွယ်ရမယ်ဆိုပြီး ဒေသအခြေစိုက် ခမရ ၅၃၅ တပ်ရင်းက အဓမ္မစစ်သားစုဆောင်းနေတယ်လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ ရိုဟင်ဂျာတွေက ပြောပါတယ်။ အခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ စစ်သားစုဆောင်းခံရပြီး မတ်လဆန်းက ထွက်ပြေးလွတ်မြောက်လာတဲ့ ရိုဟင်ဂျာတစ်ဦးကို RFA က မေးမြန်းထားပါတယ်။
________________

RFA - ဘယ်နေ့၊ ဘယ်အချိန်မှာ ဘယ်သူတွေက ခေါ်သွားတာလဲ။ ဘာလုပ်ဖို့ ခေါ်သွားတာလဲ။

■ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ည ၁၁ နာရီခွဲမှာ ကျွန်တော့်အိမ်ကို စစ်သားတွေ ရောက်လာတယ်။ အဲဒီအချိန်မှာ ကျွန်တော်က တံခါးဖွင့်ပြီး အိမ်ရှေ့ထွက်ကြည့်တယ်။ စစ်တပ်က သေနတ်နဲ့ချိန်ပြီး လာ၊ ကားပေါ်တက် ဆိုပြီး ဖမ်းတယ်။ အဲလိုဖမ်းပြီးတော့ တစ်ခါတည်း ငကျိန်းတောက်ရွာနားက (ခမရ) ၅၃၅ တပ်ရင်းကို ပို့လိုက်တယ်။

RFA - သူတို့က ဘာဆက်လုပ်လဲ။

■ ၅၃၅ တပ်ရင်းမှာ နောက်တစ်ရက် ဗျူဟာမှူးကိုယ်တိုင် လာတယ်။ ဗျူဟာမှူးလာပြီးတော့ ကျွန်တော်တို့ကို အချိုသတ်တယ် ပါးစပ်နဲ့။ မင်းတို့ကို ဒီကိုခေါ်လာတာ မင်းတို့ကို ဘာသာရေးကိစ္စနဲ့ ဒီကိုခေါ်လာတာ။ တမန်တော် မိုဟာမက်နဲ့ ဒီလို ဒီလို လုပ်တယ်လို့ ဆိုတယ်။ တိုက်ပွဲလုပ်တယ် မင်းတို့ ဘာသာရေးအတွက်။ မင်းတို့ အားလုံး လုပ်ဖို့လိုတယ်။ မင်းတို့အားလုံး လုပ်ရမယ် ဒီမှာ။ မင်းတို့ဘာသာရေးအတွက် မင်းတို့လုပ်။ အဲလို အချိုသတ်တယ်။

RFA - နောက်ထပ် ဘာတွေပြောသေးလဲ။

■ ကျွန်တော်တို့ကို တိုင်းရင်းသားအနေနဲ့ ပေးမယ်။ မင်းတို့ရွာကို မင်းတို့ထိန်းရမယ်။ မင်းတို့ ကင်းစောင့် ပေးရမယ်။ အဲဒီမှာလည်း အကြောင်းပြချက် ပြောပါတယ်။ မင်းတို့လူမျိုးတွေနေတဲ့ ဖုန်ညိုလိပ်မွတ်ဆလင်ရွာမှာ သေနတ်ကိုင်တဲ့လူမရှိလို့ အဲဒီဖုန်ညိုလိပ်မှာ AA ဝင်လို့ရတယ်။ အဲဒါကြောင့် မင်းတို့ကို (စစ်)သင်တန်းပေးဖို့ လိုတယ်။ ပြည်သူ့စစ် လိုတယ် မင်းတို့မှာ။ မင်းတို့ ပြည်သူ့စစ် ဖြစ်ရမယ်။

RFA - ဘယ်နေ့က ထွက်ပြေးလာခဲ့တာလဲ။ အဲဒီကနေ ဒီအထိ ဘယ်နှရက်ကြာလဲ။

■ ကျွန်တော့်ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဖမ်းပါတယ်။ အဲဒီတပ်ရင်းမှာ ဆယ်ရက်လောက် နေခဲ့တယ်။ (မတ်လ) ၆ ရက်နေ့ ဒီကိုရောက်တယ်။ ဒီကိုလာတာ တစ်ရက်ကြာပါတယ်။ ကျွန်တော်ပြေးတဲ့အချိန်မှာ ဆိုင်ကယ်သမားတစ်ယောက်နဲ့ တွေ့ပါတယ်။ ကျွန်တော့်အိမ်ကို ပြောလိုက်တယ်။ အဲဒီမှာ နေလို့မရတော့ဘူး။ အဲဒီမှာနေရင် စစ်တပ်ဆီမှာ သေဒဏ်ခံရမယ်ဆိုပြီးတော့။ အဲဒီလိုပြောပြီးတော့ ကျွန်တော် တစ်ခါတည်း ဒီကိုလာခဲ့လိုက်တာ”

RFA - စစ်တပ်က အဲဒီလိုစည်းရုံးပြီး ပြည်သူ့စစ် လုပ်ခိုင်းတဲ့အပေါ် ဘာပြောချင်လဲ။

■ သူတို့က ငါတို့ကို အစကတည်းက ဒုက္ခပေးလာတာ။ ရက္ခိုင့်တပ်တော် (AA) က ငါတို့ကို ဒုက္ခသည်တွေဖြစ်အောင်လုပ်တာ မဟုတ်ဘူး။ တိုက်ခိုက်တာ အကုန်လုံးက စစ်တပ်က လုပ်တာ။ အရင်လည်း တိုက်ခိုက်တယ်။ အခုလည်း အချိုသတ်ပြီး တိုက်ခိုက်နေတာ။ သူတို့ကို လုံးဝ မကျေနပ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ငါတို့ကို လုပ်ခဲ့တာတွေက ဘဝပျက်အောင် လုပ်ခဲ့တာပါပဲ။

ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း ကို RFA က မတ်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org