ဒေါက်တာခလမ်ဆမ်ဆွန်ရဲ့ကျန်းမာရေးကို မိသားစုဝင်တွေ စိုးရိမ်နေ
2022.12.15
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အကြံပေးဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဒီဇင်ဘာလ ၄ ရက်နေ့က မန္တလေးလေဆိပ်မှာ ဖမ်းဆီးသွားပြီးနောက် မိသားစုဝင်တွေက ဒီနေ့အထိ သူနဲ့ အဆက်အသွယ်မရသေးသလို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာ မသိရဘူးလို့ ဒေါက်တာခလမ်ဆမ်ဆွန်ရဲ့ ဇနီး ဆရာမဇုန်းညော်က RFA ကိုပြောပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်ဟာ အဆုတ်အားနည်းတဲ့ရောဂါ၊ လည်ပြွန်ရောင်တာနဲ့ သွေးတိုးရောဂါရှိပြီး ထိုင်းနိုင်ငံကိုဆေးဝါးကုသဖို့သွားရောက်ချိန်မှာ မန္တလေးလေဆိပ်မှာဖမ်းဆီးခံခဲ့ရတာလို့ ပြောပါတယ်။
ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာ မိသားစုဝင်တွေအနေနဲ့ တစ်စုံတစ်ရာမသိရဘူးလို့ပြောပါတယ်။ ရာသီဥတုအေးတဲ့အတွက် အဆုတ်နဲ့သွေးတိုးရောဂါအတွက် စိုးရိမ်ကြောင်းနဲ့ အမြန်ဆုံးပြန်လွတ်ဖို့ မျှော်လင့်ကြောင်းပြောပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်ရဲ့ဇနီးကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။
သွေးတိုးရှိတော့ ဆေးကအမြဲသုံးဆောင်နေရတယ်။ အခုချိန်က အရမ်းအေးတယ်။ အဆုတ်မကောင်းတဲ့သူဖြစ်လို့ အချိန်မရွေးသူကို ထိခိုက်နိုင်တယ်။
RFA- ဒေါက်တာခလမ်ဆမ်ဆွန် သတင်း နောက်ဆုံးအခြေအနေ ဘယ်လိုများသိထားပါလဲ။
ဖြေ- ဘယ်မှာရှိသလဲဆိုတာ အခုအချိန်အထိ ဘာမှမသိရသေးပါဘူး။
RFA- သူနဲ့အဆက်အသွယ်ပြတ်သွားတာ ဒီနေ့နဲ့ဆိုဘယ်နှစ်ရက်ရှိပါပြီလဲ။
ဖြေ- ၁၁ ရက်ရှိပါပြီ။ ၅ ရက်နေ့က သူ့ကိုလူနှစ်ယောက်ခေါ်သွားတယ်ဆိုတာ အဲ့ဒါပဲသိတာ။ အတိအကျသတင်း ဘာမှမကြားရဘူး။ ၅ ရက်နေ့ဖမ်းပြီးနောက် Air Thanlwin နဲ့ ပို့သလိုလိုနဲ့ မြစ်ကြီးနားကိုရောက်သလိုလိုနဲ့ မြစ်ကြီးနားကိုရောက်လား၊ မရောက်လားတော့မသိဘူး။ မမြင်ရဘူး။ အဲ့ဒီအခါဘယ်မှာရှိတယ်ဆိုတာ မပြောနိုင်ဘူး။ ကျွန်မတို့သိလိုက်တာက သူ့ကိုဖမ်းသွားတယ်။ လူနှစ်ယောက်ကခေါ်သွားတယ် အဲ့ဒီအထိပဲ သိလိုက်တယ်ရှင့်။ အခုအချိန်အထိ ဆရာ့ကိုဘယ်မှာထားတယ်ဆိုတာ ကျွန်မတို့ နေရာအတိအကျကို မသိရသေးဘူးရှင့်။
ကျွန်မအမှောင်ကမ္ဘာထဲရောက်သွားသလိုပဲရှင့်။တရေးနှိုးဆို ကျွန်မမအိပ်နိုင်တော့ဘူး။အဲ့လိုဖြစ်တယ်။
RFA- ဆရာမတို့ မိသားစုဝင်တွေအနေနဲ့ ဘယ်သူတွေကို ဆက်သွယ်ကြည့်လဲ။ အခု ၁၁ ရက်လောက် အဆက်အသွယ်ပြတ်သွားတော့ မိသားစုဝင်တွေအနေနဲ့ စိုးရိမ်မှုက ဘယ်လိုများရှိလဲရှင့်။
ဖြေ- ကျွန်မအမှောင်ကမ္ဘာထဲရောက်သွားသလိုပဲရှင့်။ စားရမယ်လိုပဲ သူ့ကိုမျှော်လင့်ပြီးမှ အိပ်ရမယ်ဆိုလည်း တရေးနှိုးဆို ကျွန်မက မအိပ်နိုင်တော့ဘူး။ အဲ့လိုဖြစ်တယ်။ ကျွန်မရဲ့ညီမလေးတွေကတော့ အမရယ်စိတ်ဖြေပါပေါ့။ ကိုယ့်ယောင်္ကျားပျောက်သွားတာ အမှောင်ကမ္ဘာထဲရောက်သွားသလိုပဲ။ အခုချိန်ထိ ကျွန်မကတော့ လေထဲမှာလွင့်နေသလိုဖြစ်နေတယ်။ ကျွန်မအမျိုးသား ဘယ်ဆီဘယ်ဝယ်ဆိုတာ မသိနိုင်ဘူးလေ။ သူက ဓမ္မအမှုဆောင်၊ သိက္ခာတော်ရ ဆရာတော်တစ်ပါး၊ KBC မှာ အထူးအကြံပေးပုဂ္ဂိုလ်အနေနဲ့ သူ့ကို လေးနှစ် တာဝန်ပေးထားတာဖြစ်ပါတယ်။ အဲ့ဒီတော့ KBC ကနေ ကော်မတီဖွဲ့ပြီးလုပ်ဆောင်နေပါတယ်။ ဆရာဆမ်ဆွန်ကတော့ ကျွန်မရဲ့ အမျိုးသားဖြစ်သလို ကျွန်မတို့အသင်းတော်အားလုံးရဲ့ KBC တစ်ဝန်းလုံးရဲ့ ဖခင်ဖြစ်တဲ့အတွက်ကြောင့်မို့ သူ့ကို KBC ကနေ သူတို့ရဲ့ ဆရာတော်ကို ကော်မတီဖွဲ့ပြီးမှ ချဉ်းကပ်ဖို့ ဆောင်ရွက်နေကြပါတယ်ရှင့်။
RFA- ဒေါက်တာဆမ်ဆွန်က ဘန်ကောက်ဖို့ ဆေးကုဖို့သွားတယ်။ ဒီမှာ မန္တလေးမှာ အဖမ်းခံရတယ်။ ဒီတော့ ဒေါက်တာဆမ်ဆွန်ရဲ့ ကျန်းမာရေးအခြေအနေက ဘယ်လိုရှိလဲ။ သူဘာရောဂါကို ဆေးကုဖို့ရှိတာလဲရှင့်။
ဖြေ- တရားဟောဆရာဆိုတော့ စကားပြောရင် လေပြွန်တွေယောင်လာတယ်ရှင့်။ အသက် ၆၀ ကျော်သွားတဲ့အခါကျတော့ ကိုဗစ်ဖြစ်ပြီးတဲ့နောက်မှာ သူရဲ့အဆုတ်အားတွေကတော်တော်လေး မကောင်းတာရယ်၊ ခဏခဏ ဆေးခန်းပြနေရပါတယ်။ အဲ့ဒီအခါကျတော့ ဘန်ကောက်ကို သွားတဲ့အခါမှာ တစ်ခါတည်းဆေးကုခဲ့မယ်ပေါ့။ အသင်းသားတွေလည်း အဲ့ဒီမှာရှိတယ်လေ။ ငယ်ငယ်ထဲက သူက အဆုတ်အားမကောင်းဘူး။ အဲ့တော့ ဆေးတွေ သုံးရတယ်။ ပြီးတော့ သွေးတိုးလည်းရှိပါတယ်။ သွေးကျဆေးကို အမြဲသုံးနေရတယ်။
RFA- ဆေးကုသဖို့ သွားတယ်။ ဆေးကုသခွင့်မရဘဲ အဖမ်းခံလိုက်ရတဲ့အတွက် သူ့ရဲ့ကျန်းမာရေးအပေါ် ဆရာမရဲ့ စိုးရိမ်မှုက ဘယ်လိုများရှိလဲ။
ဖြေ- သွေးတိုးဆိုတာ ဆေးကအမြဲသုံးဆောင်နေရတယ်။ အခုချိန်က အရမ်းအေးတယ်။ အဆုတ်မကောင်းတဲ့သူဖြစ်လို့ အချိန်မရွေးသူကို ထိခိုက်နိုင်တယ်။ အေးရင် အဆုတ်လက္ခဏာတွေက ပိုပြလာတယ်။ ငယ်ငယ်ထဲက သူက တကယ်တမ်းဆိုရင် သေရွာပြန် အဆုတ်ကြောင့်မို့ သူက ဖျားပြီးမှ မေ့မျောသွားတဲ့အခါ သူရဲ့မိဘများက ဆုတောင်းပြီးတဲ့အခါကျတော့ ပြန်ပြီးအသက်ရှင်လာတာ။ အားရှိတဲ့ ဆမ်ဆွန်ဖြစ်ပါစေဆိုပြီး သူ့ကိုနာမည်ပြောင်းပေးလိုက်တာ။ အမှန်တကယ်တော့ သူနာမည်က နော်ဂျာ။ ငယ်ငယ်ထဲက အဆုတ်ကမကောင်းဘဲ သေရွာပြန်ကနေ ပြန်ရှင်လာတဲ့ ဓမ္မအမှုဆောင်တစ်ပါး ဖြစ်ပါတယ်။
သူတို့ရဲ့ စွဲချက်ကို ကျွန်မက ဘာမှမသိပါဘူးရှင့်။ကျွန်မ အမျိုးသားအမြန်ဆုံးပြန်လွတ်လာပြီးမှ ဘုရားအမှုတော်တွေကို ဆက်လက်ပြီးထမ်းဆောင်နိုင်ပါစေလို့ ကျွန်မက ဆန္ဒပြုပါတယ်ရှင်။
RFA- ဒေါက်တာဆမ်ဆွန်ကို စစ်ကောင်စီက ဘာကြောင့်ထိန်းသိမ်းတယ်လို့ မိသားစုဝင်တွေအနေနဲ့ ယူဆပါသလဲ။
ဖြေ- ကျွန်မတော့ ဘာမှမသိဘူး။ သူက အသင်းသားတွေကို ချစ်တာပဲရှိတယ်။နောက်တစ်ခုက သူက ခရစ်တော်လမ်းစဉ်အတိုင်းပဲ အသက်ရှင်တာဖြစ်ပါတယ်။ သူတို့ရဲ့ စွဲချက်ကို ကျွန်မက ဘာမှမသိပါဘူးရှင့်။
RFA- ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ဒေါက်တာဆမ်ဆွန်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုတာမျိုးတွေရှိတယ်။ ဒေါက်တာဆမ်ဆွန် မတရားဖမ်းဆီးခံရမှုအတွက် မိသားစုဝင်တစ်ဦးအနေနဲ့ ဘာများပြောချင်ပါလဲရှင်။
ဖြေ- ကျွန်မ အမျိုးသားအမြန်ဆုံးပြန်လွတ်လာပြီးမှ KBC မှာ အထူးအကြံပေးပုဂ္ဂိုလ်အနေနဲ့ ထားပါတယ်ရှင့်။ နောက်ပြီးတော့ ဘုရားကျောင်းမှာလည်း ဂုဏ်ထူးဆောင် သင်းအုပ်အနေနဲ့ ခန့်အပ်ထားပါတယ်။ ပြန်လွတ်လာပြီး ဘုရားအမှုတော်တွေကို ဆက်လက်ပြီးထမ်းဆောင်နိုင်ပါစေလို့ ကျွန်မက ဆန္ဒပြုပါတယ်ရှင်။