ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ညီလာခံ အကြောင်း မေးမြန်းချက်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် FUA ရဲ့ ပထမအကြိမ် စစ်ဦးစီးအဖွဲ့ ညီလာခံ အစည်းအဝေးကို လွတ်မြောက်နယ်မြေတစ်နေရာ မှာ နိုဝင်ဘာ ၂၈ ရက်နေ့ကနေ နိုဝင်ဘာ ၂၉ ရက်နေ့အထိ ကျင်းပခဲ့ပြီး၊ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ် ၁၅ ဦး တက်ရောက်ခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် FUA ရဲ့ ပထမအကြိမ် စစ်ဦးစီးအဖွဲ့ ညီလာခံအစည်းအဝေးကို လွတ်မြောက်နယ်မြေတစ်နေရာမှာ နိုဝင်ဘာ ၂၈ ရက်နေ့ကနေ နိုဝင်ဘာ ၂၉ ရက်နေ့အထိ ကျင်းပခဲ့ပြီး၊ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ် ၁၅ ဦး တက်ရောက်ခဲ့ပါတယ်။

အဲဒီညီလာခံနဲ့ ပတ်သက်လို့ ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် FUA ရဲ့ အကြံပေးပုဂ္ဂိုလ် ဗိုလ်မှူးကြီး ခွန်ဥက္ကာကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုကျော်ကျော်အောင်။          ။ဗိုလ်မှူးကြီးတို့လုပ်ခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ခေါင်းဆောင်တွေဆွေးနွေးတဲ့ ဆွေးနွေးပွဲမှာ အဓိကဘာတွေဆုံးဖြတ်ခဲ့ကြတယ်ဆိုတာ သိပါရစေလားခင်ဗျာ။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ။            ။လက်ရှိကျနော်တို့ UNFC ရဲ့ပထမညီလာခံသက်တမ်းပေါ့ဗျာ၊ ပထမဆုံးအကြိမ် ကျင်းပတဲ့ ကျနော်တို့အခါ်ကတော့ စစ်ဦးစီးအဖွဲ့အစည်းအဝေးပေါ့၊ အဲ့ဒါပါ၊ အဲ့ဒီမှာဆုံးဖြတ်ချက်အားလုံးပေါင်းရင်တော့ ၉ ချက်လောက်တော့ ရှိပါတယ်၊ သို့သော်အဲ့ဒီအထဲက အရေးကြီးတာလေးတွေ ၁ ခု ၂ ခုဆိုရင်တော့ ပြောလို့ရလားတော့ ကျနော်တို့အဖွဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်ဖွဲ့တွေက တပ်မတော်လိုခေါ်ရင်တော့ တချို့ကြီးကျယ်သွားတော့ ဒီတပ်ဖွဲ့တွေဟာ ကျနော်တို့ရဲ့ UNFC ရဲ့ပေါ်လစီအတိုင်းပဲ သွားနေမယ်၊ အထူးသဖြင့် ကျနော်တို့ အပစ်အခက်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ကြိုးပမ်းကြမယ်၊ စာချုပ်ထဲကိုလည်း ကျနော်တို့ လက်မှတ်ထိုးပြီးရင် လေးစားလိုက်နာပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးပေါ့၊ အထူးသဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ကိုသွားဖို့အတွေက် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးပေါ့၊ အဲ့သလောက်ပဲရှိပါတယ်။

ကိုကျော်ကျော်အောင်။          ။ဗိုလ်မှူးကြီးတို့မှာ အပစ်အခက်ရပ်စဲရေး ကိစ္စတွေလုပ်ဖို့အတွက် NCCT တို့လို UNFC တို့လို အဖွဲ့အစည်းတွေလည်းရှိတော့ကာ ဒီ FUA ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်က ဘယ်လောက်အထိ အရေးပါသလဲခင်ဗျ၊ ဒီတွေ့ဆုံဆွေးနွေးပွဲတွေ အထမြောက်ဖို့။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ။            ။သူကတော့ တိုက်ရိုက်တော့မပတ်သက်ပါဘူး၊ သူကတော့ UNFC ရဲ့နောက်မှာပဲရှိတာ UNFC အဖွဲ့ဝင်တွေရဲ့ တပ်ဖွဲ့တွေစုထားတာဖြစ်တော့ UNFC ရဲ့နိုင်ငံရေး ဦးဆောင်မှှုအောက်မှာ ရှိပါတယ်၊ ဒါကြောင့် UNFC က နိုင်ငံပေါ်လစီ ချထားတာဘာလဲ၊ အခုလောလောဆယ်ဆိုရင်တော့ ကျနော်တို့ တနိုင်ငံလုံအပစ်ရပ်ရေး စာချုပ်ဆိုနိုင်ဖို့အတွက် ကြိုးပမ်းနေတာ ဖြစ်ပါတယ်၊ ဒါကြောင့် ဒီကြိုးပမ်းမှှုကို အောင်မြင်အောင် အကောင်အထည်ဖော်ဖို့ FUA ကတာဝန်ရှိပါတယ်၊ တနိုင်ငံလုံး အပစ်အခက်ရပ်စဲရေးစာချုပ် ချုပ်ပြီးပြီဆိုရင်လည်း ဒီစာချုပ်ကို လိုက်နာဆောင်ရွက်ဖို့က FUA မှာတာဝန်ရှိတာပေါ့၊ ဒါကြောင့် အထောက်အကူဖြစ်ရေးပါ၊ နိုင်ငံရေး လုပ်ငန်းစဉ်မှာ အထောက်အကူဖြစ်ဖို့အတွက် ကျနော်တို့ရဲ့ တပ်ပေါင်းစုပေါ့နော်၊ စစ်ရေး၊ နိုင်ငံရေး တပ်ပေါင်းစုမှာ စစ်ရေးဘက်က အစုအဖွဲ့ကိုလည်း ကျနော်တို့က စုပေါင်းပြီးတော့ တိုင်ပင်နှှီးနှောတဲ့ သဘောဖြစ်ပါတယ်။

ကိုကျော်ကျော်အောင်။          ။နောက်ကြောင်းလေး နည်းနည်းသိပါရစေလား ဗိုလ်မှူးကြီးရယ်၊ FUA ကဘယ်လိုရည်ရွယ်ချက်တွေနဲ့ ပေါ်ပေါက်လာသလဲ၊ အဖွဲ့ဘယ်နှစ်ဖွဲ့ပါသလဲ။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ။            ။ FUA က UNFC ပေါ်ကတည်းက တပြိုင်နက်တည်း ပေါ်တာပါပဲ၊ UNFC ညီညွတ်သော တိုင်းရင်းလူမျိုးများ ဖက်ဒရယ်ကောင်စီ ဖွဲ့တဲ့အစည်းအဝေးမှာကိုက ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဖွဲ့မယ်ဆိုတာ ဆုံးဖြတ်ချက်ပါပြီးသားဖြစ်တယ်၊ သို့သော် ဒီ ၄ နှစ်ကာလမှာ နိုင်ငံရေးဘက်က ကျနော်တို့ ရှေ့တန်းကိုရောက်ပြီးတော့ အများအပြား တိုးတက်အောင်မြင်နိုင်ပေမဲ့ တပ်ဖွဲ့ဖွဲ့ရေးကတော့ နည်းနည်းနောက်ကျတယ်၊ နောက်ပြီးတော့ ကျနော်တို့ သိုသိုသိပ်သိပ် လုပ်ရတယ်၊ ကျနော်တု့ိ အားလုံးဖွဲ့ဝင်တွေ နားလည်သဘောပေါက်အောင် ညှိနှှိုင်းရတာလည်းရှိတယ်၊ အဘက်ဘက်က အထင်မှားအမြင်မှားဖြစ်အောင် ထိန်းသိမ်းရတာရှိတယ်၊ ရှိတဲ့အခါကျတော့ နည်းနည်းလေး ဖြစ်ပေါ်မှှုတော့နောက်ကျတာပေါ့။

ကိုကျော်ကျော်အောင်။          ။နောက်တစ်ခုက FUA အဖွဲ့ဝင်တွေကြားမှာပေါ့ တစ်ဖွဲ့ဖွဲ့ အတိုက်ခံရရင် ကျန်တဲ့အဖွဲ့တွေက ဝိုင်းပြီးတော့ တိုက်ပေးရမယ်ဆိုတဲ့ သဘောတူညီချက်တွေကော ရှိပါသလား။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ။            ။ FUA ကြားမှာမဟုတ်ဘူးဗျ၊ UNFC ရဲ့အဖွဲ့ဝင် အဖွဲ့အစည်းကြားမှာ ကျနော်တို့ရဲ့ ဖွဲ့စည်းပုံအရရော၊ နိုင်ငံရေးအရရော ခံဝန်ချုပ်ပါ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရကိုက ခံဝန်ချုပ်လုပ်ထားတာပါ၊ နိုင်ငံရေးဦးဆောင်မှှုအရ လုပ်ထားတာပါ၊ တစ်ဖွဲ့ကို ထိခိုက်လာရင် ကျန်တဲ့အဖွဲ့တွေက ဝင်ကူရမယ်၊ အဲ့ဒီဟာကို အကောင်အထည်ဖော်ရမှာကတော့ FUA ကအကောင်အထည်ဖော်တာပေါ့လေ၊ တိုက်တယ် မတိုက်ဘူးဆိုတာထက်ကို ဘယ်လိုတုန့်ပြန်မလဲဆိုတာ ဆုံးဖြတ်ချက်နဲ့အညီလုပ်ကြဖို့ တိုက်တွန်းချက်ရှိပါတယ်၊ ဒါကြောင့် အခုဥပမာဆိုရင် ကျနော်တို့ UNFC ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ PNLO ကို အဖွဲ့ဝင်မဟုတ်တဲ့ RCSS ကတိုက်ခဲ့တယ်ပေါ့ဗျာ၊ အဲ့ဒီလိုတိုက်ခဲ့တဲ့အပေါ်မှာ ကျနော်တို့ပြန်မတိုက်ပါဘူး ဘယ်သူမှလည်း စစ်ရေးအရမတုန့်ပြန်ဘူး၊ သို့သော် ဒါငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းဖို့ ဆိုပြီးတော့ UNFC ဗဟိုကဆုံးဖြတ်တယ်၊ ဒီလိုဆုံးဖြတ်တဲ့အပေါ်မှာ လိုက်နာပြီးတော့ ကျနော်တို့ရဲ့ FUA ဦးစီးချုပ်ကိုယ်တိုင် ဦးဆောင်ပြီးတော့ RCSS ဌါနချုပ်ကိုသွားပြီးတော့ ပြေလည်ရာပြေလည်ကြောင်း သွားဖြေရှင်းတာပဲ၊ အဲ့ဒါကြောင့် FUA က ထိကနဲဆိုရင် တိုက်ဖို့ခိုက်ဖို့ မဟုတ်ပဲနဲ့ နိုင်ငံရေးဦးဆောင်မှှုအောက်မှာ လုပ်သင့်လုပ်ထိုက်တာတွေလုပ်ဖို့အတွက် စုပေါင်းပြီးတော့ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ဖို့အတွက် နောက်ပြီးတော့ စုပေါင်းပြီးတော့ နိုင်ငံရေးလမ်းကြောင်းကို တည့်မက်အောင် ထိန်းကျောင်းဖို့အတွက် ဒီလိုတာဝန်ရှိတယ်လို့ ကျနော်တို့ကအဲ့လို သက်မှတ်ထားပါတယ်ခင်ဗျ။

ကိုကျော်ကျော်အောင်။          ။ဗိုလ်မှူးကြီး FUA ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်အဖွဲ့ဟာ စင်ပြိုင်တပ်မတော်တစ်ခုအနေနဲ့ အစိုးရရဲ့ မြန်မာ့တပ်မတော်အပေါ် စိုးရိမ်စရရှိတယ်လို့လည်း ထောက်ပြမှှုတွေရှိတယ်ပေါ့လေ၊ ဗိုလ်မှူးကြီးတို့ အနေနဲ့ဘယ်လိုတွေများ ရှင်းပြချင်ပါသလဲခင်ဗျ။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ။            ။ကျနော်တို့အနေနဲ့ကျတော့ အဲဒီလိုအယူအဆကလွဲတယ်၊ နားလည်မှှုလွဲတယ်ပေါ့၊ ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စုကြီးတစ်ခုလုံးရဲ့ကာကွယ်ရေးအဆင့်ကို မရောက်ပါဘူး၊ ကြည်းရေလေတပ်မတော်ကြီးဆိုတာက အခုလက်ရှိတပ်မတော်ရဲ့ အဆင့်အတန်းနဲ့ ပြည်ထောင်စုကြီးကို ကာကွယ်နိုင်မဲ့အဆင့်က မြင့်ပါတယ်၊ အဲ့ဒီအဆင့်အတန်းမဟုတ်ပါဘူး၊ အခုလက်ရှိ နိုင်ငံရေးအရစုဖွဲ့ထားတဲ့ အဖွဲ့လေးတွေပါ၊ မိမိတို့ရဲ့ နိုင်ငံရေးလမ်းစဉ်အောက်နေဖို့အတွက် အထောက်အကူပြုဖို့ ဒါလက်နက်ကိုင်တပ်ဖွဲ့လေးတွေပေါင်းတဲ့ သဘောပါ၊ ပေါင်းတဲ့နေရာမှာလည်း ပေါ်လစီမူဝါဒ ဦးဆောင်မှှုက ကျနော်တို့ နိုင်ငံရေးတပ်ပေါင်းစုမှာရှိပါတယ်၊ UNFC မှာရှိပါတယ်၊ UNFC ကပေါ်လစီကဘာလဲ လောလောဆယ်ဆယ်မေးရင် တနိုင်ငံလုံးအပစ်အခက်ရပ်စဲရေး လုပ်ငန်းကိုလုပ်ဖို့ ပေါ်လစီချထားတာဖြစ်တယ်၊ ဒီပေါ်လစီအောင်မြင်ဖို့အတွက် FUA ကနာခံပြီးတော့ လိုက်လုပ်ရမှာဖြစ်တယ်၊ ဘာမှစင်ပြိုင်ဖို့ အကြောင်းမရှိဘူး၊ ပြဿနာလုပ်ဖို့ အကြောင်းမရှိဘူး၊ FUA အဖွဲ့အစည်းဟာ တနိုင်ငံလုံးအပစ်အခက်ရပ်စဲရေး စာချုပ်ကိုပြီးမြောက်အောင် ဝိုင်းလုပ်ဖို့ရယ်၊ နောက်ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အထောက်အကူပြုဖို့ရယ် အဲ့ဒီလိုဖြစ်ပါတယ်၊ ဒါကြောင့် ဆန့်ကျင်ဘက်ထင်စရာ ဘေးအန္တရာယ်ပြုနိုင်တဲ့ အစုအဖွဲ့လို့မှတ်ယူတယ်ဆိုတာ လွဲနေပါတယ် မူဝါဒအရလွဲနေတာဖြစ်တယ်၊ မူဝါဒအရ ပူပေါင်းဆောင်ရွက်ရမဲ့ အင်အားစုဖြစ်ပါတယ်လို့ အဲ့ဒါတွေကို ကျနော်ရှင်းပြချင်ပါတယ်။

ကိုကျော်ကျော်အောင်။          ။မြန်မာနိုင်ငံရဲ့ အနာဂတ်ရည်မှန်းချက်ဖြစ်တဲ့ အစိုးရရော ဗိုလ်မှူးကြီးတို့လို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဗဟိုရည်းမှန်းချက်တစ်ခုဖြစ်တဲ့ နိုင်ငံတစ်ခုမှာ တပ်မတော်တစ်ခုပဲရှိရမယ်ဆိုတဲ့ အယူအဆပေါ့လေ၊ ဒီရည်မှန်းချက်ကို ပေါက်မြောက်အောင်မြင်ဖို့ အလားအလာပေါ့ခင်ဗျ ဘယ်လောက်ထိ ပီပြင်အောင်လုပ်နိုင်မယ်လို့ ဗိုလ်မှူးကြီးတို့ မျှော်လင့်ပါလဲခင်ဗျ။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ။            ။ကျနော်တို့ကတော့ အဲ့ဒီဟာကို မူအရအပြည့်အဝလက်ခံတယ်၊ နိုင်ငံတစ်နိုင်ငံမှာ တပ်မတော်တစ်ခုပဲ ရှိရမယ်၊ ဒါကို ကျနော်တို့ လက်ခံတယ်၊ အဲ့ဒီလိုနိုင်ငံတစ်နိုင်ငံမှာ တပ်မတော်တစ်ခုတည်းဖြစ်ရေးဟာ ဘယ်အချိန်မှာသွားပြီးတော့ အဖြေရှာလဲဆိုတော့ တနိုင်ငံလုံးပဋိပက္ခတွေ ချုပ်ငြိမ်းပြီးတော့ နိုင်ငံရေးသဘောတူညီချက်ကို ရရှိတဲ့အချိန်  ကျနော်တို့ ပြည်ထောင်စု သဘောတူစာချုပ်ကြီးချုပ်ပြီးတဲ့အချိန်မှာ အဲ့ဒီအချိန်မှာတော့ ဖက်ဒရယ်ပြည်ထောင်စုကြီးမှာ ဘယ်လိုနေကြမယ်၊ ဘယ်လိုအတူတကွ တန်းတူရည်တူရှိမယ်ဆိုတာမျိုး ကျနော်တို့ ဆုံးဖြတ်ပြီးတဲ့နောက်မှာကျရင်တော့ တပ်မတော်တရပ်တည်းကို မဖြစ်မနေ ကျနော်တို့ကိုယ်တိုင် အားလုံးတက်ညီလက်ညီနဲ့ ပူးပေါင်းပါဝင်ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု ကာကွယ်ရေးလုပ်ငန်းအတွက် အားလုံးဟာ ကာကွယ်ရေးတပ်မတော်ကြီးတရပ်တည်း ပေါင်းစည်းသွားရေး၊ ပါဝင်သွားရေးကတော့ အားလုံးပြင်ဆင်ရမှာဖြစ်ပါတယ်၊ ဒါတော့ မလွှဲမရှောင်သာ ကျနော်တို့ နိုင်ငံရေး သဘောတူညီချက်ရပြီးတဲ့နောက်မှာ လုပ်ရမဲ့အလုပ်ဖြစ်တယ်ဆိုတာ ကျနော်တို့ ခံယူထားပြီးသားဖြစ်ပါတယ်၊ ဒီအတွက်လည်း ဘာအခက်အခဲမှ မရှိပါဘူး၊ ကာလအပိုင်းအခြားလေးတစ်ခုကြားမှာ နိုင်ငံရေးသဘောတူညီချက် မရခင်စပ်ကြားမှာ ဖြစ်နေတဲ့အခြေအနေလေး တရပ်သာဖြစ်ပါတယ်လို့ အဲ့ဒါကို ကျနော်တင်ပြလျက်ပါတယ်။

ကိုကျော်ကျော်အောင်။          ။ဗိုလ်မှူးကြီး ခွန်ဥက္ကာကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ။            ။ဟုတ်ကဲ့ခင်ဗျ။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org