EITI အဖွဲ့ဝင်တွေနဲ့ ဝမ်ပေါင် တာဝန်ရှိသူတွေ တွေ့မယ့်အကြောင်း မေးမြန်းချက်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီး မြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဒီလ ၁၄ရက်နေ့ နေပြည်တော် မှာ ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအပေါ် အကောင်အထည်ဖော်မှုကော်မတီ၊ ဝမ်ပေါင်ကုမ္ပဏီ နဲ့ မြန်မာနိုင်ငံတွင်းထွက် သဘာ၀ သယံဇာတ အရင်းအမြစ်တူးဖော် ထုတ်လုပ်ရေးနဲ့ ပွင့်လင်းမြင်သာ မှု ဖော်ဆောင်ရေးအဖွဲ့က ဗဟို အလုပ်အမှုဆောင်တွေ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဒီလ ၁၄ရက်နေ့ နေပြည်တော်မှာ ကြေးနီ စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်အစီရင်ခံစာအပေါ် အကောင်အထည်ဖော်မှုကော်မတီ၊ ဝမ်ပေါင်ကုမ္ပဏီ နဲ့ မြန်မာနိုင်ငံတွင်းထွက် သဘာ၀ သယံဇာတ အရင်းအမြစ်တူးဖော် ထုတ်လုပ်ရေးနဲ့ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့က ဗဟိုအလုပ်အမှုဆောင်တွေ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်မယ့် MATA ခေါ် မြန်မာနိုင်ငံ တွင်းထွက် သဘာဝသယံဇာတ အရင်းအမြစ် တူးဖော် ထုတ်လုပ်ရေးနဲ့ ပွင့်လင်းမြင်သာ မှု ဖော်ဆောင်ရေးအဖွဲ့က ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းမျိုးသူကို RFA သတင်းထောက် မစန်းမော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးဝင်းမျိုးသူနဲ့ မေးမြန်းချက်အပြည့်အစုံ

စန်းမော်အောင်။    ။ လက်ပံတောင်းတောင် ကိစ္စနဲ့ပတ်သက်ပြီးတော့ EITI အဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေးသွားမယ် ပြောတယ်ရှင့်၊ ဒီအစည်းအဝေးမှာ ဘယ်အချက်တွေများ ဆရာတို့ တွေ့ဆုံဆွေးနွေးသွားမလဲရှင့်။

ဦးဝင်းမျိုးသူ။                ။ EITI သုံးပွင့်ဆိုင်အဖွဲ့ပေါ့နော်၊ အထူးအစည်းအဝေး၊ လက်ပံ တောင်းတောင် အခုဖြစ်တဲ့ ကိစ္စပေါ်မှာ လက်ရှိ EITI အကောင် အထည်ဖော်မှုနဲ့ရော ဘယ်လိုလာပြီးတော့ ဆက်စပ်မှု၊ အကျိုးသက်ရောက်မှုရှိလဲပေါ့နော်၊ ကျနော်တို့ အရပ်ဖွဲ့အဖွဲ့အစည်းတွေနဲ့ လုပ်ရကိုင်ရတဲ့ အခါမှာရော ဘယ်လိုအခက်အခဲတွေ ရှိလဲပေါ့၊ ဒါတွေတင်ပြဖို့နဲ့ တဖြင့်သယံဇာတ စီမံခန့်ခွဲ့နေရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ တာဝန်ယူ၊ တာဝန်ခံမှုရှိဖို့အတွက်ကို ဘာတွေ ဆက်လုပ်သွားမလဲပေါ့။

စန်းမော်အောင်။    ။ လက်ပံတောင်းတောင် အစီရင်ခံစာကို အကောင်အထည် ဖော်မှုမှာလဲ လိုအပ်ချက်တွေရှိနေသေးတယ်ဆိုတော့ အခုလိုမျိုး အရပ်ဖက်အဖွဲ့ အစည်းရဲ့ထောက်ပြချက်ကိုရော  အစိုးရကလိုက်ပါဆောင်ရွက်နိုင်မှု အခြေအနေ ရှိပါလား၊ ဘယ်လိုအားနည်းချက်တွေကို ထောက်ပြဆွေးနွေးသွားမလဲရှင့်။

ဦးဝင်းမျိုးသူ။                ။ မြေသိမ်းတဲ့ကိစ္စ၊ အစိုးရကတက်သိမ်းတဲ့ကိစ္စအပေါ်မှာ ဒါကျနော်တို့ဆွေးနွေးရမယ်၊ ဟိုဖက်ဒေသခံဒေါ်ခင်ဝင်းသေသွားတာ၊ အင်အားအလွန် အကျွံသုံးတာဆွေးနွေးရမယ်၊ ကျနော်တို့ အဓိက ရွာသူရွာသားတွေတွက်ဆိုရင် မြေသိမ်းတဲ့ကိစ္စ ဧက ၃၀၀၀ ကျော်တက်ပြီး ခြံစည်းရိုးခတ်တဲ့ ကိစ္စက ကျနော်တို့ အရပ်ဖက်လူမှုအဖွဲ့အစည်းက ဘယ်လိုမြင်လဲဆိုတာ ကျနော်တို့ အဓိကတင်ပြမှာပေါ့။ ရုံးရင်းဆန်ခတ်ဖြစ်လို့ ဒါတရားဥပဒေစိုးမိုးရေး အတွက်ပြည်သူ့ရဲက ဆောင်ရွက်ရရင်လဲ သူတို့ဆောင်ရွက်ရတဲ့အပိုင်းက အင်အားအလွန်အကျွံသုံးတဲ့အတွက် ဒီလိုဖြစ်သွားလား ဆိုတာကို ဆွေးနွေးရမှာ တစ်ပိုင်းလိုဖြစ်နေတာပေါ့ဗျာ၊ ပြည်သူအများစုနဲ့ အရပ်ဖက်လူ့ အဖွဲ့ကတော့ အစိုးရကတာဝန်ယူဖို့လိုတယ်လို့ မြင်တယ်ပေါ့၊ တာဝန်ယူ၊ တာဝန်ခံ မလုပ်ဘူး ဆိုရင် သယံဇာတာတွေဟာ ကျနော်တို့ပြည်သူတွေအတွက်မဟုတ်ဘူး၊ ကျိန်စာသင့်နေမှာပေါ့၊ ပြည်သူတွေကတော့ဖြစ်စေချင်တာပေါ့၊ အစိုးရကတော့ တာဝန်ယူ၊ တာဝန်ခံမှုကို ပြောမယ့်အစား၊ သူတို့ကတော့ အကောင်းဆုံးလုပ်ထားတယ်၊ ဒါတွေကိုပဲ တွင်တွင်ပြောနေတယ်ဆိုတော့ အစည်းအဝေးကျမှကြည့် ရမှာပဲ၊ သူတို့ပြောနေကြ ဓာတ်ပြားပဲပြန်ဖွင့်မယ်ထင်ပါတယ်။

စန်းမော်အောင်။    ။ ဒီလက်ပံတောင်းတောင် ကိစ္စနဲ့ပတ်သက်ပြီးတော့ စီမံကိန်း ဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေဖက်ကလဲ တွေ့မယ်ပြောတယ်၊ ဒီကုမ္ပဏီတွေ ကိုရော ဆရာတို့အနေနဲ့ ဘယ်လိုမျိုးအကြံပြုဆွေးနွေးမှုတွေလုပ်သွားမလဲရှင့်။

ဦးဝင်းမျိုးသူ။                ။ ကုမ္ပဏီအနေနဲ့ကတော့ ကျနော်တို့ ဒီထဲမှာက နဂိုတည်းက မာန်ဘာ ၆ ခုပါပြီးသား၊ ကျနော်တို့ကတော့ အရပ်ဖက်လူမှုအဖွဲ့ အစည်းတွေရဲ့စဉ်းစားပုံ၊ စဉ်းစားနည်းတွေကို တင်ပြမှာပဲလေ၊ သူတို့သဘောမတူတာ၊ သူတို့မကြိုက်တာ သူတို့ကတော့ ဒီတိုင်းပဲအခြေအနေကို ထိုင်ကြည့်နေ မယ့် သဘောပဲရှိမယ်ထင်ပါတယ်၊ ဒီလက်ရှိလက်ပံတောင်းတောင် အကောင်အထည်ဖော်တဲ့နေရာမှာကတော့ ကျနော်တို့ EITI လုပ်ငန်းနဲ့တိုက်ရိုက်ဆက်စပ် မနေဘူးပေါ့၊ သူတို့လဲပဲ အဲ့ဒီကလုပ်တဲ့လုပ်ငန်းရဲ့ ကုန်ကျစရိတ်တွေ၊ သူတို့ရဲ့ရတဲ့ အခွန်၊ ဘဏ္ဍငွေတွေကတော့ ပို့ရမယ့်ထဲတော့ပါလာ မှာပေါ့၊ ကိန်း ဂဏန်းတွေမှန်ကန်လား၊ မရှိဘူးလား၊ လူထုလက်ခံနိုင်တဲ့အနေအထား ရှိလား၊ မရှိဘူးလားဆိုတာကတော့ ဆန်းစစ်ရမှာ အရပ်ဖက်လူမှုအဖွဲ့အစည်း ရဲ့တာဝန်ပဲပေါ့၊ အဲ့ကိစ္စတွေကတော့ ဆွေးနွေးမှာပေါ့။

စန်းမော်အောင်။    ။ ဒီ ၃ ပွင့်ဆိုင်ဆွေးနွေးမှုကနေ အဖြေရှာနိုင်မှုရှိနိုင်မလားဆရာ၊ အစိုးရကလဲလုပ်ချင်တာလုပ်တယ်၊ အရပ်ဖက်လူမှုအဖွဲ့အစည်း တင်ပြဆွေးနွေးမှုကို နားထောင်မှုမရှိဘူးဆိုတာလဲ ဖြစ်နေတယ်ဆရာ၊ အဲ့အချက်နဲ့ ပတ်သက်လို့ရော ဆရာတို့အနေနဲ့ ဘယ်လိုသုံးသပ်ချင်လဲရှင့်။

ဦးဝင်းမျိုးသူ။                ။ အစိုးရရဲ့လက်ရှိသွားနေတဲ့ ပုံစံကိုကြည့်ခြင်းအားဖြင့် အစိုးရကသူမှန်ပါတယ်လို့ပဲ တောက်လျှောက်ပြောနေတဲ့ အတွက်ကြောင့် ကျနော်တို့ကမှားပါတယ်လို့ပြောလဲ သူတို့ကလက်ခံမှာမဟုတ်ဘူးလေ၊ ကျနော်တို့မှာ တခြားပါတီကနေလာပြီးလုပ်ပေးမယ့်သူကမရှိဘူး၊ နိုင်ငံတကာကလာလဲ အစိုးရက လက်ခံမှာ မဟုတ်ဘူးလေ၊ လက်မခံတော့ ကျနော်တို့ကလဲ ကျနော်တို့အမြင်ထုတ် ပြော၊ သူတို့ကလဲ သူတို့အမြင်ထုတ်ပြော ညှိမရရင် ကျနော်တို့တွေ ရဲ့အမြင် ၂ ခုကို ပြည်သူတွေကိုချပြ၊ ပြည်သူတွေကဘယ်ဟာကို လက်ခံတယ်၊ လုပ်ရမယ့်အပိုင်းတွေပဲ ရှိတယ်ပေါ့နော်။

စန်းမော်အောင်။    ။ ၃ ပွင့်ဆိုင်ဆွေးနွေးဖို့အတွက်ကို ဒေသခံတွေရဲ့အသံကို ဖော်ပြနိုင်ဖို့အတွက် ဒေသခံတွေနဲ့ ဆရာတို့တွေ့ဆုံဆွေးနွေးထားတာ များရှိလားဆရာ။

ဦးဝင်းမျိုးသူ။                ။ သူတို့ဖြစ်တဲ့အချိန်မှာ သူတို့ရဲ့အမြင်တွေကိုတော့ ကျနော်တို့ အဖွဲ့သူ၊ အဖွဲ့သားတွေက ယူထားတာရှိတယ်လေ၊ အဲ့ချက်တွေကို စုဆောင်ပြီးတော့ အရပ်ဖက်အဖွဲ့အစည်းရဲ့အမြင်နဲ့တော့ တင်ပြမှာပေါ့ဗျာ၊ အဲ့ဒါတွေတော့ ကျနော်တို့မှတ်တမ်းအနေနဲ့ ယူလို့ရတယ်လေ၊ တချိန်မှာ သမိုင်း မှတ်တမ်းအနေနဲ့တော့ ဆုံးဖြတ်ပေးမှာပေါ့၊

စန်းမော်အောင်။    ။ ၃ ပွင့်ဆိုင်တွေ့ဆုံမှုကနေ ဆရာတို့အနေနဲ့ ဘယ်လိုမျိုးလုပ်ငန်း စဉ်ကို ဆက်လုပ်သွားဖို့ရှိလဲရှင့်။

ဦးဝင်းမျိုးသူ။                ။ ကျနော်တို့ကတော့ ကျနော်တို့အမြင်ကို တင်ပြမှာပေါ့၊ လက်ရှိ လက်ပံတောင်းဖြစ်သွားတဲ့ အခါမှာ အရပ်ဖက်အဖွဲ့အစည်းက ဘယ်လိုမြင်လဲပေါ့ဗျာ၊ မှတ်တမ်း၊ မှတ်ရာယူထားတယ်ပေါ့ဗျာ၊

စန်းမော်အောင်။    ။ အခုလိုမျိုး RFA ကိုဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ် ဆရာ။

ဦးဝင်းမျိုးသူ။                ။ ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့။

 

 

 

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org