ဒီဇင်ဘာလ ၁၈ ရက်နေ့ မှာ ဆွေးနွေးဖို့ လျာထားတဲ့ ငြိမ်းချမ်းရေးကိစ္စ ဆုံးဖြတ်ချက် မချရသေး
လာမယ့် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ UPWC နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ နောက်ထပ် ဆွေးနွေးဖို့ လျာထားပေမယ့် အစိုးရဖက်က ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ရှင်းပြတာမရှိသေးတဲ့ အတွက် တိုင်းရင်းသားတွေဖက်က ဆုံးဖြတ်ချက် မချရသေးကြောင်း သိရပါတယ်။
-
2014-12-11 -
-
-
Your browser doesn’t support HTML5 audio
လာမယ့် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ UPWC နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ နောက်ထပ် ဆွေးနွေးဖို့ လျာထားပေမယ့် အစိုးရဖက်က ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ရှင်းပြတာမရှိသေးတဲ့အတွက် တိုင်းရင်းသားတွေဖက်က ဆုံးဖြတ်ချက် မချရသေးကြောင်း သိရပါတယ်။
NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာနဲ့ မေးမြန်းချက် အပြည့်အစုံ
ကိုကျော်သူ။ ။UPWC နဲ့ NCCT တို့လာမယ့်ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ တွေ့ဆုံကြမယ်ဆိုတော့လေ NCCT အနေနဲ့ပေါ့ ဘယ်လိုများ ပြင်ဆင်ထားပြီလဲဆိုတာ သိချင်လို့ပါဗျ။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ။ ။မဆုံးဖြတ်သေးဘူးခင်ဗျ၊ တွေ့ဆုံကြမယ်ဆိုတာ မဆုံးဖြတ်သေးဘူးခင်ဗျ၊ အဲ့ဒီလိုထွက်တာက ကြိုတင်ဟောကိန်းတွေဖြစ်လိမ့်မယ်၊ ဆုံးဖြတ်ချက်အနေနဲ့တော့ မချရသေးဘူးခင်ဗျ၊ NCCT မှာ ဘာကြောင့်လည်းဆိုတော့ ဒီ ၁၄ နဲ့ ၁၅ မှာ ကျနော်တို့အချင်းချင်း အစည်းဝေးထိုင်ရဦးမယ်ခင်ဗျ၊ ဆုံးဖြတ်ချက်အနေနဲ့တော့ ဘာမှမကျသေးပါဘူး၊ ဟိုဘက်ကတော့ လာဖိတ်ထားတာရှိတယ် ဒါပေမဲ့ ကျနော်တို့ကတော့ ဆုံးဖြတ်ချက်မချရသေးဘူး၊ အခုလည်း နောက်ထပ်လည်းထပ်လာကြဦးမယ်၊ NCCT ဘက်ကခေါင်းဆောင်တွေ၊ လာလို့ရှိရင် သူတို့နှစ်ဘက်တွေ့ပြီးတော့မှ အပြီးသတ်လုပ်မှာပေါ့ဗျာ၊ အခုထိတော့ ကျနော်တို့ ဆုံးဖြတ်ချက်ချထားတာ မရှိသေးတော့ ကျနော်တို့ အတိအကျတော့ မပြောနိုင်သေးဘူးပေါ့။
ကိုကျော်သူ။ ။ NCCT နဲ့ပေါ့လေ ဒီဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် အခုအချိန်အထိ ဆုံးဖြတ်ချက်မချရသေးဘူးဆိုတာ ဘာကြောင့်များပါလဲဗျာ၊ အဲ့ဒါလေးလည်း ရှင်းပြပေးပါလားဗျ။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ။ ။အချက်အလက်မစုံသေးလို့ပေါ့ဗျ၊ အဓိက အချက်အလက်မစုံသေးတော့ ကျနော်တို့ NCCT မှာက အဖွဲ့ခေါင်းဆောင်က နိုင်ဟံသာဖြစ်တယ်၊ သူရဲ့ဗဟိုကော်မတီအစည်းအဝေးသွားတာ မရောက်သေးဘူးဗျ၊ နောက်တစ်ခါ ဒုတိယအဖွဲ့ခေါင်းဆောင်က ပဒိုကွယ်ထူးဝင်းဖြစ်တယ်၊ သူလည်းပဲ KNU မှာဗဟိုအလုပ်ရှိလို့ ပြန်သွားတယ်၊ နောက် ဒုတိယအဖွဲ့ခေါင်းဆောင် နံပါတ် ၂ ဗိုလ်ချုပ်ဂွမ်မော်ကလည်း သူ့ရဲ့ လိုင်ဇာကိုပြန်သွားတယ်၊ အဖွဲ့ခေါင်းဆောင်တွေ မစုံသေးဘူး၊ မဆုံးဖြတ်ရသေးဘူးဆိုတော့ အဲ့အတိုင်းကို ကျနော်တို့က မဆုံးဖြတ်နိုင်သေးဘူးပေါ့၊ လူမစုံသေးတာလည်းပါတာပေါ့။
ကိုကျော်သူ။ ။ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က လိုင်ဇာမြို့က ဗိုလ်သင်တန်းကျောင်းကို တက်မတော်က ပစ်လိုက်တဲ့လက်နက်ကြီးကြောင့်ပေါ့လေ၊ အဲ့ဒီအခြေအနေလည်းဖြစ်ခဲ့တယ်၊ ဒါကြောင့်မို့လို့လည်း ဒီကိစ္စကိုအစိုးရဆီကို တစုံတရာအကြောင်းပြန်ကြားဖို့အတွက် NCCT ကလည်းပြောထားတာရှိတယ်၊ အဲ့ဒီကိစ္စနဲ့ရော ဆက်နွယ်မလားခင်ဗျ။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ။ ။အဲ့ဒါလည်းပဲ တစ်ကြောင်းပါတာပေါ့ဗျာ၊ ဒီဟာက အစိုးရဘက်ကရယ်၊ တပ်မတော်ဘက်ကရယ် နားလည်မှုလွဲတာ ဘယ်လိုပုံစံမျိုးနဲ့ ယုံကြည်မှုကျဆင်းတာကို ပြန်ပြီးတော့ဘယ်လိုမြှင့်တင်မလဲ၊ ဘယ်လိုအဖြေရှာမလဲ၊ ဘယ်လိုကုစားမလဲပေါ့ဗျာ၊ ဒီလိုဆုံးရှုံးနစ်နာမှုကို ဘယ်လိုကုစားမလဲ၊ နောက်နောင်မှာ ဒီလိုအဖြစ်အပျက်မျိုးတွေ ထပ်ပြီးတော့မဖြစ်ပေါ်အောင် ဘယ်လိုလုပ်မလဲ၊ အဲဒီအချက်တွေကလည်း အရေးကြီးတယ်ဆိုတော့ ဒါတွေကိုကျနော်တို့ အချက်အလက်ပြည့်ပြည့်စုံစုံလေး ရပြီးရင်တော့အဆင်ပြေမယ်လို့တော့ ယူဆတာပေါ့ဗျာ။
ကိုကျော်သူ။ ။ NCCT နဲ့ပေါ့လေ အစိုးရဆီကို လိုင်ဇာကိစ္စအကြောင်းကြားတာ ဘယ်တုန်းကအကြောင်းကြားခဲ့တာလဲဗျ၊
ဗိုလ်မှူးကြီး ခွန်ဥက္ကာ။ ။ကျနော်တို့ လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက် ၃ ရက် ကျနော်တို့ တွေ့ကြတယ်ပေါ့လေ၊ တွေ့တဲ့အခါမှာ ကျနော်တို့ ဒီဟာကို NCCT ဘက်တင်ပြလိုက်တယ်ပေါ့၊ အဲ့ဒီတော့ ကျနော်တို့ရဲ့အဖွဲ့ခေါင်းဆောင် နိုင်ဟံသာကိုယ်တိုင်က သူတို့ကို တရားဝင်တင်ပြလိုက်တာပေါ့ဗျာ။
ကိုကျော်သူ။ ။ဒီကိစ္စကို အစိုးရကတစုံတရာ အကြောင်းပြန်ကြားလာခြင်း မရှိဘူးဆိုလို့ရှိရင်ရော UPWC နဲ့ တက်ရောက်ဖြစ်ဖို့ အလားအလာအခြေအနေ ဘယ်လိုများဖြစ်လာနိုင်မလဲခင်ဗျ။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ။ ။အဲ့ဒါလည်းပြောလို့မရသေးဘူး၊ မရှိဘူးလည်းပြောလို့မရဘူး၊ ရှိတယ်လို့လည်းပြောလို့မရဘူး၊ ဘာဖြစ်ဖြစ်တော့ ၃၊ ၄ ရက်တော့ ကျနော်တို့ စောင့်ကြည့်ရမယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ၁၂၊ ၁၃၊ ၁၄ လောက်မှာ MPC ဘက်ကခေါင်းဆောင်တွေကတော့ ဒီဘက်ချင်းမိုင်ကို လာကြဦးမယ်လို့ပြောတယ်ဆိုတော့ သူတို့နဲ့အတူ သတင်းကောင်းတွေ ပါလာမယ်လို့တော့ ယူဆတယ်ပေါ့၊ သူတို့နဲ့တွေ့ပြီးမှ ကျနော်တို့ဘယ်လိုဖြစ်မယ်၊ ဘယ်လိုဖြစ်မယ်ဆိုတာ ပိုကောင်းပါတယ်၊ အခုအချိန်မှာ ကြိုတင်ဟောကိန်းထုတ်လို့ရှိရင် လွဲနိုင်ပါတယ်၊ MPC ကခေါင်းဆောင်တွေ လာကြမယ်ဆိုတော့ အလွတ်သဘောတွေ့ကြမှာပါ။
ကိုကျော်သူ။ ။ဒါဆိုရင် အဲ့ဒီခေါင်းဆောင်တွေလာကြပြီးတော့ အလွတ်သဘောတွေ့မယ်၊ တွေ့ပြီးရင် NCCT ရဲ့အစည်းအဝေး ဆုံးဖြတ်ချက်ချမှာလားခင်ဗျ။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ။ ။ဟုတ်ပါတယ် ဆုံးဖြတ်ချက်ချမှာပါ၊ အဲ့ဒီအခါကျမှ ကျနော်တို့ လိုအပ်သလို ထုတ်ပြန်ပြီးပြောသွားမှာဖြစ်ပါတယ်၊ ဘာပဲဖြစ်ဖြစ်တော့ ကျနော်တို့ နှစ်ဘက်စလုံးကတော့ ဒီဆွေးနွေးပွဲကို ရပ်တန့်သွားအောင်၊ ဆွေးနွေးပွဲပျက်သွားအောင် ဘယ်သူမှတော့ လုပ်ချင်တဲ့ဆန္ဒမရှိပါဘူး၊ ဆွေးနွေးပွဲကတော့ ဆက်သွားဖို့ဆိုတာအားလုံးက မျှော်လင့်တောင့်တကြပါတယ်၊ ဒါကြောင့်ကောင်းတဲ့သတင်းတွေပဲ ဖြစ်လိမ့်မယ်လို့ ကျနော်တို့ မျှောင်လင့်တယ်ပေါ့ဗျာ။
ကိုကျော်သူ။ ။ဗိုလ်မှူးကြီးခင်ဗျ၊ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ။ ။ဟုတ်ကဲ့