သမ္မတနဲ့ လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံပွဲ ဗိုလ်မှူးကြီး ခွန်ဥက္ကာနဲ့ မေးမြန်းချက်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖဲ့ွ ၁၂ ဖဲ့ွ က ခေါင်းဆောင်တွေ နေပြည်တော်မှာ မနေ့ က တွေ့ဆုံပြီး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖဲ့ွ ၁၂ ဖဲ့ွက ခေါင်းဆောင်တွေ နေပြည်တော်မှာ မနေ့က တွေ့ဆုံပြီး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေး အတွက် ဆွေးနွေးခဲ့ကြပါတယ်။

မနေ့က ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖဲ့ွချုပ် PNLOနာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကို RFA သတင်းထောက် မစန်းမော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မစန်းမော်အောင်။                  ။ဒီနေ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ သမ္မတနဲ့တွေ့ဆုံမှုမှာ သမ္မတ ဘက်ကနေ ဘယ်လိုမှတ်ချက်ပြုစကား ပြောကြားလဲ၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ဘယ်လိုဆွေးနွေးခဲ့ကြလဲရှင့်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ။              ။သမ္မတကြီးကတော့ သူ့ရဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှု၊ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ပေါ့လေ၊ အဲ့ဒီလိုနဲ့ မိတ်ဆက် ပြီးတော့ ပြောကြားတာတွေ့ရပါတယ်၊ အထူးသဖြင့်တော့ အပစ်အခတ်ရပ်စဲရေးကနေပြီးတော့ နိုင်ငံရေးဆွေးနွေး ပွဲတွေ ကျင်းပနိုင်ဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကနေတဆင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ပြောဆိုတာတွေ့ရပါတယ်။

မစန်းမော်အောင်။                  ။ဒီအပစ်အခတ်လက်မှတ် ရေးထိုးနိုင်ဖို့အတွက် သမ္မတက တိုက်တွန်းမှုတွေများ ရှိခဲ့လား၊ ပြည်ထောင်စုနေ့မှာ လက်မှတ်ရေးထိုးနိုင်ဖို့အတွက်ကိုလည်း ဘယ်လိုများဆွေးနွေးခဲ့မှုတွေရှိခဲ့လဲရှင့်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ။              ။သမ္မတကြီးကတော့ ပြည်ထောင်စုနေ့ဆိုရင်တော့ အစဉ်အလာလည်းရှိတယ်၊ အထိမ်းအမှတ်လည်း ဖြစ်တယ်ပေါ့လေ၊ ၂ဝ၁၅ အတွက်ပွဲဦးထွက် အောင်ပွဲအဖြစ်နဲ့ အနာဂတ်ကောင်းကျိုး အတွက် ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးဖြစ်ရင်တော့ ကောင်းမယ်ဆိုတဲ့ လမ်းညွှန်မှုတော့ပြုပါတယ်၊ ဘယ်သူမှတော့ မကန့်ကွက်ပါဘူး၊ ဒါအခြေခံအကြောင်းတရားတွေကတော့ နည်းနည်းတော့လိုတာပေါ့၊ ဥပမာ လက်မှတ်ထို့မယ့်စာချုပ်ထဲမှာ ပါသင့်ပါထိုက်တဲ့အချက်အလက်တွေ ပြည့်ပြည့်စုံစုံလေးပါလာပြီဆိုရင်တော့ လက်မှတ်ထိုးဖို့ကမခက်ဘူး၊ နိုင်ငံရေးအခြေအနေနဲ့ စာချုပ်ထဲမှာ ပါသင့်ပါထိုက်တဲ့ အချက်အလက်တွေပေါ့ အဲ့ဒီသုံးလေးမျိုးကို ကြည့်ပြီးတော့ ကျနော်တို့က ပြည်ထောင်စုနေ့မှာ ဖြစ်နိုင်မဖြစ်နိုင်ပေါ့လေ သုံးသပ်ရ မှာပေါ့နော်။

မစန်းမော်အောင်။                  ။တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံ ခဲ့တယ်ဆိုတော့ ဗိုလ်ချုပ်မှူးကြီးတို့ဘက်ကနေတော့မှ လက်ရှိငြိမ်းချမ်းရေးကို ဘယ်လိုမျိုးဆွေးနွေးမှုတွေ ရှိခဲ့လဲရှင့်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ။              ။ ဗိုလ်ချုပ်မှူးကြီးကတော့ ငြိမ်းချမ်းရေးပတ်သက်တဲ့ သူ့ရဲ့မူ ၆ ရပ်ကိုပြန်ပြီးတော့ ရှင်းလင်းတင်ပြတာရှိပါတယ်၊ သို့သော်လည်းပဲမူ ၆ ချက်ကတော့ ပျော့ပျော့ပျောင်းပျောင်းနဲ့ လှည့်သာပြောင်းသာ ဒီမူ ၆ ချက်ကလည်း အရေးကြီးတဲ့အကြောင်းကို သူရှင်းပြတာဖြစ်ပါတယ်၊ အပစ်အခက်ရပ်စဲရေးက တပ်ပိုင်းဆိုင်ရာတပ်ကိစ္စတွေဖြစ်တော့ တပ်ဘက်ကပိုပြီးတော့ သတိထားပြီးတော့ ပါဝင်ဖို့လိုသလို တဘက်ကလည်းပဲ ပြည်ထောင်စုသမ္မတကြီး ကိုယ်တိုင်ကဦးဆောင်ဦးရွက်ပြုနေတယ်၊ အကြီးအကဲကိုယ်တိုင်က ဆုံးဖြတ်ပါဝင်နေတယ်ဆိုတော့ ဒီအဆုံးအဖြတ်နောက်မှာ ဦးဆောင်မှုအောက်မှာ တပ်မတော်ကလည်းပဲ လိုက်ပါပြီးတော့ဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောမျိုး၊ လေးစားလိုက်နာမယ့်အကြောင်း ထပ်ပြီးတော့ တင်ပြတာတွေ့ရပါတယ်။

မစန်းမော်အောင်။                  ။အခုလိုမျိုး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံတဲ့အခါကျတော့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမှာ ပါဝင်လိုတဲ့စိတ်ဆန္ဒကိုကော ဘယ်လိုမျိုးမြင်ခဲ့ရလဲ၊ သူတို့ဆွေးနွေးချက်ကိုကြည့်ပြီး တိုင်းရင်း သားခေါင်းဆောင်တွေရဲ့ သဘောထားကော ဘယ်လိုရှိလဲရှင့်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ။              ။ကျနော်တို့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ မူ ၆ ချက်မှာ ငြိမ်းချမ်းရေးအတွက် တကယ် အာသီသရှိရမယ်၊ တကယ်လိုလားတဲ့ စိတ်ဓါတ်ရှိရမယ်ဆိုပြီးတော့ သူကထည့်တာ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်ကလည်း တပ်မတော်ဟာ ငြိမ်းချမ်းရေးအတွက်တကယ် လိုလားရဲ့လားဆိုတဲ့ မေးခွန်းမျိုး လည်း ဖြစ်တော့ဘာပဲဖြစ်ဖြစ် နှစ်ဘက်စလုံးကတော့ ငြိမ်းချမ်းရေးအတွက် တကယ်လိုလားတဲ့ဟာတော့ နှစ်ဘက် စလုံးကသက်သေပြတဲ့ လုပ်ငန်းတွေလုပ်ပြရမှာပေါ့၊ ဒီစစ်ဆင်ရေးတွေ ရပ်ဆိုင်းဖို့မရပ်ဆိုင်းနိုင်ရင်လည်း လျော့ဖို့နဲ့ ရန်လိုမှုတွေပေါ့လေရပ်စဲဖို့ အဲ့ဒါကိုတော့ ကျနော်တို့ တောင်းဆိုလိုက်တာပေါ့လေ၊ အဲ့ဒါတော့ တောင်းဆိုတယ်။

မစန်းမော်အောင်။                  ။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကရော အပစ်အခက်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေအထိ သွားဖို့အတွက်ကိုကော တင်ပြခဲ့တာမျိုးရှိလား၊ ဘယ်အချက်တွေကိုများ ထောက်ပြဆွေးနွေးခဲ့မှုတွေ ရှိလဲရှင့်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ။              ။ကျနော်တို့အားလုံး ၁၂ ဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူးစေးဖော ကတော့ နိုင်ငံရေးဆွေနွေးပွဲတွေသွားနိုင်ဖို့၊ လက်မှတ်ထိုးနိုင်ဖို့အတွက် စိတ်ထက်သန်တဲ့အကြောင်း တင်ပြတာရှိပါတယ်၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ရှင်းဖို့ကတော့ ဒီနိုင်ငံရေးဆွေးနွေးပွဲလုပ်တဲ့နည်း တစ်နည်းပဲရှိပါတယ်၊ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ကတော့ အားလုံးအာသီသရှိကြပါတယ်ပေါ့။

မစန်းမော်အောင်။                  ။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ကော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဆုံခဲ့တဲ့အတွက် တိုင်းရင်းသားခေါင်းဆောင်တွေရဲ့သဘောထားဘယ်လိုမျိုး ပြောင်းလာမှုတွေရှိလဲ၊ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အမြင်တွေလည်း သိချင်ပါတယ်ရှင့်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ။              ။ရှေ့သွားရမယ့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပေါ့ ၊ နိုင်ငံရေးဆွေးနွေးပွဲ ကိစ္စရပ်တွေမှာလည်းပဲ ပိုချေုာမွေ့သွားမယ်လို့တော့ ကျနော်တို့ မျော်လင့်တာပေါ့ဗျာ၊ အဲ့ဒါပါပဲ နိဂုံးချုပ်ချင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org