စစ်ဗိုလ်တွေရဲ့ ဇနီးမယားတွေ ဓမ္မဘက်က ရပ်တည်ဖို့ CDM ဗိုလ်ကြီးဇနီး တိုက်တွန်း

တကယ်လို့သာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သူ့ဇနီးကသာ နားချဖျောင်းဖျနိုင်ခဲ့မယ်ဆိုရင် အခုလိုအာဏာသိမ်းပွဲဖြစ်ပေါ်ခဲ့မှာ မဟုတ်ဘူးလို့လည်း CDM စစ်ဗိုလ်တစ်ဦးရဲ့ ဇနီးဖြစ်တဲ့ ဒေါ်စုသစ်က ပြောပါတယ်။

၂ဝ၁၉ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် (၇၄)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမြင်ကွင်းတစ်ခု။ Photo: AFP

လွတ်မြောက်နယ်မြေရောက် CDM စစ်ဗိုလ်တစ်ဦးရဲ့ ဇနီးဖြစ်တဲ့ ဒေါ်စုသစ်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်အောက်မှာ လက်ရှိ အမှုထမ်းနေဆဲဖြစ်တဲ့ စစ်ဗိုလ်စစ်သားတွေရဲ့ ဇနီးမယားတွေကို အမှန်တရားဘက်မှာ ရပ်တည်ဖို့ ရှင်းလင်းပြောဆိုစည်းရုံးလျှက် ရှိပါတယ်။ တကယ်လို့သာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သူ့ဇနီးကသာ နားချဖျောင်းဖျနိုင်ခဲ့မယ်ဆိုရင် အခုလိုအာဏာသိမ်းပွဲဖြစ်ပေါ်ခဲ့မှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။ ဒေါ်စုသစ်ကို RFA က အခုလို ဆက်သွယ်မေးမြန်းထားပါတယ်။


------------


RFA ။ ။ ဒေါ်စုသစ်က လွတ်မြောက်နယ်မြေကို ဘယ်လိုရောက်ရှိလာတာလဲခင်ဗျ။

ဖြေ။ ။ ကျွန်မအမျိုးသား CDM ဗိုလ်ကြီးထက်မြက်က CDM ပြုလုပ်ချိန်မှာ ကျွန်မတို့ လွတ်မြောက်နယ်မြေ ရောက်ရှိလာတာပါ။

RFA ။ ။ ဟုတ်ကဲ့ အခု ဘာတွေများလုပ်ဆောင်နေပါသလဲ ခင်ဗျ။

ဖြေ။ ။ ကျွန်မကတော့ Blooming Padauk ပိတောက်ဖူးဆိုတဲ့ organization ပြုလုပ်ထားပါတယ်။ ဒီပိတောက်ဖူးမှာဆိုရင် ပြည်သူ့စစ်သား ဇနီးများရယ်၊ နောက် Breaking Brain Washed ဘရိတ်ကင်းဘရိန်းဝက်ချ် ဆိုတဲ့ YouTube ချန်နယ်ရယ်၊ စစ်တပ်ရဲ့ ဝါဒမှိုင်းတွေ တိုက်ဖျက်တဲ့ ပရောဂျက်တွေ ပြုလုပ်နေပါတယ်။ ပြည်သူ့စစ်သား ဇနီးများဆိုပြီး စစ်တပ်ထဲက စစ်သားမိန်းမတွေကို လှုံ့ဆော်တဲ့ အလုပ်တွေ၊ သူတို့ ယောက်ျားတွေကို ဓမ္မဘက်မှာ ရပ်တည်ဖို့အတွက် တိုက်တွန်းဖို့အတွက် လှုံ့ဆော်တဲ့အလုပ်တွေကို စတင်ပြီး လုပ်ဆောင်ပါတယ်။ ကျွန်မနဲ့ ကျွန်မအမျိုးသားနဲ့ စစချင်း CDM ပြုလုပ်တဲ့ အချိန်မှာ ကျွန်မက ပြည်သူစစ်စစ်တစ်ယောက်ဖြစ်တယ်။ ကျွန်မတို့ နိုင်ရာတာဝန်ပြန်ထမ်းမယ်ဆိုပြီး စဉ်းစားတယ်။စဉ်းစားတဲ့ အချိန်မှာ ကျွန်မရဲ့အခန်းကဏ္ဍသည် စစ်သားရဲ့ မိန်းမဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ ဒီစစ်သားမိန်းမတွေဟာ စစ်သားတစ်ယောက် Defection ဒီဖက်ရှင်ပြုလုပ်ဖို့ရာမှာ အင်မတန်အရေးပါတယ်။ သူတို့ရဲ့ ထောက်ခံမှု ကူညီမှု အများကြီးလိုအပ်တယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ စစ်သားမိန်းမတွေကို လှုံ့ဆော်တဲ့အလုပ်တွေကို စတင်ပြီးတော့ လုပ်ဖြစ်ရခြင်း ဖြစ်ပါတယ်။

RFA ။ ။ ဟုတ်ကဲ့ စစ်သား ဇနီးမယားတွေကို လက်တွေ့ဘယ်လိုလှုံ့ဆော်စည်းရုံးပါသလဲ ခင်ဗျ။

ဖြေ။ ။ ကျွန်မတို့က စစ်သားဇနီးမယားတွေကို မီဒီယာတွေကနေပြီးတော့ အပတ်စဉ် သောကြာနေ့ညမှာဆိုရင် စကားသံ အစီစဉ်ဆိုတာ ရှိတယ်။ စကားသံအစီစဉ်မှာ ထွက်လာပြီးသားသူတွေရဲ့ သူတို့ ကြုံတွေ့ခဲ့ရတဲ့ဟာတွေကို ပြန်ပြောတာ။ သူတို့က ပြန်တိုက်တွန်းတာပေါ့ လက်ရှိဘဝမှာ ဘယ်လိုနေ နေတယ်၊ ဘယ်လို အဆင်ပြေတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ စစ်တပ်ထဲမှာ စစ်သားတစ်ယောက် ထွက်ပြေးသွားရင် ဝါဒဖြန့်တယ် သတ်ပစ်မှာတို့ ဘာတို့ အဲ့လိုမျိုးပေါ့။ ဒီလိုအစီအစဉ်တွေကို ကျွန်မတို့ မီဒီယာပေါင်းစုံကနေလွှင့်ပြီး လုပ်နေပါတယ်။ နောက်တစ်ခုကကျတော့ သက်သေပြတာပေ့ါနော်။ သူတို့တွေ တကယ်ထွက်လာလို့ရှိရင် ထမင်းမငတ်ဘူးဆိုတာ သက်သေပြဖို့ အတွက် ကျွန်မတို့ ထွက်လာပြီးသားသူတွေကို ထောက်ပံ့တဲ့အလုပ်တွေ လုပ်ဆောင်နေပါတယ်။

RFA ။ ။ ထွက်လာပြီးသားလူတွေကို ဘယ်လိုကူညီမှုတွေပေးနေပါသလဲ ခင်ဗျ။

ဖြေ။ ။ ထွက်လာပြီးတဲ့သူတွေကို လစဉ် ငွေကြေးပံ့ပိုးမှုတွေ ပြုလုပ်ပါတယ်။ ခြောက်သောင်းကနေ တစ်သိန်း၊ သုံးသိန်းအထိ ရနိုင်တဲ့ ငွေကြေးပံ့ပိုးမှုတွေ ပြုလုပ်ပါတယ်။ နောက်တစ်ခုက ကျတော့ တချို့စားနပ်ရိက္ခာ လှူတဲ့သူရှိရင် စားနပ်ရိက္ခာ ပြန်ပေးတာမျိုးတွေ ရှိပါတယ်။ ကလေးတွေအတွက်ဆိုရင် ကျောင်းထားပေးတာမျိုးတွေ ရှိတယ်၊ ပြီးတော့ အသက်မွေးဝမ်းကျောင်းပညာပေါ့နော် စက်ချုပ်သင်တန်း၊ စက်ချုပ်သင်တန်းဆိုရင် ဒီစက်တွေကအစ အကုန်ဝယ်ပေးတာ အဆုံးအထိ ပိတ်စအထိ အပ်ချည်အထိ ဒီလိုမျိုးတွေ ဝယ်ပေးတဲ့ အလုပ်တွေ ထောက်ပံ့ပေးတာပေါ့နော်။ စက်ချုပ်သင်တန်း၊ အချက်အပြုတ်ပေါ့။ အချက်အပြုတ်ဆိုရင် ချက်ပြီးတော့ ရောင်းချနိုင်တဲ့ အထိ သင်ပေးတယ်။ အဲဒီလိုမျိုးပညာရပ်တွေလည်း သင်ပေးနေပါတယ်။ နောက်တစ်ခုက ကလေးငယ်တွေ ပါလာရင်၊ခလေးငယ်ရဲ့ ကိစ္စတွေပေါ့နော် နို့မှုန့်တို့၊ ဒိုင်ပါတို့ ပံ့ပိုးတာမျိုးတွေ ရှိပါတယ်။

RFA။ ။ အခုအချိန်အထိ ဇနီးသားသမီး ဘယ်နှစ်ဦးလောက်ကို ကူညီစောင့်ရှောက်မှုပေးနိုင်ပြီလဲ ခင်ဗျ။

ဖြေ။ ။ ကျွန်မတို့ ၂ဝ၂၁ အောက်တိုဘာက စပြီးတော့ ပံ့ပိုးမှုတွေ စတင်တယ်ပေါ့။ ၂၀၂၁ အောက်တိုဘာကနေပြီး အခု ၂ဝ၂၂ စက်တင်ဘာအထိ ၄၆ ဦးကနေ စတင်ပြီး အခုထိ အခုချိန်မှာဆိုရင် အယောက် ၇၀ ၊ ၈၀ အထိရောက်လာပါပြီ။

RFA ။ ။ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ချိတ်ဆက်လုပ်ဆောင်မှုကော ရှိပါသလားခင်ဗျ။

ဖြေ ။ ။ NUG နဲ့ကတော့ စကားဝိုင်းတွေမှာ ကျွန်မတို့ လှုံ့ဆော်မှုပေါ့။ လက်ယက်ကုန်း ဖြစ်စဉ်မှာ ဆိုလို့ရှိရင် ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ ဖိတ်တယ်။ အမျိုးသမီးဒုဝန်ကြီး မအိသဉ္ဇာမောင်တို့ လာပြောပေးတာမျိုးရှိပါတယ်။ အစပိုင်းမှာတော့ NUG အမျိုးသမီးရေးရာ ဝန်ကြီးတို့၊ ဒေါက်တာဆာဆာ ရဲ့ IOM က ၁၀ သိန်း လှူပေးဖူးတာ ရှိပါတယ်။ နောက်တစ်ခုက Safe house နဲ့ပတ်သက်ပြီးပြည်သူ့ရင်ခွင် ခိုလှုံရေးကော်မတီနဲ့ Safe house မထားနိုင်တဲ့သူတွေကို Safe house ဆက်ငှားပေးတာမျိုးတွေ လုပ်ဆောင်နေပါတယ်။

RFA ။ ။ လက်တွေ့ဆောင်ရွက်ရာမှာ အခက်အခဲ အကောင်းအဆိုး ဘာတွေများရှိလဲ ခင်ဗျ။

ဖြေ။ ။ အခက်အခဲအနေနဲ့ကျတော့ အစပိုင်းတုန်းကတော့ တော်လှန်ရေး စစချင်းမှာ ကူမယ့်လှူမယ်သူတွေတော့ များတယ်။နောက်ပိုင်းမှာတော့ အားလျော့လာတာမျိုးတွေ ရှိတယ်။ ဒီနှစ်ဆန်းပိုင်းမှာဆိုရင် လဆန်းပိုင်းမှာ မပေးနိုင်တာမျိုးတွေ ကြုံခဲ့ရတာတွေရှိတယ်။ ကူညီကယ်ဆယ်တဲ့ အပိုင်းတွေမှာ ခက်ခဲတာမျိုးတွေ ရှိတယ်။ အခက်အခဲတွေကတော့ များလာတယ်လို့ခေါ်လို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေကလည်း များလာတယ်။ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့သူတွေ များလာတော့ အခက်အခဲတွေက ပိုများလာပါတယ်။

RFA ။ ။ အဲဒီတော့ အခုအကူအညီတွေက ဘယ်အဖွဲ့အစည်းတွေက ရနေတာလဲခင်ဗျ။

ဖြေ။ ။ အကူအညီကျတော့ International က human right ကို အားပေးကူညီနေတဲ့ အဖွဲ့အစည်းတွေကနေ အကူအညီရနေပါတယ်။

RFA ။ ။ ဒေါ်စုသစ်အနေနဲ့ တပ်မတော်ထဲမှာ ရှိနေတဲ့ စစ်ဗိုလ်စစ်သားတွေရဲ့ ဇနီးမယားတွေကို ဘာများပြောလိုပါသလဲ ခင်ဗျ။

ဖြေ။ ။ တပ်မတော်ထဲမှာရှိနေတဲ့ အရာရှိတွေရဲ့ ဗိုလ်ချုပ်တွေရဲ့ မိန်းမတွေကအစ ကျွန်မတို့ ဒီတော်လှန်ရေးကလည်း ကြာပါပြီ။ တချို့ဆို သိတယ် ဘာဖြစ်လို့လဲ ဆိုတော့ လွန်ခဲ့တဲ့ နှစ်ပတ် သုံးပတ်လောက်မှာ ကျွန်မတို့ စစ်ဗိုလ်တစ်ယောက်ရဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဓာတ်ပုံ ကျွန်မတို့ တင်တယ်။ ရှေ့တန်းပြန်လာတာကို ပျော်ရွှင်စွာ ကြိုဆိုနေတဲ့ပုံ တင်တယ်။ တင်တော့ လာဖျက်ခိုင်းတယ်။ လာဖျက်ခိုင်းတဲ့ အချိန်မှာ သူရဲ့ပြောစကားမှာ တော်လှန်တာ အဆင့်အတန်းရှိရှိ တော်လှန်ပါဆိုပြီး လာပြောတယ်။ အဲဒီတော့ တော်လှန်ရေးဆိုတာကိုတော့ သူတို့ နားလည်ပုံတော့ရတယ်။ ဘာကြောင့်တော်လှန်တာလည်းဆိုတာကိုလည်း သိနေပုံတော့ ရတယ်။ ဒါပေမယ့် ရုန်းမထွက်လာနိုင်ကြဘူး။ ဒီနေရာမှာ အုပ်စုကွဲ အမျိုးမျိုးရှိတယ်။ မိသားစုကို ငဲ့ကွက်လို့၊ ရှေ့ရေးနောက်ရေးတွက်လို့ ပြည်သူ့ဘက် မရပ်တည်တာမျိုးတွေ ရှိကောင်းရှိနိုင်တယ်ပေါ့နော်။ စစ်သားဇနီးမယားတွေကို ပြောချင်တာ မထွက်လာနိုင်သေးဘူးဆိုရင်လည်း ကိုယ်လုပ်နိုင်တဲ့ အလုပ်တွေ အများကြီးရှိပါတယ်။ တော်လှန်ရေးကို သိနေပြီဆိုရင်တော့ ကိုယ်လုပ်နိုင်တဲ့ဘက်က ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်သားတွေက လုပ်နိုင်တဲ့ အပိုင်းတွေ အများကြီးရှိပါတယ်။ ကိုယ့်ရဲ့ယောက်ျားတွေကို အားပေးကူညီပါ။ ပြည်သူ့ဘက်မှာ ရပ်တည်ဖို့ ဘယ်လိုနည်းနဲ့ ရပ်တည်ရ ရပ်တည်ရ ရပ်တည်ကူညီဖို့ အားပေးကူညီပါလို့ ကျွန်မပြောချင်တယ်။ နောက်တစ်ခု ကျွန်မတို့ အမျိုးသမီးပေါ့။ အမျိုးသမီးတွေက ဂုဏ်သိက္ခာရှိတယ်။ ဒီမိန်းကလေးဖြစ်ရတာ ကိုယ့်ဂုဏ်သိက္ခာနဲ့ ကိုယ်နေရတာပေါ့နော်။ လူသတ်၊ မီးရှို့၊ မုဒိမ်းကျင့်နေတဲ့ အဖွဲ့ရဲ့ ဂုဏ်သိက္ခာဆိုတာ မရှိတော့ဘူး။ ဒါကြောင့်မို့လို့လည်း အမျိုးသမီးတိုင်းသည်လည်း ကိုယ့်ရဲ့ ကိုယ်ကျင့်တရား၊ ကိုယ့်ရဲ့ ဂုဏ်သိက္ခာအတွက် ဒီအချိန်မှာ စဉ်းစားသင့်ပြီဆိုတဲ့ အကြောင်းပြောချင်ပါတယ်။

RFA ။ ။ အနာဂတ်မြန်မာနိုင်ငံရဲ့ တပ်မတော်ထဲမှာရှိမယ့် အမျိုးသမီးစစ်မှုထမ်းတွေပဲဖြစ်ဖြစ်၊ စစ်ဗိုလ်စစ်သားတွေရဲ့ ဇနီးမယားတွေရဲ့ ဘဝတွေကိုပဲဖြစ်ဖြစ် သူတို့ရဲ့ ဘဝတွေကို ဘယ်လိုဖြစ်စေချင်ပါသလဲ ခင်ဗျ။

ဖြေ။ ။ စစ်သည်အရာရှိတွေရဲ့ အမျိုးသမီးတွေကျတာ့ တပ်ရင်းမှူးကတော်အိမ်မှာ ကြီးနိုင်ငယ်ညှဉ်းဝါဒ၊ လူ့အခွင့်ရေးဆုံးရှုံးစွာနဲ့ စစ်သားမိန်းမ စစ်ဗိုလ်မိန်းမဆိုရင်အလုပ် မလုပ်ရဘူး တပ်ထဲပဲ လိုက်နေရမယ်။ ဒါမျိုးတွေလည်း ချိုးဖောက်ထားတာရှိတယ်။ နောက်တစ်ခုက ကျွန်လိုမျိုး၊ ကျွန်ဝယ်ရာမှာ အဆစ်ပါ။ ဒီယောကျ်ားက ကျွန်ခံရတဲ့ အပြင် မိန်းမကိုပါ ကျွန်ခံခိုင်းတယ်ပေါ့။ ဒီလို ဘဝမျိုးမရှိတဲ့ တပ်မတော်ပေါ့၊ နောက်တစ်ခုက စစ်သမီးတွေ၊ စစ်ဗိုလ်တွေဆိုရင်လည်း တချို့ယောက်ျားတွေနဲ့ တန်းတူ အခွင့်အရေးမရဘူး။ စစ်ဗိုလ်တွေ ခိုင်းမှ လုပ်ချင်တယ်။ စစ်သမီးတွေ အမျိုးသမီး စစ်ဗိုလ်တွေ ခိုင်းရင် မလုပ်ချင်ဘူး။ ဒီလိုမျိုးတွေလည်း ကြားဖူးတယ်။ ဆိုတော့ဂျန်တာ အီကွယ်လတီမရှိတဲ့ ဖိုဝါဒ ကြီးစိုးတဲ့ စစ်တပ်မှာ ကျွန်မတို့ အမျိုးသမီးတွေက ခေါင်းငုံ့ခံကြမလားပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတစ်ယောက် ဖြစ်လာရင် ကိုယ်ပိုင်အစွမ်းအစရှိတယ် လုပ်လို့ရတယ်။ ကိုယ့်အခွင့်အရေး ကိုယ်တည်ဆောက်လို့ ရတယ်ပေါ့နော်။ နောက်တစ်ခုက စစ်သားဟေ့ဆိုရင် တခြားနိုင်ငံမှာ ငေးကြည့်နေရတယ်။ ကျေးဇူးတင်လွန်းလို့၊ သူတို့နိုင်ငံကို ကာကွယ်စောင့်ရှောက်နေတဲ့ စစ်သားတွေပါ ဆိုပြီးတော့။ ပိုက်ဆံရှင်းလို့ လုပ်တဲ့နေရာတွေ ဦးစားပေးတယ်၊ တချို့တွေဆို သူတို့ရဲ့ ကတ်တွေ ထုတ်ပေးပြီးတော့ ဒီစစ်သားအတွက် ရှင်းပေးတာမျိုးတွေ ရှိတယ်ပေါ့။ သိပ်ကို ဂုဏ်သိက္ခာရှိတယ်ပေါ့။ အမျိုးသမီးစစ်ဗိုလ်တွေ ပြောပြတာဆိုရင် စစ်သားမိန်းမတွေ ပြောပြတာဆိုရင် သူတို့စစ်သားမိန်းမမှန်း သိလို့ရှိရင် သံပုံးတီးတယ်တဲ့။ မုန်းတီးနေပြီး သူတို့ကို ဈေးမရောင်းဘူးလို့ ပေါ်တင်ပြောတယ်။ ဒီလိုဘဝမျိုးမှာ တံတွေးခွက်မှာ အမျောခံမလား။ မြန်မာနိုင်ငံမှာ အားလုံး အတူတူနေကြတယ်။ ဒါပေမယ့် အားလုံးက ဒီမှာအေးအေးချမ်းချမ်းပဲ နေခဲ့ကြတာ။ နိုင်ငံကြီး ဖွံ့ဖြိုးတိုးတက်တာ လိုချင်တာ လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ်တစ်စု ကောင်းစားဖို့အတွက် ကိုယ့်ယောက်ျားကို ရှေ့တန်းမှာ အသေခံမလားပေါ့နော်။ ကျွန်မကတော့ ဒီတပ်မတော်ကို အဲဒီလိုမျိုး အတွင်းမှာ လူ့အခွင့်ရေးကောင်းမွန်စွာ ရရှိတဲ့စစ်တပ်၊ ပြီးရင် လူလိုသူလိုနေရတဲ့ စစ်တပ်၊ ကျွန်မတို့ မြန်မာနိုင်ငံကိုလည်း တကယ့်ကို ကာကွယ်စောင့်ရှောက်တဲ့ တပ်မတော် ဒါတွေ အားလုံးဖြစ်ဖို့ဆိုတာ ဒီစစ်တပ်ထဲကနေ သူတို့ခေါင်းထဲက ဝါဒမှိုင်းတွေကို ဖယ်ရှားရမယ်၊ နောက်ပြီးသူတို့ မိုင်းဆတ်(Mindset)တွေ အကုန်လုံးကောင်းအောင် ပြင်ပေးရမယ် မြင်မိပါတယ်။

RFA ။ ။ အဲဒီတော့ ဒီလိုဖြစ်ဖို့အတွက် တပ်မတော်ထဲမှာရှိနေတဲ့ ဇနီးမယားတွေရဲ့ကဏ္ဍက ဘယ်လောက်အရေးပါတယ်လို့ ဒေါ်စုသစ် ယူဆပါသလဲခင်ဗျ။

ဖြေ။ ။ အနာဂတ်မြန်မာနိုင်ငံမှာ ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်တစ်ခုဖြစ်ဖို့အတွက် ကျွန်မတို့ အရာရှိအကြပ်စစ်သည်တွေရဲ့ ဇနီးမယားတွေဟာ အင်မတန်အရေးပါပါတယ်ရှင်။ သူ့ယောက်ျားက သူများပစ္စည်းကို ခိုးတော့မယ် ဖျက်ဆီးတော့မယ်ဆိုပါတော့ ဒီမိန်းမက တားလိုက်ရင် မလုပ်ဖြစ်တော့ဘူးလေ။ နောက်ဆုံးပိတ် မင်းအောင်လှိုင်တောင်မှ သူ့မိန်းမက သူအာဏာသိမ်းမယ်ဆိုတာကို တားလိုက်လို့ရှိရင် ကျွန်မတို့ မြန်မာပြည်ကြီးတောင် ဒီလိုဖြစ်မှာ မဟုတ်ဘူးလေ။ ဒါကြောင့် ဇနီးမယားတွေဟာ အင်မတန် အရေးပါပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org