ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်နဲ့ မေးမြန်းချက်
လက်ပံတန်းမြို့မှာ ရောက်ရှိနေတဲ့ ပဲခူးတိုင်းဒေသ ကြီး၊ လက်ပံတန်းမြို့မှာ ရောက်ရှိနေတဲ့ သပိတ်မှောက်နေကြတဲ့ ကျောင်းသူ ကျောင်းသားတွေ က အမျိုးသားပညာရေးဥပဒေကို ပြည်ထောင်စု လွှတ်တော်က လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ပြင်ဆင်ပေးဖို့ တောင်းဆို လိုက်ပါတယ်။
-
2015-02-19 -
-
-
Your browser doesn’t support HTML5 audio
လက်ပံတန်းမြို့မှာ ရောက်ရှိနေတဲ့ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့မှာ ရောက်ရှိနေတဲ့ သပိတ်မှောက်နေကြတဲ့ ကျောင်းသူ ကျောင်းသားတွေက အမျိုးသားပညာရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်က လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ပြင်ဆင်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
လက်ပံတန်းမြို့မှာရှိနေတဲ့ ဗကသ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းသွေးသစ်ကို RFA သတင်းထောက်မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုမင်းသွေးသစ်နဲ့ မေးမြန်းချက်အပြည့်အစုံ
ဝေမာထွန်း။ ။ မန္တလေးကစတင်ထွက်ခွာလာတဲ့ အမျိုးသားပညာရေးဥပဒေကို ဆန္ဒပြနေတဲ့ ကျောင်း သားတွေက သဘောထားကြေညာချက် ထုတ်ပြန်လိုက်တာ တွေ့ရပါတယ်အကို၊ ထုန်ပြန်ဖြစ်ခဲ့ပုံလေးပြောပြပေးပါဦး အကို။
ကိုမင်းသွေးသစ်။ ။ အစိုးရဖက်ကကျနော်တို့ကို အငယ်တန်းတွေရဲ့စာမေးပွဲမှာ ကျနော်တို့က ရပ်ရွာအေးချမ်းရေး ထိခိုက်မယ်၊ စာမေးပွဲကိုထိခိုက်မယ်ပေါ့လေ၊ သပိတ် မရပ်နားပဲ ဆက်သွားနေတယ်ဆိုတဲ့ပုံစံမျိုး ပြည်သူနဲ့ ကျနော်တို့ကို တိုက်ပေးတဲ့ပုံမျိုး ပေါ့၊ ကျနော်တို့အနေနဲ့ကလဲ ပညာရေးကောင်းစေချင်လို့လမ်းပေါ် ထွက်ပြီးသပိတ် မှောက်နေတာ ကျနော်တို့နဂိုတည်းကစဉ်းစားထားတာက စာမေးပွဲကာလမှာ သပိတ် ခဏရပ်နားမယ်၊ ရပ်နားတာကလဲ စာမေးပွဲ ကာလတစ်ခု တည်းကိုရပ်နားတာမဟုတ်ပဲနဲ့ လွှတ်တော်ကိုမြန်မြန်လေးတွန်းအားဖြစ်အောင် ဖိအားအနေနဲ့ ရပ်တန့်တာမျိုးလဲဖြစ်ရ မယ်၊ ကျနော်တို့မူလရည်ရွယ်ချက်ရှိတယ်၊ အစောတည်းက ဆုံးဖြတ်ချက်ချထား ပါတယ်၊ အဲ့အတွက်သပိတ်ကို ၁၀ ရက်ရပ်နားသလို ရပ်နားနေတဲ့ ၁၀ ရက်အတွင်း ဒီဥပဒေကိုမဲခွဲဆုံးဖြတ်ပေးဖို့အတွက် တွန်းအားပေးတဲ့အနေနဲ့ ကြေညာချက်ထုတ်လိုက်တာပါ။
ဝေမာထွန်း။ ။ ကြေညာချက်ထဲမှာ ဖော်ပြထားတာတော့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထား ပြီးတော့ ဒီဥပဒေကိုအတည်ပြုမပေးဘူးဆိုရင် မန္တလေးက စတင်ထွက်ခွာလာတဲ့ကျောင်းသားတွေဟာ တခြား လမ်းကြောင်းကကျောင်းသားတွေနဲ့ ပူးပေါင်းသွားမယ်ဆိုပြီးတော့တွေ့ရပါတယ်၊ တခြားလမ်းကြောင်းကကျောင်း သားတွေနဲ့ ရောဘယ်လိုညှိနှိုင်းထားပါလဲအကို။
ကိုမင်းသွေးသစ်။ ။ ပင်မစစ်ကြောင်းထဲမှာမပါသေးတဲ့ တချို့ဗကသခရိုင်တွေ ရှိတယ်ပေါ့၊ အဲ့ဒီဗကသခရိုင်တွေကို လှမ်းညှိတာ ပင်မစစ်ကြောင်းမှာလူများ လာအောင်တကယ်လို့ ကျနော်တို့ပေးထားတဲ့ ၁၀ ရက်တွင်းမှာ လွှတ်တော်မှာ ဥပဒေတစ်ခုပြင်ဖို့ လုံလောက်တဲ့အချိန်သတ်မှတ်တယ်၊ တကယ်လို့ ၁၁ ရက်နေ့ လွှတ်တော်မှာ တစ်စုံ တစ်ရာ မဲခွဲဆုံးဖြတ်ချက်မှုမရှိသေးဘူးဆိုရင် ကျနော်တို့အင်နဲ့အားနဲ့ ရန်ကုန်ကို ရောက် အောင်ချီတက်မယ်၊ ကျနော်တို့က ဒီထက် အင်အားများနေဖို့လိုတဲ့အတွက် ပင်မစစ်ကြောင်းမှာ မူလတည်းကမပါတဲ့ အတွက် ကျောင်းသား၊ ကျောင်း သူတွေကို လှမ်းပြီးဆွေးနွေးပြီးတော့ခေါ်တယ်ပေါ့လေ၊ ဒီနေ့ဆိုရင် တောင်ကြီးခရိုင်က ကျောင်းသား ၆ ယောက် လာပေါင်းတယ်၊ ဧရာဝတီတိုင်းမှာရှိနေတဲ့ ကျန်ခဲ့တဲ့ကျောင်းသား တချို့က ဗကသကျောင်းသားတွေလဲ ကျနော်တို့ နဲ့ထပ်ပြီးလာပေါင်းတယ်၊ ပခုက္ကူတို့၊ ရေနံချောင်းတို့မှာရှိနေတဲ့ ကျောင်းသားတွေလဲ ကျနော်တို့နဲ့လာပေါင်းတယ်၊ ကျန်တဲ့ သပိတ်ရပ်နားခဲ့တဲ့ စစ်ကြောင်း ၂ ကြောင်းက သပိတ်စစ်ကြောင်းမှာပါဝင်တဲ့ ကျောင်းသားတွေရဲ့ဆုံးဖြတ်ချက် အရ ၁၁ ရက်မြောက်နေ့မှာ သူတို့ဘယ်လိုဆက်သွားမယ်ဆို တာတော့မသိသေးပါဘူး၊
ဝေမာထွန်း။ ။ လွှတ်တော်ဖက်က လာမယ့်ဘတ်ဂျက်နှစ်အတွက် ဘတ်ဂျက် ဥပဒေကိုလဲ ဆွေးနွေး သွားဖို့ရှိတဲ့အခါကျတော့ အမျိုးသားပညာရေး ဥပဒေကြမ်း အတွက်လဲ အချိန်ပေးရဖို့ရှိတဲ့အခါကျတော့ အကိုတို့ သတ်မှတ်လိုက်တဲ့ ၁၀ ရက်အတွင်းမှာ သူတို့အနေနဲ့ ဆွေးနွေးဖြစ်မယ်လို့ အကိုတို့ ထင်လားရှင့်။
ကိုမင်းသွေးသစ်။ ။ ၁၀ ရက်အချိန်ပေးထားတာက လွှတ်တော်တစ်ခုအနေနဲ့ ဥပဒေတစ်ခုတင်ဖို့ လုံလောက်တယ် လို့မြင်ပါတယ်၊ နည်းဥပဒေရေးဆွဲပြီးသား ဥပဒေဖြစ်နေတယ်၊ ဥပဒေအရေးတကြီးရေးဆွဲနေတဲ့ ကာလမှာတောင်မှ လောက်ကိုင် ဒေသမှာဖြစ်နေတဲ့ ကိစ္စအပေါ်မှာ အရေးတကြီးအဆိုတင်နိုင်ခဲ့တယ်၊ ထိုနည်းတူပဲ တနိုင်လုံးကစိတ်ဝင်စားနေတဲ့ ပညာရေးဥပဒေဖြစ်နေတဲ့အတွက် ဒါကိုလဲ အရေးကြီးအဆိုအနေနဲ့ ဆုံးဖြတ်လို့ရတယ်လို့ ကျနော်တို့မြင်ပါတယ်။
ဝေမာထွန်း။ ။ အမျိုးသားပညာရေး ပြင်ဆင်တဲ့ဥပဒေမူကြမ်းကို လွှတ်တော်မှာဆွေးနွေးတဲ့အခါကျရင်ရော သွားရောက်ကြားနာဖို့အကိုတို့ကို လွှတ်တော်ဖက်က တစ်စုံတစ်ရာအကြောင်းကြားတာမျိုးရှိပြီလားရှင့်။
ကိုမင်းသွေးသစ်။ ။ ရှိပါတယ်ခင်ဗျ၊ ကျနော်တို့ NNER ရယ်၊ ကျနော်တို့ ကျောင်းသားသမ္မဂကိုယ်စားလှယ်တွေရယ် လွှတ်တော်မှာ ဥပဒေဆုံးဖြတ်ချက် အတည်ပြုတဲ့နေ့ကျရင် လာရောက်ကြားနာဖို့အတွက် ဖိတ်ခေါ်ထားတာရှိပါတယ်၊ အဲ့နေ့လဲ ကျနော်တို့သွားမှာပါ၊
ဝေမာထွန်း။ ။ အစိုးရဖက်က ဆန္ဒပြကျောင်းသားတွေ ရန်ကုန်ကိုဝင်ရောက် တယ်ဆိုရင် ဥပဒေအရအရေးယူပြီးတော့ ထုတ်ပြန်ထားတာလဲရှိတယ်၊ ဒီ ၂၈ ရက်နေ့ နောက်ဆုံးထားပြီးတော့ ဥပဒေကို အတည်ပြုမပြဌာန်းပေးနိုင်ရင် ရန်ကုန်ကို ဝင်မယ်ဆို တော့ဘယ်လိုအခြေအနေတွေဖြစ်လာနိုင်မယ်လို့ အကိုတို့ထင်လဲရှင့်။
ကိုမင်းသွေးသစ်။ ။ ကျနော်တို့ကတော့ အစိုးရပိုင်းကပြောဆိုနေတာတွေ၊ ပြင်ဆင် နေတဲ့အပိုင်းတွေ သိပ်တော့ထည့်မတွက်ပါဘူး၊ ကျနော်တို့ကို အချိန်မရွေးဖြိုခွင်း လို့ရတယ်၊ ကျနော်တို့ကို အချိန်မရွေးထောင်ချလို့ရတယ်ဆိုတာ ကျနော်တို့သိတယ်၊ ဒါတွေကို ကျနော်တို့ထည့်မတွက်ပါဘူး၊
ဝေမာထွန်း။ ။ အစိုးရဖက်ပိုင်းကရော လုံခြုံရေးအရ အကိုတို့ကို ကူညီပေးတာ မျိုးရှိလားရှင့်၊
ကိုမင်းသွေးသစ်။ ။ အစိုးရပိုင်းကရော လုံခြုံရေးအရ ကူညီပေးတာမျိုးမရှိပါဘူး၊ ဒါပေမယ့် ကျနော်တို့ကျောင်းသားတွေ တည်းခိုနေတဲ့ ဘုန်းကြီးကျောင်းကအဝင် အထွက်တွေကို ဘုန်းကြီးကျောင်းပတ်ဝန်းကျင်မှာ အမြဲတမ်းလာစောင့် ကြည့်နေတာ တွေရှိတယ်၊
ဝေမာထွန်း။ ။ ကိုမင်းသွေးသစ် အခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်။
ကိုမင်းသွေးသစ်။ ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။