အကျင့်ပျက် ခြစားမှု


NLD အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် မြင့်တက်နေတာတွေ၊ အခွင့်အလမ်း မညီမမျှ ဖြစ်နေတာတွေကို ပြုပြင်ပြောင်းလဲမှုတချို့ လုပ်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ ပုဂ္ဂလိကကဏ္ဍမှာရော၊ အစိုးရ ဌာနဆိုင်ရာပိုင်းမှာပါ အကျင့်ပျက်ခြစားမှုတွေ ကျန်နေဆဲပဲ ဖြစ်ပါတယ်။ နောင်တက်လာမယ့် အစိုးရအနေနဲ့ ဒီပြဿနာကိုလည်း သေချာပေါက် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

NLD အစိုးရဟာ အကျင့်ပျက်ခြစားမှု တိုက်ဖျက် ရေးအတွက် ဥပဒေအရရော၊ လုပ်ထုံးလုပ်နည်းတွေအရပါ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခဲ့ပြီး၊ အဂတိလိုက် စားတဲ့ အစိုးရအရာရှိတွေ၊ ကုမ္ပဏီ အရာရှိတွေကို တရားစွဲ အကျဉ်းချခဲ့ပါတယ်။ အထင်ရှားဆုံးအမှု တစ်ခုကတော့ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်ရဲ့အမှု ဖြစ်ပြီး အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ်အနှစ် ၃၀ ချမှတ်လိုက်တာပါ။ ဒီဆောင်ရွက်ချက်တွေကြောင့် နိုင်ငံတကာ အကျင့်ပျက်ခြစားမှု လေ့လာစောင့်ကြည့်တဲ့ Transparency International အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၁၉ ခုနှစ်အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်ကထက် အဆင့်နှစ်ဆင့် တိုးတက်လာတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၃၀ မှာပဲ ရှိနေသေးပြီး၊ ဒါဟာ မက္ကဆီကိုနိုင်ငံနဲ့ ကွန်မြူနစ်အစိုးရအုပ်ချုပ်တဲ့ လာအိုနိုင်ငံတို့ အဆင့်လောက်မှာ ရောက်နေတာပါ။