ပြည်သူ့ သတင်းသမား
-
2011-04-20 -
-
-
ပြည်သူ့ သတင်းသမားများ RFA သို့ သတင်းပေးလိုလျှင်
Citizen Journalist လို့ ခေါ်ကြတဲ့ တာဝန်သိ နိုင်ငံသားများ၊ ပြည်သူ့ သတင်းသမားများ သတင်းပေးပိ့ုတာမျိုးကို RFA အနေနဲ့ အများကြီး တန်ဖိုးထားပါတယ်။ သူတို့တွေက အခင်း သတင်းဖြစ်တဲ့ နေရာတွေကို ဦးဦးဖျားဖျား ရောက်ရှိပြီး ကိုယ့် ရပ်နီးရပ်ဝေး အသိုင်းအဝိုင်း၊ ကိုယ့်ပြည်သူတွေအတွက် သတင်းပို့ဖို့အတွက် ဘာတွေ အရေးကြီးတယ်ဆိုတာ ကိုယ့်ဖာသာကိုယ် ရွေးကြပါတယ်။
အဖြစ်အပျက်တွေ ဖြစ်ပွားနေချိန်မှာ ဗီဒီယို၊ ဓာတ်ပုံ၊ ဒါမှမဟုတ် စာသားတို့အပြင် လူမှုမီဒီယာ အင်တာနက် စာမျက်နှာတွေမှာ တခြားလူတွေနဲ့ ဆက်သွယ်ပြောဆိုရာကတဆင့် သတင်းပို့ဖို့အတွက် အထောက်အကူ ဖြစ်စေမဲ့ လမ်းညွှန်ချက်တချို့ ဒီနေရာမှာ ပေးထားပါတယ်။
အင်တာနက်စာမျက်နှာများအတွက် ဗီဒီယို ရိုက်ခြင်း
အင်တာနက်စာမျက်နှာများအတွက် ရေးသားခြင်း
ယဉ်ယဉ်ကျေးကျေး အပြန်အလှန် ပြောဆိုခြင်း
အင်တာနက်စာမျက်နှာများအတွက် ဗီဒီယို ရိုက်ခြင်း
၁။ RFA အတွက် ဗီဒီယို ရိုက်မယ်ဆိုရင် လိုက်နာရမဲ့ RFA စည်းကမ်းချက်များ (terms of use) ကို အရင်ဖတ်ပါ။
၂။ ကိုယ့်ရဲ့ ပစ္စည်းကိရိယာများနဲ့ ရင်းနှီးကျွမ်းဝင်အောင် အရင်လုပ်ထားပါ။ ဗီဒီယိုကင်မရာ၊ ဆဲလ်ဖုန်း၊ ဒါမှမဟုတ် သုံးစရာရှိမဲ့ တခြားကိရိယာတွေရော၊ ကင်မရာထောက် (tripod) ရှိခဲ့ရင် ကင်မရာထောက်နဲ့ပါ အဆင်ပြေသွားတဲ့အထိ အိမ်မှာ ၄-၅ ကြိမ် အစမ်းရိုက်ကြည့်ပါ။
၃။ ဖြစ်ပျက်နေတဲ့ အကြောင်းအရာ အားလုံးကို ဗီဒီယို ရိုက်မှာ မဟုတ်ဖူးဆိုတာ မမေ့ပါနဲ့ ။ အခြေအနေတရပ်၊ ဇာတ်ကောင်တယောက် ဒါမှမဟုတ် နေရာတနေရာကို သိမြင်နိုင်အောင် ပြကွက်တခု ပေးလိုက်တာသာ ဖြစ်ပါတယ်။
၄။ ပုံသေ မြင်ကွင်းကျယ်နဲ့ စပြီး ၁၅ စက္ကန့် ရိုက်ထားပါ။ အဲဒီအချိန်မှာ သင်ဘယ်မှာလဲ၊ ဘယ်ရက်စွဲလဲ၊ ဘယ်အချိန်လဲ၊ ရိုက်ချက်ထဲမှာ ဘယ်သူပါသလဲ ဆိုတာ ပြောပါ။ ပြီးတော့ (zoom in) အနီးကပ် ဆွဲရိုက် ဒါမှမဟုတ် (pan) မြင်ကွင်းချဲ့ပြီး ပုံသေ နောက်တကွက်ကို နောက်ထပ် ၁၅ စက္ကန့်ခန့် ရိုက်ထားပါ။
၅။ နိဒါန်းပျိုးပြီးတဲ့အခါမှာ စကားမပြောပါနဲ့တော့။ အသွားအလာ ရှုပ်နေတဲ့ လမ်းမပေါ်က အသံတွေလို သဘာဝအသံတွေကို ကြားရဖို့ လိုပါတယ်။ သတင်းအတွက် အသံက အရေးကြီးပါတယ်။ ဗီဒီယို ရိုက်တာဟာ စက္ကန့် ၃၀ ဓာတ်ပုံရိုက်သလိုပါပဲ။ ဝဲ(သို့)ယာ ဝှေ့ပြီး တခါရိုက်တိုင်း ခေါင်းထဲမှာ ၃၀ အထိ ရေတွက်ပါ။
၆။ ရိုက်ကွက်များရဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေကို သတိပြုပါ။ ဖြစ်နိုင်ရင် ရှုပ်ထွေးတဲ့ နောက်ခံမြင်ကွင်းတွေကို ရှောင်ပါ။
၇။ လူတယောက်ကို အင်တာဗျူး လုပ်နေတာဆိုရင် အင်တာဗျူး အလုပ်ခံနေသူနဲ့ သုံးပေအကွာ ကင်မရာထောက်ပေါ်မှာ ထားပါ။ ကင်မရာထောက်မရှိရင် စာအုပ်တွေကို ဆင့်ပါ။ ဒါမှမဟုတ် ကင်မရာကို ငြိမ်အောင်ထိန်းထားနိုင်မဲ့ အရာတခုခုကို သုံးပါ။ အင်တာဗျူးလုပ်နေသူကို မေးခွန်းနှစ်ခု မေးပြီး ရိုက်ပါ။ ဒီလို ရိုက်တာ ၅ မိနစ် မကျော်ပါစေနဲ့။ အင်တာဗျူးပြီးရင် (B roll လို့ ခေါ်တဲ့) ဇာတ်လမ်းရဲ့ ဘေးပတ်ဝန်းကျင်ကို ရိုက်ပါ။ ဒါက ၁၀ မိနစ်ထက် မကျော်ပါစေနဲ့။
၈။ ကင်မရာကို ဘေးဝဲယာ အပြန်ပြန် လှည့်ရိုက်တာ၊ နီးလိုက်ဝေးလိုက် ဆွဲရိုက်တာမျိုးကို ရှောင်ပါ။ ရိုက်ကွက်တွေကို ပုံသေထားပြီး တကယ် အာရုံကို ဆွဲဆောင်ဖမ်းစားမဲ့ အချိန်ကို မိအောင် ရှာပါ။ တချိန်လုံး ဝဲယာဝှေ့ပြီး ရိုက်နေမယ်၊ အနီးကပ်လိုက်အဝေးဆွဲလိုက် ရိုက်နေမယ် ဆိုရင် ကင်မရာလှုပ်ရှားမှုကြောင့် တကယ် အရေးပါတဲ့ ရိုက်ကွက်ရဲ့ သက်ရောက်မှု ပျောက်ဆုံးသွားပါမယ်။
၉။ ဗီဒီယိုတို့ တီဗွီတို့တွေက အလျားလိုက် ပြတာမို့ အလျားလိုက်အကွက်တွေကို ရိုက်ပါ။ ထောင်လိုက် အကွက်တွေကို မရိုက်ပါနဲ့။
၁၀။ အလင်းရောင်ပြန်ဟပ်တာတွေကို သတိပြုပါ။ အဖြူရောင် အလင်းပြန်တာတွေ မဖြစ်အောင် ပြူတင်းပေါက်၊ မှန် ဒါမှမဟုတ် ပြောင်ပြောင်လက်လက်တွေကို တည့်တည့် မရိုက်ပါနဲ့။
၁၁။ ညဖက် ရိုက်ရမယ်ဆိုရင် ကိုယ်က မြင်နိုင်ရင်တောင်မှ ကင်မရာမှာ မှောင်လွန်းနိုင်တယ် ဆိုတာ သတိပြုပါ။ အလင်းရောင်ပေးတဲ့ အရာတွေနားမှာ နေပါ။
အင်တာနက်အတွက် သတင်းရေးသားခြင်း
ဘယ်သူက ဘာလုပ်တယ်ဆိုတာ ရိုးရှင်းတဲ့ စကားလုံးတွေ သုံးပြီး ရေးပါ။
ဝါကျတွေကို တိုတို တုတ်တုတ်နဲ့ အကြောင်းအရာတခုကို ဝါကျတခု ရေးပါ။
နောက်ဆုံးဖြစ်ပေါ်မှုတွေနဲ့ စရေးပါ။ ဒါပေမဲ့ စာဖတ်သူတွေက အခြေအနေကို သိနိုင်အောင် လိုအပ်တဲ့ နောက်ခံ ဇာတ်ကြောင်းကိုလဲ ပြောပြပါ။
ဂုဏ်ပုဒ်တွေက ရှုပ်ထွေးပြီး သီးခြားဝါကျနဲ့ ဖော်ပြဖို့ လိုတဲ့အခါမျိုးက လွဲရင် နာမယ် ဂုဏ်ပုဒ်တွေကို တတ်နိုင်သမျှ ရိုးရိုးရှင်းရှင်း ထားပြီး နာမယ်ကို မပြောခင် အရင်ပြောပါ။ ဥပမာ၊ တောင်ကိုရီးယား သမတ လီမျောင်ဘတ်၊ ဒါမှမဟုတ် မစ္စတာ လီ၊ ဒါမှမဟုတ် နာမယ်အစ အင်္ဂလိပ်စာလုံးတွေ ဖြစ်တဲ့ 'အမ်ဘီ' လို့ ခေါ်တဲ့ စသဖြင့် ပြောပါ။
ယထာဘူတ ကျကျ ဖော်ပြပါ။ သင် အင်တာဗျူးလုပ်နေသူက သူ့ ထင်မြင်ချက်တွေကို ပြောနိုင်ပေမဲ့ ကိုယ်က ကိုယ့်အယူအဆကို မပြောရပါဘူး။
ကိန်းဂဏန်းတွေကို တတ်နိုင်သမျှ အနည်းဆုံးပဲ သုံးပါ။ နောက်ခံ အခြေအနေ မဖော်ပြပဲ ဘယ်တော့မှ မသုံးပါနဲ့။ ဆိုလိုတာက ပြီးခဲ့တဲ့လထက် ပိုများသလား၊ ပိုနည်းသလား၊ ဒါမှမဟုတ် အိမ်နီးချင်းနိုင်ငံမှာလား၊ (ကွာခြားမှုကို ရာခိုင်နှုန်း ကိန်းဂဏန်းနဲ့ ဖော်ပြနိုင်ရင် ပိုကောင်းပါတယ်)။ ပြီးတော့ ဒီအချက်အလက်က သတင်းထဲမှာ ပါလောက်အောင် ဘာလို့ အရေးကြီးတယ်ဆိုတာ ရှင်းပြပါ။
စကားပြောသလို ရေးပါ။ ရေးပြီးရင် သင့်ရေးသားချက်ကို အသံထွက်ဖတ်ပါ။
ကိုယ့်အချင်းချင်း ပြောသလို ပြောပါ။ အမည်မသိတဲ့ လူအုပ်ကို ပြောနေတဲ့ပုံစံထက် မိတ်ဆွေတယောက်ကို ဇာတ်လမ်းတခု ပြောပြနေတဲ့ ပုံစံမျိုး စိတ်ကူးကြည့်ပါ။
ဗီဒီယိုတခုအတွက် အသံထပ်ဖို့ ရေးပေးနေတာ ဆိုရင် ရုပ်ပုံကို ချဲ့ထွင်ကြည့်ပါ။ ပေါ်လွင်ထင်ရှားနေတဲ့ အရာတွေကို အသေးစိတ် ပြောမနေပါနဲ့။ ရုပ်ပုံတွေနဲ့ သင့်ဇာတ်လမ်းနဲ့ ဆန့်ကျင်ဖက် မဖြစ်ပါစေနဲ့။ ဥပမာ၊ ဘေးအန္တရာယ် ကျရောက်တဲ့ အကြောင်းတခုကို ပြောနေတာဆိုရင် ပြုံးပျော်နေတဲ့ ကလေးတွေကို မပြပါနဲ့။ မိုးခေါင်ရေရှားမှုအကြောင်း ရေးနေရင် ရေစီးနေတာတွေ မပြပါနဲ့။
ယဉ်ကျေးစွာ အပြန်အလှန် ပြောဆိုခြင်း
ကိုယ့်အယူအဆ သဘောထား ထင်မြင်ချက်တွေနဲ့ ပတ်သက်ရင် ကျွန်ုပ်တို့ဟာ ခံစားချက်တွေ ပြင်းပြတတ်ကြပေမဲ့ ကိုယ်ပြောလိုတာတွေကို သူတပါး နားထောင်စေချင်ရင် ယဉ်ယဉ်ကျေးကျေး ပြောဆိုရပါမယ်။
လူမှုရေး မီဒီယာတွေက သင့်ရဲ့ အပြန်အလှန် ပြောဆိုချက် အပါအဝင်၊ သင့်ရဲ့ သတင်းပေးပို့ချက် အပေါ် အလေးထားခံရစေ ဖို့ အတွက် လမ်းညွှန်ချက်တချို့ အောက်မှာ ဖော်ပြထားပါတယ်။
သတင်းတပုဒ် ပေးပို့တဲ့အခါ ဒါမှမဟုတ် YouTube, Facebook တို့လို လူမှုကွန်ရက် တွေမှာ ဝင်ရောက် ဆွေးနွေးတဲ့အခါ တတ်နိုင်သမျှ သင် မည်သူမည်ဝါ ဆိုတာ ပြောပြပါ။
အပြစ်တင်ခံရတဲ့အခါ ဒါမှမဟုတ် ဆဲဆိုခံရတဲ့အခါ သူတပါးကို ဒေါသနဲ့ ပြောဆိုတာထက် စိတ်မကောင်းတဲ့ လေသံနဲ့ ပြောပါ။
သာမန်လေသံနဲ့ ရှင်းပြပြီး အချက်အလက်တွေပဲ မြဲမြဲကိုင်ထားပါ။
လူတွေကို သူတို့ ခံစားချက်တွေ အတွက် ထွက်ပေါက်ပေးပါ။ လူတွေက လိုဘမပြည့်တဲ့အခါ ဒေါသထွက်တတ်ပါတယ်။ ဒါပေမဲ့ သူတို့ကို "ခင်ဗျားဆိုလိုတာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ဒီအကြောင်း ဆွေးနွေးတဲ့အခါမှာ ဆဲဆိုဖို့တော့ မလိုပါဘူး" ဆိုတဲ့ စည်းကမ်းတွေကို သတိပေးလိုက်ပါ။
သူများပြောဆိုတာတွေကို စိစစ် ပိတ်ပင်တာတွေ မလုပ်ပါနဲ့။ သူတို့ကို လျစ်လျူရှုတာလည်း မလုပ်ပါနဲ့။
မိမိကိုယ်တိုင်က ပြောချင်တာကို ပြောပါ။ သူတပါးရဲ့ ယုံကြည်စိတ်ချမှု ရအောင် ပုဂ္ဂိုလ်ရေးဆန်ရမှာ ဖြစ်ပေမဲ့ သတိလည်း ရှိရပါမယ်။ ဘယ်တော့မှ စိတ်လိုလက်ရ မတုံ့ပြန်ပါနဲ့။
RFA ရဲ့ အသုံးပြုရာတွင် လိုက်နာရန် စည်းကမ်းများ (terms of use) ကို ဖတ်ပြီး အခြားသူတွေကိုလည်း ဖတ်ဖို့ သတိပေးပါ။
ဗီဒီယိုသတင်း ဒါမှမဟုတ် ဓာတ်ပုံလို တခြား တခုခု ပို့ပေးချင်ရင် တတ်နိုင်သလောက် ကြိုတင်ပြီး RFA မြန်မာဌာနကို ဆက်သွယ်ပါ။ RFA မှ အယ်ဒီတာတယောက်နဲ့ ပြောဆိုပြီးမှ မိမိရဲ့ သတင်းတွေကို ပို့တာက အကောင်းဆုံးပါ။ ဒါပေမဲ့ အခြေအနေတချို့မှာ ဒီလို လုပ်ဖို့ မလွယ်ဘူးဆိုတာကို နားလည်ပါတယ်။
RFA ဘာသာစကားအလိုက် ဌာနများရဲ့ အီးမေးလ် လိပ်စာတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။
မြန်မာဘာသာ burweb@rfa.org
ကန်တုန် တရုတ်ဘာသာ cnews@rfa.org
ခမာ (ကမ္ဘောဒီးယား) khmer@rfa.org
ကိုရီးယား nk@rfa.org
လာအို laoweb@rfa.org
မန်ဒရင် တရုတ်ဘာသာ putonghwa@rfa.org
တိဘက် tibetnews@rfa.org
ဝီဂါ uygweb@rfa.org
ဗီယက်နမ် vietweb@rfa.org
အင်တာနက် အွန်လိုင်း နည်းစနစ်အမျိုးမျိုးကို အသုံးပြုပြီး ဗီဒီယိုတွေ၊ ဓာတ်ပုံ၊ ရုပ်ပုံတွေ ပို့နိုင်ပါတယ်။
ဥပမာတချို့ကို ဒီမှာ ကြည့်နိုင်ပါတယ်။
ဒါမှမဟုတ် Skype, Gmail စတာတွေကို သုံးနိုင်ပါတယ်။