စာနယ်ဇင်းဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများ

2021.09.24

အမြင့်ဆုံး စာနယ်ဇင်းပညာစံနှုန်းများကို တိကျစွာ လိုက်နာခြင်းသည် RFA ၏ အရေးအပါဆုံး မူလတာဝန် ဖြစ်သည်။ RFA သတင်းများ (သို့) ရေဒီယို အစီအစဉ်များအတွက် သတင်းစုဆောင်းရယူသူ၊ တင်ပြသူ (သို့) ထုတ်လုပ်ဖြန့်ဝေသူ သတင်းထောက်များအားလုံးသည် လုပ်ငန်းပိုင်းဆိုင်ရာနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာများကို အလေးအနက်ထားရမည့်အပြင် အောက်ဖော်ပြပါ အခြေခံစည်းမျဉ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

  • လွတ်လပ်သောအာရှအသံမှ ထုတ်လွှင့်သည့် သတင်းများ၊ အစီအစဉ်များသည် မှန်ကန်တိကျမှု၊ မျှတမှု ရှိရမည်။

  • RFA သတင်းထောက်များသည် ဘက်လိုက်မှု ကင်းရမည်၊ ပုဂ္ဂလိကခံစားချက် မပါစေရ။ မည်သည့် ပုဂ္ဂိုလ်၊ အသင်းအဖွဲ့ သို့မဟုတ် အစိုးရများကိုမျှ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း၊ ငြင်းခုန်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ပုတ်ခတ်ပြောဆိုခြင်း မပြုရ။ RFA သတင်းထောက်များသည် သတင်းနားထောင်သူ ပရိသတ်ကို ဆွယ်တရားဟောခြင်း၊ အပေါ်စီးမှ ပြောဆိုခြင်းများ မပြုလုပ်ရ။

  • RFA သတင်းထောက်များသည် သတင်းနားထောင်သူ သောတရှင်များကို အာဏာဖီဆန်စေခြင်း၊ မိမိတိုင်းပြည်ကို စွန့်ခွာစေခြင်းများ ဖြစ်ပေါ်အောင် လှုံ့ဆော်အားပေးမှု မပြုရ။ သတင်းလွတ်လပ်စွာ စီးဆင်းနိုင်ခြင်း ဟူသော ဒီမိုကရေစီ၏ အနှစ်သာရအတိုင်း ထင်မြင်ယူဆချက်၊ သဘောထားများကို ရှုထောင့်စုံမှတင်ပြ၍ သတင်းလွတ်လပ်စွာ စီးဆင်းနိုင်ရန် အားထုတ်ရမည်။

  • RFA သတင်းထောက်များသည် ကောလာဟလများ၊ မမှန်မကန်သတင်းများကို မည်သည့် သတင်းဆောင်းပါး၊ အစီအစဉ်တွင်မျှ မပါဝင်စေရ။ ဖြစ်နိုင်လျှင် သတင်းရင်းမြစ် တစ်ခုထက်ပိုပြီး မေးမြန်းရမည်။

  • အကယ်၍ အမှားတစ်စုံတစ်ရာကို အသံလွှင့်မိခြင်း၊ ပုံနှိပ်ဖော်ပြမိခြင်း၊ ကောက်ချက်ချမိခဲ့ခြင်းများ ရှိခဲ့လျှင် မိမိ သတင်းအမှား ထုတ်လွှင့်ခဲ့ရာ (ရေဒီယို အစီအစဉ်၊ ပုံနှိပ်သတင်း) အစီအစဉ်မှတစ်ဆင့် မဆိုင်းမတွ ဝန်ခံတောင်းပန်၍ အမှားပြင်ဆင်ချက်ကို တင်ပြပေးရမည်။

  • RFA သတင်းထောက်များသည် အခြား သတင်းဌာနတစ်ခုခုမှ ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခုမှ ဖြစ်စေ၊ သတင်းရင်းမြစ် တစ်စုံတစ်ရာကို အသုံးပြုလျှင် မိမိအသုံးပြုသော သတင်းဌာန၊ အဖွဲ့အစည်း၏ အမည်နှင့် သတင်းရင်းမြစ်ကို အပြည့်အစုံ ဖော်ပြပေးရမည်။

  • ပြည်တွင်းမှ သောတရှင်များအတွက် ဦးစားပေး ရည်ရွယ်ထုတ်လွှင့်လျှက်ရှိသည့် RFA သတင်းဌာနမှ သတင်း‌ထောက်များသည် မည်သည့် နိုင်ငံရေးပါတီ၊ အတိုက်အခံအဖွဲ့အစည်း၊ ပြည်ပရောက် အဖွဲ့အစည်း၊ ဘာသာရေးအဖွဲ့အစည်းများနှင့်မျှ မပတ်သက်ရ။ နိုင်ငံရေးအယူအဆ တစ်စုံတစ်ခုကို ထောက်ခံအားပေးသည့် ပုံစံမျိုး ပြောကြားခြင်းအားဖြင့် RFA ၏ ဘက်မလိုက်သော ရပ်တည်ချက်ကို ထိခိုက်ပျက်ပြားစေခြင်း၊ ထိခိုက်ပျက်ပြားစေနိုင်သည့်အမြင် ရှိလာစေနိုင်သည့် လုပ်ရပ်များ မပြုလုပ်ရ။

  • RFA သတင်းထောက်များသည် ပြင်ပဆောင်းပါးရှင်များ၏ အမည်ကို ရှင်းလင်းစွာဖော်ပြပေး၍ ၎င်းထုတ်လွှင့်ချက်များသည် RFA ၏ အမြင်သဘောထား တစ်စုံတစ်ရာ မပါဝင်ကြောင်း ရှင်းပြပေးရမည်။ ဌာနအနေဖြင့် ထိုပြင်ပဆောင်းပါးရှင်များ၏ ပြောဆိုချက်များကို လိုအပ်သလို ဖြတ်တောက်၍ သတင်းနှင့်အစီအစဉ်များတွင် အသုံးပြုရန် ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိသည်။

  • RFA သတင်းထောက်များသည် သတင်းရင်းမြစ်ပုဂ္ဂိုလ်များထံမှ ဖြစ်‌စေ၊ RFA သတင်းများနှင့် အစီအစဉ်များကို ဩဇာသက်ရောက်နိုင်စေသူများထံမှ ဖြစ်စေ၊ တန်စိုးလက်ဆောင် ယူခြင်း၊ အခွင့်ထူးယူခြင်းများ မပြုလုပ်ရ။

  • RFA သတင်းထောက်များသည် RFA နှင့်ပတ်သက်သည့် လုပ်ငန်းတာဝန်များကို ထိခိုက်စေသော မည်သည့်ပြင်ပလုပ်ငန်းနှင့် လှုပ်ရှားမှုများကိုမျှ မဆောင်ရွက်ရ။ အကယ်၍ RFA ကို ကိုယ်စားပြု၍ ဟောပြောခြင်း အပါအဝင် လူထုရှေ့တွင် လုပ်ကိုင်ရမည့် လုပ်ငန်းတစ်ခုခုကို ပြင်ပတာဝန် သို့မဟုတ် လှုပ်ရှားမှုတစ်ခုအနေနှင့် ဆောင်ရွက်ရန် ရှိလာပါက RFA ၏ရပ်တည်ချက် အကျိုးစီးပွားများနှင့် ကွဲလွဲမှုဆိုင်ရာ မူဝါဒတွင် ဖော်ပြထားသည့်အတိုင်း ခွင့်ပြုချက် ရယူရမည်။

  • RFA သတင်းထောက်များသည် RFA နှင့်ပတ်သက်သော လုပ်ငန်း‌ဆောင်တာများ ဆောင်ရွက်ရာတွင် အခြား မည်သည့်အဖွဲ့အစည်း၊ သတင်းဌာန၊ အစိုးရနှင့် NGO များကို ကိုယ်စားပြုသူများအဖြစ် ပြောဆိုခြင်းမပြုရ။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။